ပရိသတ်အားပေးမှုများပြားသည့် The Voice Myanmar ပြိုင်ပွဲ၏ Season 3 ကို သြဂုတ် ၂၃ ရက်တွင် စတင်ထုတ်လွှင့်ပြသမည်

ပရိသတ်အားပေးမှုများပြားသည့် The Voice Myanmar ပြိုင်ပွဲ၏ Season 3 ကို သြဂုတ် ၂၃ ရက်တွင် စတင်ထုတ်လွှင့်ပြသမည်
Published 4 August 2020

ပရိသတ်နှစ်သက်အားပေးမှု များပြားသည့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Season 3 ကို သြဂုတ် ၂၃ ရက်မှ စတင်ကာ ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။ ယခုနှစ်ဧပြီလအတွင်း စတင်ပြသရန်အတွက် မူလကကြေညာထားသော်လည်း COVID-19 ကပ်ရောဂါ ပြန့်ပွားနေချိန်ဖြစ်သဖြင့် ထုတ်လွှင့်ပြသမှုကို ရက်ရွှေ့ဆိုင်းခဲ့ကာ ယခုအခါပြန်လည် စတင်ထုတ်လွှင့်တော့မည် ဖြစ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Season 3 တွင် Coach များအဖြစ် တေးသံရှင် R ဇာနည်၊ ကျားပေါက်၊ ရန်ရန်ချန်းနှင့် နီနီခင်ဇော်တို့က ပါဝင်မည်ဖြစ်သည်။ ပြိုင်ပွဲသို့ လျှောက်ထားလာသူများထဲမှ ပဏာမအဆင့် ရွေးချယ်ပြီးနောက် Blind Audition အဆင့်သို့ တက်ရောက်စေမည်ဖြစ်ပြီး Blind Audition အဆင့်တွင် သီဆိုယှဉ်ပြိုင်သူကိုမမြင်ရဘဲ သီဆိုမှုကိုသာ နားဆင်ကာ Coach လေးဦးမှ မိမိတို့နှစ်သက်သည့်ပြိုင်ပွဲဝင်အား ရွေးချယ်မည်ဖြစ်သည်။ Coach တစ်ဦးထက်ပို၍ ရွေးချယ်ထားသော ပြိုင်ပွဲဝင်အနေဖြင့် မိမိ ပိုမိုသဘောကျနှစ်သက်သည့် Coach ၏ အသင်းသို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက်တွင် Coach တစ်ဦးချင်းစီမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်အချင်းချင်းအား Battle Round ယှဉ်ပြိုင်စေကာ Coach မှ မိမိတို့စိတ်ကြိုက် ပြိုင်ပွဲဝင်များအား ရွေးချယ်သွားမည်ဖြစ်သည်။ Battle Round အဆင့်ဆင့် ယှဉ်ပြိုင်မှုများအပြီးတွင် Live ယှဉ်ပြိုင်မှုအတွက် ဆန်ခါတင်ပြိုင်ပွဲဝင်များ ထွက်ပေါ်လာမည်ဖြစ်ကာ ယင်းပြိုင်ပွဲဝင်များအား အပတ်စဉ်တိုင်းတွင် မတူကွဲပြားသည့် Theme များဖြင့် ယှဉ်ပြိုင်စေမည်ဖြစ်သည်။ Live ယှဉ်ပြိုင်မှု စတင်ချိန်တွင် voting များလည်း စတင်ပေးအပ်နိုင်မည် ဖြစ်သည်။ The Voice Myanmar Season 3 ယှဉ်ပြိုင်မှုအစအဆုံးကို MRTV-4 ရုပ်သံလိုင်းတွင် အပတ်စဉ် ထုတ်လွှင့်ပြသရန် စီစဉ်ထားခြင်းဖြစ်သည်။