ပြည်နယ်များ၏ အခြေခံဥပဒေ ရေးဆွဲခွင့်နှင့် ပတ်သက်၍ ၀ိ၀ါဒကွဲပြားမှု မရှိသော်လည်း အသုံးအနှုန်းအပိုင်းတွင် သဘောတူညီမှုမရ၍ ပြည်ထောင်စု သဘောတူစာချုပ်၌ ပါဝင်ခြင်းမရှိဘဲ ဆက်လက်ဆွေးနွေးရန် ကျန်ရှိခဲ့ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား

ပြည်နယ်များ၏ အခြေခံဥပဒေ ရေးဆွဲခွင့်နှင့် ပတ်သက်၍ ၀ိ၀ါဒကွဲပြားမှု မရှိသော်လည်း အသုံးအနှုန်းအပိုင်းတွင် သဘောတူညီမှုမရ၍ ပြည်ထောင်စု သဘောတူစာချုပ်၌ ပါဝင်ခြင်းမရှိဘဲ ဆက်လက်ဆွေးနွေးရန် ကျန်ရှိခဲ့ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား
သြဂုတ် ၁၇ ရက်က နေပြည်တော်တွင် (၁၉)ကြိမ်မြောက် UPDJC အစည်းအဝေး ပြုလုပ်စဉ်
သြဂုတ် ၁၇ ရက်က နေပြည်တော်တွင် (၁၉)ကြိမ်မြောက် UPDJC အစည်းအဝေး ပြုလုပ်စဉ်
Published 17 August 2020
မင်နိုင်စိုး၊ အောင်မင်းသိန်း

ပြည်နယ်များ၏ အခြေခံဥပဒေရေးဆွဲ ခွင့်နှင့်ပတ်သက်၍ ၀ိ၀ါဒကွဲပြားမှုမရှိသော်လည်း အသုံးအနှုန်းအပိုင်းတွင် သဘောတူညီ မှု မရသည့်အတွက် ပြည်ထောင်စုသဘောတူ စာချုပ်၌ ပါဝင်ခြင်းမရှိဘဲ ဆက်လက်ဆွေးနွေးရန် ကျန်ရှိခဲ့ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

သြဂုတ် ၁၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ဖွဲ့ စည်း ပုံအခြေခံဥပဒေကိစ္စရပ်နှင့်ပတ်သက်၍ ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အဓိကအားဖြင့် ပြည်နယ်တွေ Constitution ရေးဆွဲရေးကိစ္စပေါ့။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ အကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ တယ်။ ဆွေးနွေးတဲ့အချိန်မှာ အခေါ်အဝေါ်ပေါ့၊ ဝေါဟာရပိုင်းဆိုင်ရာမှာ ပြည်ထောင်စုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီး သုံးနှုန်း တယ်။ အဲဒီတော့ အစိုးရ၊ လွှတ်တော်၊ တပ်မ တော်ဘက်က အဆိုပြုချက်ကတော့ ပြည်နယ် မှာ အခြေခံဥပဒေလို့ သုံးနှုန်းဖို့ကိစ္စကို။ အဲဒီ ကိစ္စက နှစ်ဖက်ကြားမှာ သဘောတူညီမှု မရ ဘူး။ ဒါပေမဲ့ သဘောတရားပိုင်းကတော့ ပြည် နယ်တွေရဲ့ Constitutiion ရေးဆွဲခွင့်ကတော့ ၀ိ၀ါဒကွဲပြားစရာမရှိဘူး။ ဒါပေမဲ့ အမည်နာမ အခေါ်အဝေါ်မှာ နှစ်ဖက်သဘောတူညီချက် မရတဲ့အတွက် ဆက်လက်ဆွေးနွေးမယ်ဆိုပြီး ကျန်ခဲ့တယ်။ အဲဒီဟာနဲ့ပတ်သက်တဲ့ ဝေါဟာ ရနဲ့ပတ်သက်တဲ့ အချက်ကြီးနှစ်ချက် ကျန်သွားတယ်။ နောက်တစ်ချက်ကတော့ လွှတ်တော်ပိုင်းဆိုင်ရာကိစ္စ။ လွှတ်တော် နှစ်ရပ် ထားမလား။ သုံးရပ်ထားမလား။ နောက်တစ်ခုက အထက်လွှတ်တော် အမျိုးသားလွှတ် တော်ဆိုရင်လည်း သီးခြားလုပ်ပိုင်ခွင့်ပေါ့။ အလားတူပဲ အောက်လွှတ်တော် ပြည်သူ့လွှတ် တော်ဆိုရင်လည်း သီးခြားလုပ်ပိုင်ခွင့်။ ဒီ လွှတ်တော်နှစ်ရပ်က သီးခြားအာဏာရှိမယ့် အနေအထားပေါ့။ ဒါတွေကိုတော့ ကျွန်တော် တို့ ဆက်ဆွေးနွေးဖို့ထားတယ်”ဟု ဦးဇော်ဌေး က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ဖက်ဒရယ်အခြေခံမူ ဖြစ်သည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပါမလာနိုင်ဘဲ ကျန်ရစ်သွားမည်ကို ယူကျုံး မရဖြစ်မိကြောင်း UPDJC အစည်းအဝေး အဖွင့်အမှာစကားတွင်  UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ထည့်သွင်းပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးသော့ချက်ဖြစ်တဲ့ ပြည် နယ်ဖွဲ့စည်းပုံအခြေခံဥပဒေလို့ပဲ ခေါ်ခေါ်၊ ပြည်နယ်အခြေခံဥပဒေလို့ပဲ ခေါ်ခေါ်၊ ဒီဖက်ဒရယ်အခြေခံမူကြီးကို လာမယ့်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၃) မှာ ပါ မလာနိုင်ဘဲ ကျန်ရစ်သွားမှာ ယူကျုံးမရဖြစ်မိပါတယ်။ ဖြစ်နိုင်တဲ့ နည်းလမ်းရှိရင် ဒီညီလာခံ မတိုင်ခင်မှာ ပြန်ပါနိုင်အောင် ဆောင်ရွက်ပေး ကြပါလို့ မေတ္တာရပ်ခံချင်တယ်။ အနီရောင် စကားလုံးနဲ့ ကျန်သွားတဲ့ ဖွဲ့စည်းပုံကို ဖြစ်နိုင် ရင် နက်ပေးလိုက်ပါ။ မဖြစ်နိုင်ဘူးဆိုရင်လည်း ဖြုတ်ပေးလိုက်ပါ။ အကယ်၍ ဒီညီလာခံ မတိုင်ခင်မှာ ပြန်လည်ထည့်သွင်းနိုင်တဲ့ နည်းလမ်းမရှိတော့ဘူးဆိုရင် နောက်တစ်ကြိမ် ကျင်းပမယ့် ညီလာခံမှာ ဒီအခြခံမူကို ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ချုပ်ဆိုပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး သော့ချက်ကြီးဖြစ်ပါတယ်”ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ၁၀ နှစ်ကျော်ကာလအတွင်း ယင်းပုံနှင့်သာ ပါဝင်လာခဲ့ပြီး လက်ရှိတွင် ဖွဲ့ စည်းပုံဆိုသည့် စကားရပ် မပါခဲ့လျှင် အောက်ခြေတွင် ပြန်လည်ရှင်းပြပါက အခက်အခဲ ဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်း ၁၀ ဖွဲ့သည်လည်း သဘောထားတစ်ခု တည်း မဟုတ်သေးသည့်အတွက် ယင်းကိစ္စကို ဆက်လက်ဆွေးနွေးရန်အတွက် ချန်လှန်ခဲ့ ခြင်းဖြစ်ပြီး အားလုံး၏ သဘောတူညီမှု ရရှိမှသာ ဆက်လက်သွားနိုင်မည်ဖြစ်ကြောင်း NCA –S EAO အစုအဖွဲ့မှ UPDJC အတွင်း ရေးမှူးအဖွဲ့ဝင် နိုင်အောင်မငေးက ပြောကြားသည်။

ထို့အတူ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြည်နယ်အခြေခံဥပဒေကိစ္စနှင့် ပတ်သက်၍ ၎င်း၏ပြောကြားမှုသည် တစ်ဦး တည်းအမြင်အရ ပြောခြင်းသာဖြစ်ပြီး NCA-S EAO အဖွဲ့ကို ကိုယ်စားမပြုကြောင်း UPDJC အစည်းအဝေးအပိတ် မိန့်ခွန်းတွင် ပြန်လည်ရှင်းလင်းခဲ့သည်။

နိုင်အောင်မငေးက “ကျွန်တော်တို့ EAO  အစုအဖွဲ့က ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက သူ့အနေနဲ့ ပြောကြား တဲ့ မိန့်ခွန်းမှာဆိုရင် ပြည်နယ်ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေဆိုတဲ့ စကားရပ်က တူသလိုလိုနဲ့ ဖြစ်သွားပါတယ်။ တကယ့်အမှန်စစ်စစ် သူက Technical ပုံစံ အရ သူပြောသွားတယ်။ နောက်ပြီးတော့ တစ်ခုရှိသေးတာက ကျွန်တော်တို့ရဲ့ အစုအ ဖွဲ့ ထဲမှာ ကျေလည်မှုမရှိသေးဘူး။ အစုအဖွဲ့ တစ်ခုအတွင်းမှာတောင် မကျေလည်သေးတဲ့ အတွက်ကြောင့် သူ့ရဲ့မိန့်ခွန်းကိုလည်း ကျွန်တော်တို့ကို ပြထားတာမရှိတဲ့အတွက် သူ့ Personal မိန့်ခွန်းပုံစံလို ဖြစ်သွားတဲ့အတွက် ကြောင့် သူတောင်းပန်ပါတယ်။ ဒီကိစ္စလည်း ဒါနောက်ထပ်ဆွေးနွေးမယ့်အပိုင်းဖြစ်တဲ့အ တွက်ကြောင့် ကျွန်တော်တို့ ဒီကိစ္စကို ဆွေး နွေးလို့မပြီးပြတ်သေးပါဘူး။ ရှေ့ဆက်ဆွေး နွေးဖို့ ထားခဲ့ပါတယ်။ ဒါပေမဲ့ သူက တူသလိုလိုဖြစ်သွားတဲ့ စကားရပ်အတွက် သူပြန် တောင်းပန်တဲ့ စကားဖြစ်ပါတယ်”ဟု ပြော ကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) -၂၁ ရာစုပင်လုံ အစည်းအဝေးမတိုင် ခင်တွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည်နယ်အခြေခံဥပဒေစသည့် စကားရပ် ကွဲလွဲမှုအတွက် ပြန်လည်စေ့စပ်ဆွေးနွေးရန် မေတ္တာရပ်ခံသည့် ပြောကြားချက်နှင့်ပတ် သက်၍လည်း UPC ကျင်းပရန်သည် အချိန် နီးကပ်နေပြီဖြစ်ပြီး စေ့စပ်ဆွေးနွေးမှုများ ပြု လုပ်ရန် မဖြစ်နိုင်တော့သည့်အတွက် JICM အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ညီလာခံ ကျင်းပရန် ပြန်လည်ပြောကြားခဲ့ကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

ပြည်ထောင်စုကို ဖွဲ့စည်းရာတွင် တိုင်း ဒေသကြီးနှင့်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ပြည်ထောင်စုနယ်မြေ စသည်ဖြင့် ဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအောက်တွင် ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ စသည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းရ ကြောင်း၊ ပြည်နယ်များ၏ Constittution တွင် တစ်နိုင်ငံလုံး၏ Constitution ကို ဖွဲ့စည်းပြီး ဖြစ်ခြင်းကြောင့် ၎င်း၏ ပြည်နယ်ကို ထပ်မံ ဖွဲ့စည်းရန်မလိုအပ်တော့ဘဲ တစ်နိုင်ငံလုံးအ တွက် ဖွဲ့စည်းထားပြီး ဖြစ်သည်ဆိုသည်အ ချက်သည် ဖွဲ့စည်းပုံဆိုသည့် စကားရပ်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ ယခင်က အခြေအ နေကို ပြန်ကြည့်ပါက အခြေခံဥပဒေဟု ခေါ် ဆိုမှုများရှိခဲ့ပြီး ဖွဲ့စည်းပုံဆိုသည့် စကားရပ် မပါခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “နောက်တစ်ခုတော့ ကျွန်တော်တို့ကြားမှာ ဆွေးနွေးတာကတော့ ပြည်နယ်တွေရဲ့ Constitution ဆိုတာ ကျွန်တော်တို့က အငြင်းမပွားဘူး။ သို့သော် မြန်မာ လိုကျရင်တော့ ဖွဲ့စည်းပုံ ပါခြင်း၊ မပါခြင်း အငြင်းပွားကြတာပေါ့။ အဲဒီတော့ကျ ပြန်ပြီး ကောက်ယူမယ်ဆိုရင် မြန်မာလိုရေးထားတဲ့ ဟာကိုပဲ ကျွန်တော်တို့ အတည်ပြုမယ်ဆိုတဲ့ သဘော ဆွေးနွေးကြတာတွေရှိတယ်။ ဒါကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းမှာပါ တယ်။ ကျွန်တော်တို့ ဒီ  Constitution မှာ ပြန်ပြီးတော့တွေ့တဲ့အခက်အခဲတွေက ဘာ တွေလဲဆိုတော့ အခေါ်အဝေါ်၊ အသုံးအနှုန်း၊ ဝေါဟာရကိစ္စတွေမှာ တော်တော်လေးပြဿ နာတွေ တွေ့ခဲ့တယ်။ အခက်အခဲတွေ ကြုံခဲ့ တယ်။ အဲဒါကလည်း နှစ်ဖက်အားလုံးပေါ် ယုံကြည်မှုပြဿနာဖြစ်နေတယ်။ ယုံကြည်မှု ဒီထက်ပိုပြီး ခိုင်မာကောင်းမွန်လာတယ်ဆိုရင် သွားရမယ့် သဘောတရား၊ အနှစ်သာရက တော့ အားလုံးကအတူတူပဲ။ သို့သော် ဒီအ ခေါ်အဝေါ်၊ ဝေါဟာရအပေါ်မှာ ကျွန်တော်တို့ ဒီလိုမျိုးအငြင်းပွားမှုတွေဖြစ်နေတာက ယုံကြည်မှုတည်ဆောက်ဖို့ အများကြီးလိုသေးတယ်ဆိုတာကို ပြနေတာပေါ့”ဟု ပြော ကြားသည်။

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ညီလာခံတက် ရောက်မည့် ကိုယ်စားလှယ်ဦးရေ ၂၃၀ ဖြင့် နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်သည်။

 

Most Read

Most Recent