အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ မိုးခေါင်မှုနှင့် နောက်ဆက်တွဲပြဿနာများ

အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ မိုးခေါင်မှုနှင့် နောက်ဆက်တွဲပြဿနာများ
မကွေးမြို့နယ် ကြာကန်ကျေးရွာအုုပ်စုုမှ သောက်သုုံးရေခပ်ယူနေသည့် ကလေးငယ်များကို တွေ့ရစဉ်
မကွေးမြို့နယ် ကြာကန်ကျေးရွာအုုပ်စုုမှ သောက်သုုံးရေခပ်ယူနေသည့် ကလေးငယ်များကို တွေ့ရစဉ်
Published 2 August 2020
အောင်သူငြိမ်း

၂၁ ရာစုတွင် ပထမဆုံးသော ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခံခဲ့ရသည့် COVID-19 ရောဂါ အရှိန်လျော့ကျစပြုလာသည့် မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်မှုတစ်ခုက ဇူလိုင်လဆန်းပိုင်းမှစ၍ အရှိန်အဟုန်ဖြင့် ခြိမ်းခြောက်လာခဲ့သည်။ ယင်းရာသီဥတုဖောက်ပြန်မှုဆိုသည်မှာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ရက်ပေါင်း ၄၀ ကျော်ကြာ ကွက်ကျားမိုးအနည်းငယ်သာရွာ၍ မိုးခေါင်နေမှုကို ဆိုလိုပါသည်။ ယင်းသို့ မိုးခေါင်မှုကြောင့် မိုးနည်းရပ်ဝန်းဒေသတွင် အပါအဝင်ဖြစ်သည့် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးများမှ စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည့် တောင်သူလယ်သမားများ ပြဿနာနှင့် ဒုက္ခများစွာကို ခါးဆီးခံနေကြရပြီ ဖြစ်သည်။

သီးနှံစိုက်ပျိုးရမည့်ရာသီတွင် မိုးခေါင်ခြင်း၊ သီးနှံရိတ်သိမ်းချိန်တွင် အခါမဲ့မိုးများ ရွာသွန်းခြင်း စသည့် ရာသီဥတုဖောက်ပြန်မှုများကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသမှ သဘာဝမိုးရေကိုသာ အားထား၍ စိုက်ပျိုးရေးလုပ်ကိုင်ကြရသည့် တောင်သူလယ်သမားများ အရှုံးဖြင့် နပမ်းလုံးလာကြရသည်မှာ ဆယ်စုနှစ်တစ်ခုကျော်မက ရှိခဲ့ပြီဖြစ်သည်။ တောင်သူလယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးရေးတွင် အရှုံးပေါ်ရခြင်းအကြောင်းရင်းတွင် အဆိုပါကဲ့သို့ ရာသီဥတု ဖောက်ပြန်မှုများကြောင့်အပြင် မျိုးကောင်းမျိုးသန့် လုံလောက်စွာ မရရှိနိုင်မှု၊ နိုင်ငံတကာစျေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်သည့် အရည်အသွေးပြည့်သီးနှံများ မထုတ်လုပ်နိုင်မှု၊ ယင်းသို့ အရည်အသွေးပြည့်မီသည့်သီးနှံများ မထုတ်လုပ်နိုင်သောကြောင့် စျေးနှုန်းကောင်းကောင်း မရရှိမှု စသည့်အချက်များလည်း အပါအဝင်ဖြစ်သည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်းတွင် မိုးဦးပိုင်း မိုးရွာသွန်းမှုနည်း၍ မိုးနှောင်းပိုင်းတွင် မိုးရွာသွန်းမှုများကာ ဆောင်းရာသီအထိ မိုးရွာလေ့ရှိပြီး ဆောင်းဥတုပျောက်သကဲ့သို့ အခြေအနေရှိသည်ကို သတိထားမိခဲ့သည်။ ယခု ၂၀၂၀ ခုနှစ် မိုးဦးပိုင်းတွင် မိုးဦးကျရာသီဖြစ်သည့် ဇွန်လပိုင်းမှစ၍ ဇူလိုင်လကုန်ပိုင်းအထိ မိုးရွာသွန်းမှု နည်းပါးလွန်းခဲ့ခြင်းက သဘာဝမိုးရေကိုသာ အဓိကမှီခိုစိုက်ပျိုးရသည့် တောင်သူလယ်သမားများ အခက်အခဲမျိုးစုံကို ရင်ဆိုင်လာခဲ့ကြရသည်။

မိုးခေါင်မှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးခြင်း

မကွေး၊ မန္တလေး၊ စစ်ကိုင်း စသည့်တိုင်းဒေသကြီးများမှ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်သည့် မြို့နယ်များတွင် ပုံမှန်အားဖြင့် မေလကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းများတွင် မိုးဦးသီးနှံများ စိုက်ပျိုးလေ့ရှိကြသည်။ ယခုနှစ် မိုးဦးရာသီတွင် မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ မြို့သစ်၊ နတ်မောက် စသည့်မြို့နယ်များတွင် ဇွန်လဆန်းပိုင်းမှစ၍ မိုးဦးသီးနှံအဖြစ် မြေပဲနှင့် နှမ်းများကို စိုက်ပျိုးနိုင်ခဲ့ကြသည်။ ဇွန်လလယ်ပိုင်းတွင် မိုးရွာသွန်းမှုအနည်းငယ်ရှိခဲ့သည့်အတွက် အဆိုပါမြို့နယ်များနှင့် အခြားမြို့နယ်များတွင် သီးနှံစိုက်ပျိုးမှုများ ဆောင်ရွက်နိုင်ခဲ့ကြတော့သည်။

သို့သော် ဇွန်လကုန်ပိုင်းမှ ဇူလိုင်လကုန်ပိုင်းအထိ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင် ကွက်ကြားမိုးအဖြစ် မိုးရွာသွန်းမှု အနည်းငယ်သာရှိခဲ့သည့်အတွက် မိုးဦးသီးနှံအဖြစ် စိုက်ပျိုးခဲ့သည့် မြေပဲ၊ နှမ်းနှင့် ပြောင်းစိုက်ခင်းများ ပျက်စီးခဲ့ရသည်။ သီးနှံပျက်စီးမှု အခြေအနေများသည် ဇွန်လဆန်းပိုင်းက စိုက်ပျိုးခဲ့သည့် စိုက်ခင်းများတွင် အပင်များခြောက်၍ သေဆုံးခြင်း၊ အပင်များ မခြောက်သေးသော်လည်း မိုးရွာလာသည့်တိုင် အပင် ဆက်လက်ကြီးထွားနိုင်မည့် အခြေအနေမရှိခြင်း၊ ဇွန်လလယ်ပိုင်းနှင့် လကုန်ပိုင်းတို့က စိုက်ပျိုးခဲ့သည့် သီးနှံစိုက်ခင်းများတွင် အပင်လုံးဝ မပေါက်နိုင်ခြင်းတို့ ဖြစ်ကြသည်။

“ ကျွန်တော့်အသက် ၅၀ နှစ်မှာ ဒီလို မိုးခေါင်တာ တစ်ခါမှ မကြုံဖူးပါဘူး။ ကျွန်တော့်အသက်နဲ့ မပြောနဲ့ ကျွန်တော့်အဖေကလည်း သူ့တစ်သက်မှာ ဒီလိုမိုးခေါင်တာမျိုးကို မကြုံဖူးဘူးလို့ပဲ ပြောပါတယ်။ အခုက မိုးခေါင်ရုံမကဘဲ နေ့အပူချိန်ကလည်း နွေရာသီကြီးလို ပူနေတော့ လူတွေတောင် ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။ သီးနှံစိုက်ခင်းတွေကတော့ မျိုးစေ့တွေကို သဲပူထဲထည့်လှော်ထားသလိုဖြစ်ပြီး အပင်မပေါက်နိုင်တဲ့ အခင်းတွေရှိသလို၊ အပင်ပေါက်ပြီးသားတွေကလည်း မရှင်နိုင်တော့ပါဘူး” ဟု ရေနံချောင်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

မိုးခေါင်မှုကြောင့် နွားစာခက်ခဲခြင်း

အဆိုပါကဲ့သို့ မိုးခေါင်၍ သီးနှံစိုက်ခင်းများပင် ပျက်စီးခဲ့သောကြောင့် နွားစာအဖြစ် အသုံးပြုလေ့ရှိသည့် ပြောင်းစိုက်ခင်းများ၊ သဘာဝအလျောက် ပေါက်ရောက်သည့် မြက်ပင်များလည်း မရှင်သန်နိုင်တော့ဘဲ နွားစာ အခက်ခဲဆုံးကာလတွင် ချိုးခုတ်၍ကျွေးလေ့ရှိသော သစ်ကိုင်းများလည်း အညွန့်မထွက်နိုင်ဖြစ်ကာ နွားစာအခက်အခဲကို နေ့စဉ်နှင့်အမျှ ကြုံတွေ့လာကြရသည်။

လွှတ်ကျောင်းအဖြစ် မွေးမြူလေ့ရှိသည့် သိုး၊ ဆိတ်၊ နွား၊ ကျွဲများအတွက် အစာရှားပါး၍ ယခင်က စားကျက်မချဖူးခဲ့သည့် နေရာများသို့အထိ သွားရောက်လွှတ်ကျောင်းရခြင်း၊ လယ်ယာလုပ်ငန်းခွင်သုံးအဖြစ် မွေးမြူထားသည့် ကျွဲ၊ နွားများအတွက် အစာကို စျေးကြီးပေးဝယ်ရခြင်း၊ အခြားလုပ်ငန်းများကို မလုပ်ကိုင်နိုင်ဘဲ နွားစာရှာဖွေရေးအတွက် အချိန်ပေးရခြင်း စသည့် အခက်အခဲများကို နေ့စဉ်နှင့်အမျှ ဖြတ်သန်းလာကြရသည်။ ထိုသို့အခက်အခဲများကြောင့် နွားစာလှူဒါန်းမှု အစီအစဉ်များလည်း ရှိလာကြသည်။

“ နွားစာရှားလွန်းတော့ ရွာတွေနဲ့ အဝေးဆုံးနေရာတွေကအထိ သွားပြီး နွားစာရှာကြရတယ်။ အဲဒီလို ကိုယ်တိုင်မရှာနိုင်သူတွေက ကောက်ရိုးတို့ မြက်ခြောက်တို့ကို ဝယ်ကျွေးကြရတယ်။ မြက်ခြောက်က နွားတစ်ရှဉ်း (နှစ်ကောင်) စာအတွက် တစ်နေ့ နှစ်ကြိမ်ကျွေးဖို့အတွက်ကို အနည်းဆုံး ၂၅၀၀ ကျပ်ဖိုးမှ ကျွေးလို့ လောက်ပါတယ်။ အဲဒါက စင်းပြီးသားမဟုတ်ဘဲ၊ နွားစာ စင်းရတာနဲ့ ရေဖိုးတွေလည်း ရှိပါသေးတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေက သေကုန်ပြီး ဘာအလုပ်မှလည်း မရှိလို့ ဝင်ငွေမရှိတဲ့အချိန်မှာ နွားစာဖိုးအတွက် ကုန်ကျစရိတ်ကလည်း ရှိလာတော့ ပိုပြီးခက်ခဲလာပါတယ်။ အဲဒါတွေက တစ်နေ့တည်းကိစ္စမျိုးလည်း မဟုတ်တော့ နေ့စဉ်နဲ့အမျှ နွားစာအတွက်က အတော်ကို ခေါင်းခဲကြရပါတယ်” ဟု ချောက်မြို့နယ် ဂွေးချိုကျေးရွာမှ တောင်သူ ဦးဇော်လင်းကြည်က ပြောကြားသည်။

ယခင်က မိုးဦးရာသီတွင် နွားစာရှားပါးပါက ဧရာဝတီမြစ်နှင့် ထိုမြစ်အတွင်းသို့ စီးဝင်သည့် ချောင်းများ၏ နံဘေးဝဲယာရှိ ကိုင်းပင်များနှင့် မြက်များကို မှီခို၍ ရကြသည်။ ယခုအချိန်တွင် ဧရာဝတီမြစ်ရေတက်သည့် ကာလဖြစ်၍ မြေနုကျွန်းများနှင့် ကိုင်းခုံများ ရေမြုပ်နေသောကြောင့် နွားစာအခက်အခဲအတွက် ထွက်ပေါက်မရှိသကဲ့သို့ ကြုံတွေ့နေကြရသည်။ ယခု ဇူလိုင်လကုန်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းလာသည့်တိုင် ကျွဲ၊ နွားများအတွက် အစာအဖြစ်ကျွေးနိုင်မည့် ပြောင်းနှင့် မြက်ပင်များက ချက်ချင်း အပင်ပေါက်၍ အရွယ်မရောက်နိုင်သောကြောင့် လက်ရှိရင်ဆိုင်နေရသည့် နွားစာ ပြဿနာသည် နောက်ထပ်တစ်လ နီးပါးကြာရင်ဆိုင်ရမည့် အနေအထား ဖြစ်နေသည်။

မိုးခေါင်မှုကြောင့် သောက်သုံးရေရှားပါးခြင်း

၂၀၁၅-၂၀၁၆ ခုနှစ် နွေရာသီတွင် မကွေးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုမှ ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲကို အများအပြားကြုံတွေ့ခဲ့ကြရသည်။ ထို့ကြောင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ရေလှူဒါန်းမှုနှင့် အဝီစိစက်ရေတွင်း တူးဖော်လှူဒါန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ အများပြည်သူက အများပြည်သူအတွက် ၀ိုင်းဝန်းလှူဒါန်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် အစိုးရကလည်း ကျေးရွာများ ရေရရှိရေးအတွက် ယခင်နှစ်များကထက် ပိုမိုဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကဲ့သို့ ဆောင်ရွက်ခဲ့မှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေ ခက်ခဲလေ့ရှိသည့် ကျေးရွာများတွင် အဝီစိစက်ရေတွင်းများ၊ မိုးရေလှောင်ကန်များ တည်ရှိလာခဲ့ကြသည်။

သို့သော် ကျေးရွာအချို့၏ မြေအောက်ရေကြောတွင် ရေချိုရရှိနိုင်သည့် အခြေအနေမရှိခြင်း၊ မြေအောက်ရေ ထုတ်ယူရေးအတွက် တွင်းတူးဖော်ရန် မြေအောက်အခက်ခဲများ ရှိနေခြင်းတို့ကြောင့် အဝီစိစက်ရေတွင်း လုံးဝမရှိသေးသည့် ကျေးရွာများလည်း ကျန်ရှိနေသေးသည်။ ထိုသို့ အဝီစိစက်ရေတွင်း မရှိသည့်ကျေးရွာများ ရှိနေသေးခြင်း အဝီစိစက်ရေတွင်းရှိသည့်တိုင် ကျေးရွာနေပြည်သူအားလုံး လုံလောက်စွာသုံးစွဲနိုင်မည့် ရေပမာဏ မထုတ်ယူနိုင်ခြင်း၊ ရေတွင်းရေကန်များ ရေလျော့နည်း ခန်းခြောက်လာခြင်းတို့ကြောင့် နွေရာသီကတည်းကပင် သောက်သုံးရေအခက်အခဲ ကြုံတွေ့လာရသည့် ပြည်သူများလည်း ရှိနေခဲ့သည်။

အဆိုပါကဲ့သို့ အခက်အခဲများကြောင့် သောက်သုံးရေအတွက် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုကိုသာ အားပြုခဲ့ရသည့် ကျေးရွာများသည် ယခုဇူလိုင်လကုန်ပိုင်းအထိ မိုးခေါင်နေမှုကြောင့် သောက်သုံးရေအခက်အခဲကို ပိုမိုကြီးလေးစွာ ရင်ဆိုင်လာကြရသည်။ ထို့အပြင် မိုးခေါင်၍ ရေကန်များ ရေမတင် သေးခြင်းနှင့် သဘာဝရေထွက်စမ်းတွင်းများ ရေမအောင်နိုင်သေးခြင်းတို့ကြောင့် မူလက သောက်သုံးရေ ဖူလုံရုံသာရှိခဲ့သည့် ကျေးရွာများတွင်လည်း ရေအခက်အခဲကို ရင်ဆိုင်လာကြရသည်။

“ ကျေးရွာအများစုမှာ အဝီစိ စက်ရေတွင်းတွေ ရှိလာကြပေမယ့် ကျေးရွာအမည်မပေါက်တဲ့ တဲတိုက်တွေမှာ သဘာဝရေကန်တွေ၊ စမ်းတွင်းတွေကိုပဲ မှီခိုကြရပါတယ်။ အဝီစိစက်ရေတွင်း တစ်တွင်းတည်းကို တစ်ရွာလုံးက မှီခိုနေရတဲ့ ကျေးရွာမှာ အဲဒီအဝီစိတွင်းက ပျက်လိုက်ရင် ကန်တွေမှာလည်း ရေမတင်သေးတော့ သောက်သုံးရေအခက်အခဲတွေက ပိုများလာပါတယ်” ဟု မကွေးမြို့နယ် ကြာကန်ကျေးရွာမှ သောက်သုံးရေလှူဒါန်းမှုများ ဆောင်ရွက်နေသည့် ဦးဇော်မင်းထိုက်က ပြောကြားသည်။

ကျေးရွာအများစုတွင် အဝီစိ စက်ရေတွင်းများ ရှိလာသော်လည်း ထိုအဝီစိစက်ရေတွင်းမှ ထွက်ရှိသည့် ရေသည် သောက်သုံးရေအဖြစ် အသုံးပြုရန် သင့် မသင့် ကျန်းမာရေး စံချိန်စံညွှန်းများဖြင့် မစစ်ဆေးနိုင်သေးသည့် အခြေအနေလည်း တည်ရှိနေသည်။ မည်သို့ပင်ဆိုစေ သောက်သုံးရေအတွက် အဝီစိစက်ရေတွင်းရှိလျှင်ပင် အဆင်ပြေပါသည်ဟု ဆိုရမည့်အခြေအနေတွင် အဝီစိစက်ရေတွင်း တူးဖော်၍ မရနိုင်သည့် အခက်အခဲများ၊ စက်ရေတွင်းရှိသော်လည်း ပျက်နေသည့် အခြေအနေများ၊ မိုးခေါင်မှုကြောင့် ရေတွင်းရေကန်များတွင် ရေမတင်နိုင်သေးသည့် အဖြစ်အပျက်များက ကျေးလက်နေ ပြည်သူများအား သောက်သုံးရေ အခက်အခဲဟူသည့် ထောင်ချောက်အတွင်းသို့ တိုးဝင်စေလျက်ရှိနေသည်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် နွေရာသီက အယ်လ်နီညို ရာသီဥတုကို ရင်ဆိုင်ခဲ့ရပြီး ပြင်ဦးလွင်ကဲ့သို့ မြို့မျိုးမှာပင် အပူချိန် မြင့်တက်မှုကို လက်တွေ့ကျကျ ခံစားခဲ့ရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်ပြီး အပူချိန်အမြင့်ဆုံး ဖြစ်လေ့ရှိသည့် ချောက်မြို့တွင် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀  ခုနှစ်များ၏ နွေရာသီတွင် နေ့အပူချိိန် မြင့်တက်သည်ထက် မြင့်တက်၍ စံချိန်သစ်များ တင်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နွေရာသီက ချောက်မြို့၏ အမြင့်ဆုံးနေ့အပူချိန်သည် ၄၇ ဒဿမ ၅ စင်တီဂရိတ်သို့ ရောက်ရှိသည်အထိ စံချိန်သစ်တင်ခဲ့သည်။

တစ်နှစ်ထက်တစ်နှစ် အပူချိန် တိုးမြင့်လာမှုများ ရာသီဥတု ဖောက်ပြန်လာမှုများက လူသားတို့အတွက် ပြဿနာနှင့် အခက်အခဲများကိုလည်း တိုးပွားသည်ထက် တိုးပွားလာစေခဲ့သည်။ ယင်းအခြေအနေများအတွက် လက်တွေ့အကျဆုံး ဥပမာသည် ယခုမြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် မိုးခေါင်မှုကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများပင် ဖြစ်သည်။ မိုးနည်းရပ်ဝန်းဒေသတွင် မိုးခေါင်မှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးခြင်း၊ နွားစာခက်ခဲခြင်း၊ သောက်သုံးရေ ရှားပါးခြင်းတို့ကို ရင်ဆိုင်နေရချိန်တွင် ဧရာဝတီမြစ်အတွင်း ကမ်းလုံးပြည့် ရေတက်လာ၍ ကျေးရွာအချို့တွင် ရေကြီးမှုကိုပါ ပူးတွဲခံစားနေရခြင်းသည် သဘာဝတရားကြီးက လူသားတို့၏ သဘာဝပတ်ဝန်းကျင်အပေါ် ဆင်ခြင်မှုကင်းမဲ့စွာ ဆောင်ရွက်ခဲ့မှုများအား ကျီစားသကဲ့သို့ ရှိနေသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင် မိုးခေါင်မှုကြောင့် နောက်ဆက်တွဲပြဿနာများကို ရင်ဆိုင်နေရသည့် လက်ရှိအချိန်သည် ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းက ဖြစ်ပေါ်ခဲ့သည့် မုန်းချောင်း စံချိန်တင်ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် အချိန်နှင့် အချိန်တူ ဖြစ်နေသည်။ ထို့ပြင် ယင်းဖြစ်စဉ် နှစ်ခု ပေါ်ပေါက်ခဲ့သည့် ကာလသည်လည်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် မဝေးတော့သည့်ကာလချင်းလည်း တူညီနေပြန်သည်။

မည်သည့် နိုင်ငံရေးပါတီက မည်သို့အနိုင်ရ၍ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်မည့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည်ဖြစ်စေ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်နေမှုများအား ကုစားနိုင်မည့် ရေရှည်အစီအမံများ ချမှတ်နိုင်ခြင်းမရှိ၍ သဘာဝတရားကြီးက ပြန်လည်ဒဏ်ခတ်လာခဲ့လျှင် ရှေ့ဆုံးမှရင်ကော့၍ ခံရမည့်သူများသည် အောက်ခြေလူတန်းစားနှင့် တောင်သူလယ်သမားများသာ ဖြစ်သည်ကို ယခု မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ဖြစ်ပေါ်နေသည့် မိုးခေါင်မှုဖြစ်စဉ်က မီးမောင်းထိုးပြလျက်ရှိနေပြီဖြစ်သည်။

Most Read

Most Recent