တပ်မတော်အနေဖြင့် နိုင်ငံရေးမှ အဆင့်ဆင့်ဆုတ်ခွာရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံပွဲတွင် တင်ပြခဲ့ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ပြောကြား

တပ်မတော်အနေဖြင့် နိုင်ငံရေးမှ အဆင့်ဆင့်ဆုတ်ခွာရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံပွဲတွင် တင်ပြခဲ့ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ပြောကြား
Published 15 August 2020
ဉာဏ်လင်းထွန်း

တပ်မတော်အနေဖြင့် နိုင်ငံရေးမှ အဆင့်ဆင့်ဆုတ်ခွာရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပွဲတွင် တင်ပြဆွေးနွေးခဲ့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

သြဂုတ် ၁၄ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များတွေ့ဆုံပွဲတွင် PPP ပါတီလည်း ပါဝင်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲတွင် ထိုသို့တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာသက်သက်ခိုင်က ရန်ကုန်မြို့၌ သြဂုတ် ၁၅ ရက်က ပြလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ တပ်မတော်ရဲ့အခန်းကဏ္ဍကို မူလတာဝန်ဖြစ်တဲ့ ကာကွယ်ရေးတွေ လုံခြုံရေးတွေကို သေချာလုပ်နိုင်ဖို့အတွက် တပ်မတော်က နိုင်ငံရေးကနေ တဖြည်းဖြည်းနဲ့ အဆင့်ဆင့် ဆုတ်ခွာဖို့ဆိုတဲ့ဟာမျိုးကို ကျွန်မပြောခဲ့ပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

၎င်းအနေဖြင့် တပ်မတော်ကာကွယ်ရေးဦစီးချုပ်နှင့် တွေ့ဆုံစဉ် ပထမပိုင်းအနေဖြင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒုတိယပိုင်းအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်   စပ်လျဉ်းသည့် သဘောထားများအား တင်ပြခဲ့သည်ဟု ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်မှုနှင့်ပတ်သက်၍ ပါတီ၏မူဝါဒ အနှစ်ချုပ် ခြောက်ချက်ရှိရာ ယင်းအချက်များထဲမှ ဒီမိုကရေစီပိုမိုရှင်သန်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး၊ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးတွင်ပါဝင်မှုမှ တဖြည်းဖြည်း လျှော့ချရေးအချက်များကို အဓိကထား တင်ပြဆွေးနွေးခဲ့သည်ဟု ဒေါက်တာသက်သက်ခိုင်က ဆိုသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးများကို နိုင်ငံတော်သမ္မတက အတည်ပြုခန့်အပ်ပြီးသည်နှင့် စစ်ဘက်မှ အငြိမ်းစားယူစေပြီး အရပ်ဘက်သို့ ပြောင်းလဲတာဝန်ထမ်းဆောင်စေသင့်ကြောင်း၊ အဆိုပါအချက်သည် ကောင်းမွန်သော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး တည်ဆောက်ခြင်းအတွက် အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ကြောင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နောင်တွင် စစ်ရေးကျွမ်းကျင်သူ အရပ်သားပညာရှင် သို့မဟုတ် အငြိမ်းစားတပ်မတော်သားများအားလည်း တာဝန်ပေးခန့်အပ်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာသက်သက်ခိုင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု PPP ပါတီက ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်သားများက ပါဝင်ဆောင်ရွက်နေမှုကြောင့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူလတာဝန်များ ထမ်းဆောင်မှု မလစ်ဟာစေရန် လွှတ်တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်မှုကို လာမည့်လွှတ်တော်များမှစပြီး အဆင့်ဆင့်လျော့ချရန်လည်း ဒေါက်တာသက်သက်ခိုင်က တင်ပြခဲ့ကြောင်းသိရသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်နမိတ်တည်တံ့ရေးကို အကာအကွယ်ပေးရန် ခေတ်မီပြီး စွမ်းဆောင်ရည်ရှိသော တပ်မတော်အဖွဲ့အစည်း ခိုင်မာစွာရပ်တည်နိုင်ရန် လုံလောက်သော အာမခံချက်များဖြင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေမှုကို အဆင့်ဆင့်လျော့ချရေးအား PPP ပါတီ၏ မူဝါဒတွင်ဖော်ပြထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတက်ရောက်သည့် နိုင်ငံရေးပါတီအများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်စီစဉ်မှုဖြင့် တက်ရောက်ခြင်း ဖြစ်သော်လည်း PPP ပါတီအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖိတ်ကြားချက်အရ တက်ရောက်ခြင်းဖြစ်သည်ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

စီးပွားရေးသည် မြန်မြန်ဆန်ဆန်ဖြင့် လတ်တလောဆောင်ရွက်ရမည့် ကိစ္စဖြစ်သော်လည်း ဒီမိုကရေစီသည် တဖြည်းဖြည်း တည်ဆောက်ယူရမည့်အရာဖြစ်ကာ ယင်းနှင့်ပက်သက်၍ ဆန္ဒမစောရန်နှင့် မလုပ်ဆောင်သင့်သည်ကို မလုပ်မိရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်ဟု ဒေါက်တာသက်သက်ခိုင်က ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပွဲတက်ရောက်သည့် နိုင်ငံရေးပါတီအချို့က ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူရန်၊ ရွေးကောက်ပွဲကော်မရှင်အား ပြုပြင်ပြောင်းလဲရန်တို့ကို ဆွေးနွေးတင်ပြမှုရှိကြောင်း နိုင်ငံရေးပါတီအချို့ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent