၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှု ရှိရမည်ဖြစ်ပြီး ပထမဆုံးမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရှိရန် လုပ်ဆောင်ပေးရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှု ရှိရမည်ဖြစ်ပြီး ပထမဆုံးမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရှိရန် လုပ်ဆောင်ပေးရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ သြဂုတ် ၁၁ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲပြုလုပ်စဉ်
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ သြဂုတ် ၁၁ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲပြုလုပ်စဉ်
Published 12 August 2020
ပြည့်ဖြိုးအောင်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှု ရှိရမည်ဖြစ်ပြီး ပထမဆုံးမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံး မဲပေးပိုင်ခွင့်ရှိရန် လုပ်ဆောင်ပေးရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ် ၁၁ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံစဉ် အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့အတွက် ယခုလောလောဆယ် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုကြီးနှစ်ခုမှာ ကျန်းမာရေးအရ COVID-19 ရောဂါကိစ္စနှင့် နိုင်ငံရေးအရ မကြာမီကာလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်ကြောင်း၊ အဆိုပါကိစ္စ နှစ်ခုစလုံးကို အောင်အောင်မြင်မြင် ရင်ဆိုင်ကျော်လွှားရန် ပြည်သူပြည်သားများအားလုံး ပါဝင်မှုသည် မိမိတို့အတွက် နံပါတ် (၁) ဖြစ်ကြောင်း ပြောကြားသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရန် အခြေခံအားဖြင့် တရားမျှတမှုနှင့် လွတ်လပ်မှု ရှိရမည်ဖြစ်ကြောင်း၊ လွတ်လပ်မှုရှိရန်မှာ ပထမဦးဆုံး မဲပေးပိုင်ခွင့်ရှိသော ပြည်သူပြည်သားအားလုံး မဲပေးပိုင်ခွင့်ရရှိအောင် လုပ်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် တရားမျှတမှုရှိရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

မဲပေးပိုင်ခွင့်သည် နိုင်ငံသူနိုင်ငံသား တစ်ယောက်အတွက် အကြီးမားဆုံး အခွင့်အရေးတစ်ခုဖြစ်ပြီး အလွန်တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခုဖြစ်သည့်အပြင် အရေးကြီးသည့် တာဝန်တစ်ခုလည်းဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်နိုင်ရန်နှင့် ယခုအခွင့်အရေးကို ရယူနိုင်ရန်အတွက် ကူညီပေးရမည်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းအားလုံးသည် မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသူနိုင်ငံသား တစ်ဦးတစ်ယောက်မကျန် မဲပေးပိုင်ခွင့်ရအောင် ဆောင်ရွက်ပေးရမည်မှာ ပထမတာဝန်ဖြစ်ကြောင်း၊ ယခုကာလတွင် လက်ရှိရင်ဆိုင်နေရသည့် အကြီးဆုံးစိန်ခေါ်မှုမှာလည်း အဆိုပါကိစ္စဖြစ်ကြောင်း၊ အားလုံးတွင် မဲပေးပိုင်ခွင့်ရရှိပြီး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နှင့် မဲပေးနိုင်ရန်အတွက် အခြေအနေများကို ဖန်တီးပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အခြေခံမဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်မှစတင်၍ ရက်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် နှစ်ပတ်တာကြေညာပြသခဲ့ရာ၌ အမည် မှားယွင်းမှု၊ မှတ်ပုံတင် မှားယွင်းမှုတို့အပြင် အချို့သော မိသားစုဝင်များတွင် မိသားစုလိုက် မဲစာရင်းအချက်အလက် မှားယွင်းမှု၊ မဲစာရင်းမပါဝင်မှု စသည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းမှားယွင်းမှုများကို အများအပြားတွေ့ရပြီး မဲစာရင်းမှားယွင်းမှုသည် အလေးထားရမည့်ကိစ္စဖြစ်ကြောင်း သြဂုတ် ၅ ရက်က ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့်စပ်လျဉ်းသည့်  အွန်လိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။

Most Read

Most Recent