သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် ဦးဆောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၂၀ ခန့် ယှဉ်ပြိုင်မည်

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် ဦးဆောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၂၀ ခန့် ယှဉ်ပြိုင်မည်
Published 11 August 2020
ဉာဏ်လင်းထွန်း

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် ဦးဆောင်တည်ထောင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၂၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ပြောကြားသည်။

DNP ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်သည် တပ်မတော်အစိုးရလက်ထက်တွင် စစ်ဥပဒေချုပ်နှင့် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းကိုယ်တိုင် မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည်ဟု ဆိုသည်။

“ အဲဒါ ကိုယ့်ဇာတိလေကွာ” ဟု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်က ပြောကြားသည်။

ဦးစိုးမောင်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ၌ အနိုင်ရရှိခဲ့ပြီး သမ္မတရုံးဝန်ကြီး ဖြစ်လာခဲ့သည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီမှ ရေစကြိုမြို့နယ်တွင် ဆက်လက်ယှဉ်ပြိုင်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းကို မဲရလဒ် သုံးသောင်းကျော်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထောင်စုစာရင်းစစ်ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ် (ငြိမ်း) တစ်ဦးဖြစ်သည့် ဦးလွန်းမောင်သည်လည်း DNP ပါတီတွင် ဒုတိယဥက္ကဋ္ဌ (၁) အနေဖြင့် ပါဝင်လျက်ရှိသည်။ ပါတီထိပ်ပိုင်းခေါင်းဆောင် အများစုမှာ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ် စသည့် တပ်မတော် အရာရှိအငြိမ်းစားများဖြစ်ပြီး အရပ်သားခေါင်းဆောင်အဖြစ် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိုးဝင်းသာ ပါတီဒုတိယဥက္ကဋ္ဌ (၂) အနေဖြင့် ပါဝင်သည်။

သို့သော် ပါတီဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးလွန်းမောင်နှင့် ဦးစိုးဝင်းတို့ နှစ်ဦးစလုံး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ ဗိုလ်မှူးကြီး (ငြိမ်း) ဦးသန်းအောင်သာ ကယားပြည်နယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည် ဖြစ်သည်။

“ ထူးခြားချက်က တစ်ခြားပါတီတွေနဲ့ မတူတာက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းများသည် ကိုယ့်အိတ်စိုက် ကိုယ်ဝင်လာတာ။ ကျွန်တော့်ပါတီက ထောက်ပံ့စရာ မလိုဘူး။ ထောက်လည်း မထောက်ပံ့ဘူး” ဟု ဦးစိုးမောင်က ပြောကြားသည်။

DNP ပါတီအနေဖြင့် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဖြစ်သည်။ မူလက ပါတီကိုယ်စားပြု အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၀၀ ခန့်ရှိသော်လည်း ကိုယ်စားလှယ်လောင်းအချို့ကို ပယ်ချခဲ့၍ ကိုယ်စားလှယ်လောင်း ၁၂၀ ခန့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

တိုင်းရင်သား ပြည်သူတစ်ရပ်လုံးကို အခြေခံသည့် အမျိုးသားရေးဝါဒကို ကျင့်သုံးမည်ဟု ကြွေးကြော်ထားသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို ၂၀၁၉ ခုနှစ် နှစ်စပိုင်းတွင် စတင်တည်ထောင်ခဲ့သည်။

Most Read

Most Recent