ပြည်သူ့ပါတီအနေဖြင့် မွန်ပြည်နယ်အတွင်း သထုံနှင့် ကျိုက်မရောမြို့နယ်များရှိ မဲဆန္ဒနယ် လေးနေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည်

ပြည်သူ့ပါတီအနေဖြင့် မွန်ပြည်နယ်အတွင်း သထုံနှင့် ကျိုက်မရောမြို့နယ်များရှိ မဲဆန္ဒနယ် လေးနေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည်
 ပြည်သူ့ပါတီအနေဖြင့် ၂၀၁၉ခုနှစ် မတ်လ အတွင်း ကျိုက်မရောမြို့တွင် ပါတီရုံးဖွင့်လှစ်စဉ်
 ပြည်သူ့ပါတီအနေဖြင့် ၂၀၁၉ခုနှစ် မတ်လ အတွင်း ကျိုက်မရောမြို့တွင် ပါတီရုံးဖွင့်လှစ်စဉ်
Published 18 August 2020
ဘိုဘိုမြင့်

ပြည်သူ့ပါတီအနေဖြင့် မွန်ပြည်နယ်အတွင်း သထုံနှင့် ကျိုက်မရောမြို့နယ်များရှိ မဲဆန္ဒနယ် လေးနေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်သူ့ပါတီအနေနဲ့ မွန်ပြည်နယ်မှာ သထုံမြို့နယ်နဲ့ ကျိုက်မရောမြို့နယ် နှစ်မြို့နယ်မှာ  ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။ သထုံမြို့နယ်မှာဆိုရင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) နဲ ့(၂) ပါ။ ကျိုက်မရောမြို့နယ်မှာက ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) ရယ်ပါ” ဟု ပြည်သူ့ပါတီ မွန်ပြည်နယ်တာဝန်ခံ ဦးအောင်ကိုဝင်းသန်းက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ ပတ်သက်လို့ ဇူလိုင် ၂၈ ရက်မှာ ပါတီ ဗဟိုကော်မတီနဲ့ ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ကိုယ်စားလှယ်လောင်းတွေကို ထိုက်သင့်တဲ့ ထောက်ပံ့မှုတွေ ပေးသွားမယ်ပေါ့။ ထိုက်သင့်တဲ့ ထောက်ပံ့မှုမှာ ငွေရေးကြေးရေးတော့ မပါဘူး။ ဥပမာ စတစ်ကာလေးတွေ၊ အကျႌတွေ၊ သော့ချိတ်တွေ ဖြစ်ချင်ဖြစ်မယ်ပေါ့လေ။ အဲဒီထောက်ပံ့မှုမျိုးပဲ ရှိမှာပါ။ ကျန်တာကတော့ ကိုယ်စားလှယ်လောင်းတွေကပဲ ကုန်ကျစရိတ် ကျခံရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်သူ့ပါတီအနေဖြင့် တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီများနှင့် မဟာမိတ် Policy ရှိပါကြောင်း၊ မွန်ပြည်နယ်တွင်လည်း မွန်ညီညွတ်ရေးပါတီ (MUP) နှင့် တွေ့ဆုံမိတ်ဆက်ပွဲ နှစ်ကြိမ် လုပ်ဆောင်ခဲ့ပါကြောင်း၊ ပထမအကြိမ်တွင် ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကိုယ်တိုင် လာရောက်ခဲ့သလို၊ ဒုတိယအကြိမ်တွင်လည်း ပါတီဒုဥက္ကဋ္ဌဖြစ်သူ ဦးမင်းဇေယျာ လာရောက်ခဲ့ပါကြောင်း၊ လာမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သည်မှာ ပြည်သူ့ပါတီအနေဖြင့် ပါတီအသစ် ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများအား အသိပေးမိတ်ဆက်ခြင်းနှင့် နိုင်ငံရေးပါတီတစ်ခု၏ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် အခွင့်အလမ်းအရ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် မွန်ပြည်နယ်တွင်း မြို့နယ် နှစ်မြို့နယ်တွင် မဲဆန္ဒနယ် လေးနေရာ ဝင်ရောက် အရွေးချယ်ခံရခြင်း ဖြစ်ကြောင်း ဦးအောင်ကိုဝင်းသန်းက ဆိုသည်။

“ကျွန်တော်တို့ ပြည်သူ့ပါတီအနေနဲ့ တခြားသော ပါတီတွေထက် ထူးခြားချက် တစ်ခုက ပါတီမူဝါဒ မရောက်ခင်မှာ သန္နိဋ္ဌာန်ဆိုတာ ရှိပါတယ်။ အဲဒါက “အလင်းခေတ် နိုင်ငံတော်ကို တည်ဆောက်မယ်” ဆို တဲ့ သန္နိဋ္ဌာန်ပါ။ အဲဒီသန္နိဋ္ဌာန်အတိုင်း တကယ်အလုပ်လုပ်မှာပါလို ့မဲဆန္ဒရှင်ပြည်သူတွေကို ပြောချင်ပါတယ်” ဟု ဦးအောင်ကိုဝင်းသန်းက ဆက်လက်ပြောကြားသည်။

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်သွားမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ပါတီနေဖြင့် တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၅၁ နေရာ ဝင်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း ပါတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 



 

 

Most Read

Most Recent