မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ယခင် နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းအတိုင်းဆက်လုပ်ရန် အကြောင်းပြန်ထားပြီး အစိုးရဘက်ကမူ ညှိနှိုင်းမှုများပြုလုပ်၍ ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ယခင် နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းအတိုင်းဆက်လုပ်ရန် အကြောင်းပြန်ထားပြီး အစိုးရဘက်ကမူ ညှိနှိုင်းမှုများပြုလုပ်၍ ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်
Published 18 August 2020
မင်းနိုင်စိုး၊ အောင်မင်းသိန်း

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အကြား ယခင်နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းပုံစံအတိုင်း ဆက်လက်လုပ်ဆောင်ရန် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က အစိုးရထံ အကြောင်းပြန်ထားပြီး အစိုးရဘက်ကမူ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့အကြား ညှိနှိုင်းမှုများပြုလုပ်၍ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၁၇ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှု အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခင်က မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အကြား ညှိနှိုင်းထားသော နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းပုံစံမှာ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခြင်း၊ ထို့နောက် Bilateral ဆွေးနွေးခြင်းနှင့် နောက်ဆုံး NCA သို့ သွားခြင်းပုံစံအား သဘောတူ၍ အဆိုပါ ပုံစံအတိုင်းမြောက်ပိုင်း မဟာမိတ်လေးဖွဲ့နှင့် ဆွေးနွေးခဲ့ကြောင်း ဦးဇော်ဌေးက ရှင်းလင်းပြောကြားသည်။

သို့သော်လည်း KIA ၊ TNLA ၊ MNDAA နှင့် AA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သော အလွတ်သဘောဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းအား အစည်းအဝေးမှတ်တမ်းပုံစံဖြင့်သွားရန် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဘက်က အစိုးရထံအဆိုပြုခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ ကျိုင်းတုံပွဲ၊ မူဆယ်ပွဲ နောက်ဆုံး ကူမင်းပွဲပေါ့နော်။ ပြန်ဆွေးနွေးတဲ့အခါမှာ Process အပေါ်မှာ မကျေလည်ဘူး။ သူတို့ဘက်က လေးဖွဲ့သွားပြီးရင် တစ်ဖွဲ့ချင်း Bilateral မရှိတော့ဘူး။ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတော့ အစည်းအဝေးမှတ်တမ်းပုံစံနဲ့ သွားမယ်။ ဆွေးနွေး၊ တပ်နေရာချထားရေးတို့ ထိပ်တိုက်တိုက်ပွဲမဖြစ်ရေး ဆွေးနွေးညှိနှိုင်း၊ အစည်းအဝေးမှတ်တမ်းအဖြစ်နဲ့ ထားပေါ့နော်။ မဟုတ်ဘူး။ ကျွန်တော်တို့ သဘောတူထားတာက လေးဖွဲ့သွား Bilateral သွား၊ ပြီးရင် NCA သွားပေါ့နော်။ ဒီလမ်းကြောင်းအတိုင်း ကျွန်တော်တို့ ဆွေးနွေးခဲ့တာဖြစ်တယ်ဆိုတော့ အခုနောက်ဆုံးဒီလေးဖွဲ့က အကြောင်းပြန်လာတယ်။ ဒီသုံးဆင့်နဲ့ သူတို့သွားမယ်ဆိုတာ ကျွန်တော်တို့ဆီ ပြန်လာပြီပေါ့နော်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ထိုင်ဖို့ရှိတယ်။ ထိုင်ပြီးရင်တော့ ဒီလေးဖွဲ့အပေါ်မှာ ဘယ်လိုသွားမလဲပေါ့နော်။ ဒါတော့ လတ်တလောတာ့ ပြောလို့မရသေးဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ယခင်ဆွေးနွေးခဲ့သော နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းပုံစံသည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အကြား ညှိနှိုင်းထားသော မူဖြစ်ပြီး ထိုစဉ်က AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မကြေညာရသေးသဖြင့် ဆွေးနွေး၍ရသော်လည်း ယခုအခါ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားသည့်အတွက် မည်သည့်ပုံစံဖြင့် ဆက်လက်ဆွေးနွေးမည်ကို အစိုးရဘက်တွင် ပြန်လည်ညှိနှိုင်းမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

AA အဖွဲ့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားကြေညာချက် ထုတ်ပြန်မှုများရှိသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ချက်များသည် အဆိုပါထုတ်ပြန်ချက်များအပေါ် ထင်ဟပ်ရန် လိုအပ်ပြီး လက်တွေ့လုပ်ဆောင်ချက်များ အပြုသဘောဆောင်ရန် လိုအပ်သည်ဟုလည်း ဦးဇော်ဌေးက ပြောကြားသည်။

AA အနေဖြင့် သဘောထားကြေညာချက်များ ထုတ်ပြန်သော်လည်း ရခိုင်ပြည်နယ်တွင် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ထုတ်ပြန်ချက်နှင့် လက်တွေ့လုပ်ဆောင်ချက် ကွာခြားလွန်းသည့်အတွက် အစိုးရအနေဖြင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်သည်ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိ NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော RCSS နှင့် ABSDF တို့သည် မတရားအသင်းအဖြစ် ကြေညာခံခဲ့ရသော်လည်း NCA လက်မှတ်ရေးထိုးခါနီးတွင် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခဲ့သကဲ့သို့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားသော်လည်း အစိုးရအနေဖြင့် ၎င်းတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

Most Read

Most Recent