ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ယိမ်းယိုင်နေသောအခြေအနေနှင့် ကိုဗစ်အလွန် မြန်မာ့စီးပွားရေးကို မျှော်ကြည့်ခြင်း

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ယိမ်းယိုင်နေသောအခြေအနေနှင့် ကိုဗစ်အလွန် မြန်မာ့စီးပွားရေးကို မျှော်ကြည့်ခြင်း
COVID-19 Fund မှ ချေးငွေရရှိရန် လျှောက်ထားနေသူများကို ဧပြီလအတွင်းကတွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 Fund မှ ချေးငွေရရှိရန် လျှောက်ထားနေသူများကို ဧပြီလအတွင်းကတွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 2 August 2020
စည်သူအောင်

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံသည် ကျန်းမာရေးဘေးအန္တရာယ်မှ ကံကောင်းလှစွာ သက်သာရာရနေသော်လည်း နောက်ဆက်တွဲအနေဖြင့် ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရသော စီးပွားပျက်ကပ်အန္တရာယ်လှိုင်းလုံး၏ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရလျက်ရှိသည်။

နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ ဓနကြွယ်ဝမှု၊ ဘဏ္ဍာရေး အခြေအနေ အားနည်းသည့်နိုင်ငံ ဖြစ်သကဲ့သို့ ဆင်းရဲနွမ်းပါးသည့် ပြည်သူလူထုအများအပြား ရှိနေသည့်နိုင်ငံဖြစ်ခြင်းကြောင့် စီးပွားပျက်ပါက ထိခိုက်နိုင်သော လူအများအပြားကို ကယ်ဆယ်နိုင်ရေးမှာ စိန်ခေါ်မှုများစွာ ရှိနေသည်။

ကပ်ရောဂါ၏ ကာလကြာရှည်စွာ သက်ရောက်မှုဒဏ်ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး၊ အလုပ်အကိုင်၊ဝင်ငွေနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားစွာဖြစ်ပေါ်နေပြီး စီးပွားရေးအရ ထိခိုက်နိုင်ခြေအဆင့်သည် မြင့်မားစွာရှိနေသည်။ စီးပွားရေး လုပ်ရကိုင်ရ ခက်ခဲလာခြင်းနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများလည်း နည်းပါးလာခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်းချီလျော့နည်းပျောက်ဆုံးလာသကဲ့သို့ မြို့ပြတွင်ရော ကျေးလက်တွင်ပါ အလုပ်အကိုင် ဆုံးရှုံးသွားသူပေါင်းများစွာ ရှိလာနိုင်ခြင်းဖြစ်သည်။

ကျေးလက်ရှိ အဓိကအလုပ်အကိုင် အခွင့်အလမ်းများဖြစ်သော လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောဥယျာဉ်များနှင့် မြို့ပြရှိ အဓိက အလုပ်အကိုင် အခွင့်အလမ်းများဖြစ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် လက်လီလက်ကား အရောင်းအဝယ်လုပ်ငန်းများသည် အဆိုးရွားဆုံး အခြေအနေများဖြစ်ပြီး ယင်းတို့အနက် အမျိုးသမီးနှင့် ကလေးသူငယ်များအထိ ထိခိုက်မှုအန္တရာယ်ကို အပြင်းထန်ဆုံး ခံစားနေရခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း အလုပ်အကိုင်နှင့် စီးပွားရေးဂယက်ရိုက်မှု အရှိန်အဟုန် ပိုမိုပြင်းထန်လာပြီး စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ ဝင်ငွေရရှိရာ အလုပ်အကိုင်အခွင့်အလမ်းများ ဆိုးရွားစွာ ထိခိုက်မှုမရှိစေရန် ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ အလုပ်အကိုင်ဖန်တီးပေးမှုက ကျွန်မတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ရဲ့အဓိကအချက်ပဲ” ဟု ဂျပန်စီးပွားရေးအသင်းအဖွဲ့ Keidanren နှင့်ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားအရေး အစီအစဉ်နှင့်ပတ်သက်၍ ပြောကြားသည်။

COVID-19 ၏ စီးပွားရေးအပေါ် ထိခိုက်သက်ရောက်သော အကျိုးဆက်အဖြစ် ပြည်တွင်းစျေးကွက်နှင့် ပို့ကုန်စျေးကွက်ကို အားပြုနေသော ကုန်ထုတ်စက်ရုံများသည် ဝယ်လိုအားကျဆင်းမှုဒဏ်ကို ပြင်းထန်စွာ ခံနေကြရပြီး အဆိုပါပြည်တွင်းပြည်ပပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းများသည် နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေပေးအပ်သော အဓိကလုပ်ငန်းများဖြစ်သည်။

“COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုက ကမ္ဘာ့စီးပွားရေးကို ထိခိုက်ယိုယွင်းစေပြီး မြန်မာနိုင်ငံရဲ့စီးပွားရေး ဆောင်ရွက်မှုမှာလည်း လျင်မြန်စွာ တိုးဝင်တိုက်ခိုက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ရောဂါရဲ့ ထိခိုက်သက်ရောက်မှုတွေ အပြည့်အဝ မရှိသေးဘူးလို့ ဆိုနိုင်ပေမဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်မှုအတွက် အကျိုးဆက်တွေကိုတော့ ကြုံတွေ့ခံစားရမှာဖြစ်ပါတယ်။ လတ်တလော မြန်မာနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းတွေက စိုးရိမ်ဖွယ်ရှိတဲ့ ဝယ်လိုအား ကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရပါတယ်” ဟု ပို့ကုန်ကဏ္ဍများအပေါ် COVID-19 ၏ အကျိုးသက်ရောက်မှုအစီရင်ခံစာတွင် မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MYANTRADE) ညွှန်ကြားရေးမှူးချုပ် နော်မူတာကပေါက အမှာစကား ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍများအပေါ် COVID-19 ၏ သက်ရောက်မှုစစ်တမ်းအရ မြန်မာကုမ္ပဏီများ၏ ရာခိုင်နှုန်း ၅၀ သည် ၎င်းတို့၏ ထိပ်ဆုံးဖောက်သည် ငါးဦးထံမှ ဝယ်လိုအား လျှော့ချမှုကို ကြုံတွေ့ရပြီး ၁၈ ရာခိုင်နှုန်းသည် အဝယ်အမှာစာများ ပယ်ဖျက်ခြင်း သို့မဟုတ် ပြန်ပို့ခြင်းကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်ဟု မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANTRADE) မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍများအပေါ် ကိုဗစ်၏ သက်ရောက်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ပပို့ကုန်ကဏ္ဍများအပေါ် COVID-19 ၏ ထိခိုက်သက်ရောက်မှုအား ဆန်းစစ်လေ့လာသည့် စစ်တမ်းတစ်ခုကို ၂၀၂၀ ပြည့်နှစ် မေလက ပြုလုပ်ခဲ့သည်။ အမျိုးသား ပြည်ပပို့ကုန်မဟာဗျူဟာ (NES) ကို ဦးစားပေး ကဏ္ဍများရှိ စုစုပေါင်းကုမ္ပဏီ ၂၆၆ ခုသည် စစ်တမ်းကို တုံ့ပြန်ဖြေကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း ၃၀ နီးပါးသည် ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ၄၆ ရာခိုင်နှုန်းသည် အသင့်အတင့် ထိခိုက်ခဲ့ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍသည် အများဆုံးထိခိုက်ပြီး ယင်း၏နောက်၌ အထည်အလိပ်နှင့် အဝတ်အထည် (T & G) လုပ်ငန်းကဏ္ဍက ဒုတိယလိုက်ကြောင်း သိရသည်။

အခွန်ဘဏ္ဍာငွေရရှိမှုအတွက် ၎င်း၏ ပြည်ပပို့ကုန်လုပ်ငန်းများအပေါ် လုံးဝနီးပါး မှီခိုနေရသော ရော်ဘာကဏ္ဍသည်လည်း ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း၊ ပို၍သေးငယ်သော ရော်ဘာလုပ်ငန်း ကုမ္ပဏီများအားလည်း သိသိသာသာ ထိခိုက်သည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။

စစ်တမ်းက မြန်မာကုမ္ပဏီများ၏ ရာခိုင်နှုန်း ၅၀ သည် ၎င်းတို့၏ ထိပ်ဆုံးဖောက်သည် ငါးဦးထံမှ ဝယ်လိုအား လျှော့ချမှုကို ကြုံတွေ့ရပြီး ၁၈ ရာခိုင်နှုန်းသည် အဝယ်အမှာစာများ ပယ်ဖျက်ခြင်း သို့မဟုတ် ပြန်ပို့ခြင်းကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်ဟု ဖော်ပြထားသည်။

ကုမ္ပဏီတစ်ဝက်ကျော်က စစ်တမ်း နောက်ပိုင်းသုံးလအတွင်း အဝယ်အမှာစာ လျော့နည်းသွားလိမ့်မည်ဟု မျှော်မှန်းထားသည်။ ၎င်းတို့အကြားတွင် ကုမ္ပဏီ ၁၉ ရာခိုင်နှုန်းက ကျဆင်းမှုရာခိုင်နှုန်း ၂၀ ထက် ကျော်လွန်သည့် အကြီးအကျယ် ကျဆင်းမှုရှိမည်ဟု မျှော်လင့်ထားသည်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်ဆက်စပ်သည့် မရေရာမှု လက္ခဏာများလည်း ရှိသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးလုပ်ငန်းများ၏ ၃၆ ရာခိုင်နှုန်းသည် လာမည့်သုံးလအတွင်း ၎င်းတို့၏ကြိုတင်အမှာစာများကို အတည်မပြုနိုင်သောကြောင့် ဖြစ်သည်။

တွေ့ဆုံမေးမြန်းသည့် ကုမ္ပဏီများ၏ ရာခိုင်နှုန်း ၄၀ ခန့်က အကျပ်အတည်း၏အကျိုးဆက်အဖြစ် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများအား ပြည်ပတင်ပို့ရာတွင် အခက်အခဲများရှိကြောင်း အစီရင်ခံခဲ့သည်။ သွင်းအားစုများ ဝယ်ယူခြင်းသည်လည်း ၃၄ ရာခိုင်နှုန်းတွင် စိန်ခေါ်မှုများရှိနေပြီး ပြည်ပမှဝယ်ယူခြင်းတွင် ၁၈ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှ ဝယ်ယူခြင်းတွင် ၁၆ ရာခိုင်နှုန်းရှိသည်။

နယ်စပ်စစ်ဆေးမှု/ ပိတ်ပင်မှုများ တိုးမြှင့်ခြင်းကြောင်း နှောင့်နှေးကြန့်ကြာမှုများသည် စစ်တမ်းကောက်ယူခဲ့သည့် ကမ္ဘာ့စီးပွားရေးတွင် ပါဝင်ဆောင်ရွက်နေသော မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ တစ်ဝက်ကျော်ကို ထိခိုက်ခဲ့သည်။ အခြားအဓိက လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များတွင် ထပ်ဆောင်း ကျန်းမာသန့်ရှင်းရေးဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများ ၂၂ ရာခိုင်နှုန်းနှင့် ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်များနှင့် သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ရေးတွင် အခက်အခဲများ ရာခိုင်နှုန်း၂၀ ပါဝင်သည်။

အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီရန် အစိုးရ၏အစီအမံများကြား၌ အခွန်လျှော့ပေါ့ခြင်း၊ သို့မဟုတ် ယာယီ အခွန်ရပ်ဆိုင်းခြင်း၊ ဘဏ္ဍာရေးအစီအစဉ်များနှင့် ငှားရမ်းခထောက်ပံ့ငွေ သို့မဟုတ်  လျှပ်စစ်ဓာတ်အား၊ ရေ စသည့်ဝန်ဆောင်မှု လုပ်ငန်းများ၏ ကျသင့်ငွေကို လျှော့ပေါ့ခြင်း/ ရပ်ဆိုင်းခြင်း စသည်တို့သည် အလိုလားဆုံးဖြစ်သော အစီအမံ သုံးခုဖြစ်ကြောင်း၊ ယခုရလဒ်က COVID-19 ကြောင့် ဖြစ်သော ငွေရေးကြေးရေး အခက်အခဲဒုက္ခကိုလည်းကောင်း၊ ဘဏ္ဍာရေး/ အခွန်ဘဏ္ဍာဆိုင်ရာ လှုံ့ဆော်မှုအစီအစဉ်တစ်ခုအား လိုအပ်မှုကိုလည်းကောင်း မီးမောင်းထိုးပြသည်ဟုလည်း ဖော်ပြထားသည်။

ပြည်ပပို့ကုန်ကဏ္ဍ အများစုသည် COVID-19 အကျပ်အတည်းနှင့် နာလန်ထူပြီး နောက်ပိုင်းကာလတွင် အကျိုးသက်ရောက် ထိခိုက်မှုခံရသကဲ့သို့ ဆက်လက်၍လည်း ခံရလိမ့်မည်ဟု မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MYANTRADE) မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍများအပေါ် ကိုဗစ်၏ သက်ရောက်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝယ်ယူခြင်း၊ စားသုံးခြင်းနှင့် ခရီးသွားလာခြင်းစသည်တို့၌ ပြောင်းလဲသွားသော စားသုံးသူ အပြုအမူ၊ ကုမ္ပဏီများအတွက် ပို၍စိန်ခေါ်မှုရှိသော စျေးကွက်ဝင်ရောက်မှု၊ ပို၍တင်းကျပ်သော စားသောက်ကုန် ဘေးကင်းရေးနှင့် ရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာရမည့် အခက်အခဲများ၊ သယ်ယူပို့ဆောင်ရေးနှင့် နယ်စပ်ကန့်သတ်ချက်များကြောင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာများ၊ ကုန်ထုတ်လုပ်ရေး လုပ်နည်းကိုင်နည်းများအား ဒစ်ဂျစ်တယ်ပုံစံဖြင့် ကွန်ပျူတာဖြင့်   လုပ်ကိုင်ခြင်းနှင့် ပြောင်းလဲခြင်း စသည်တို့တွင် ကမ္ဘာ့ကပ်ရောဂါ၏ သွယ်ဝိုက်ထိခိုက်သက်ရောက်မှုကို တွေ့မြင်ရလိမ့်မည်ဖြစ်ကြောင်း၊ ယခုဖော်ပြထားသည်မှာ အနည်းငယ်မျှသာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

COVID-19 ကာလအတွင်း စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းပေါင်း ၅၆၀၀ ကျော်ပိတ်ခဲ့ရပြီး ပြည်ပနိုင်ငံများမှ ပြန်လာသည့် အလုပ်သမားများအပါအဝင် အလုပ်လက်မဲ့ဦးရေ နှစ်သိန်းခွဲခန့်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်ကြိုင်က ဇွန် ၂၆ ရက်က ပြောကြားထားသည်။

“COVID-19 ကာလမှာ ပြည်ပက ဝင်လာတဲ့အလုပ်သမားက တစ်သိန်းကျော်ရှိတယ်။ အဲဒီလိုပဲ ပိတ်သွားတဲ့ စက်ရုံ အလုပ်ရုံဆိုတာ လူမှုဖူလုံရေးဝင်တာက အလုပ်သမား ငါးဦးရှိရင် လူမှုဖူလုံရေးဝင်တယ်ဆိုတော့ တချို့စားသောက်ဆိုင်လေးတွေ ဘာလေးတွေကအစ အသေးလေးတွေ ပါတယ်။ အဲဒီမှာ စက်ရုံ၊ အလုပ်ရုံအကြီးတွေကတော့ ၂၇၀ လောက်ရှိတယ်။ အဲဒီအသေးလေးတွေအပါ ပေါင်းလိုက်မယ်ဆိုရင် စက်ရုံပေါင်း ၅၆၅၈ ခု ပိတ်သွားတယ်။ အဲဒီအတွက် အလုပ်လက်မဲ့က ၁၄၀၀၀၀ ကျော် ထွက်လာတယ်။ ဟိုကပြန်လာတာက တစ်သိန်းကျော် ပြည်တွင်းမှာ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်အသေးလေးတွေ အစက ၁၄၀၀၀၀ ကျော်ဆိုရင် စုစုပေါင်း ၂၄၀၀၀၀ ကျော်လောက် ဖြစ်သွားတယ်” ဟု ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ဆိုသည်။

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုအခြေအနေများ သိရှိနိုင်ရန်  ကုန်သည်စက်မှုအသင်းချုပ်က ကုမ္ပဏီပေါင်း ၄၄၀ ကို စစ်တမ်းကောက်ယူခဲ့ရာ ၇၆ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းများတွင် အရောင်းကျသွားသည်ကို တွေ့ရှိရကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက ကုန်သည်စက်မှုအသင်းချုပ်မှ စီစဉ်ရိုက်ကူးခဲ့သည့် Webinar Series တစ်ခုတွင် ပြောကြားသည်။

 “ စီးပွားရေးမှာတော့ လောလောဆယ် Cash Flow ဖြစ်နေတဲ့ အခြေအနေကို ကုစားဖို့လိုပါတယ်။ ပြီးသွားရင် ဒီ Crisis ဖြစ်နေတဲ့ ကာလအလွန်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပြီး ရုန်းထနိုင်ဖို့အတွက် ဒေဝါလီခံရတာတွေ မဖြစ်အောင် နိုင်ငံတော်အစိုးရအနေနဲ့ ကုစားဖို့ထောက်ပံ့ပေးဖို့လိုပါတယ်လို့ တင်ပြထားပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက ပြောကြားသည်။

COVID-19 အကျပ်အတည်းသည် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုနယ်ပယ်အတွင်းရှိ မြန်မာ့စီးပွားရေး အသိုက်အဝန်း အထူးသဖြင့် အခြေတည်ဆဲ၊ ဖွံ့ဖြိုးဆဲ အသေးစား၊ အငယ်စားနှင့် အလယ်အလတ်တန်းစားလုပ်ငန်းများ (MSMEs) ကို အကြီးအကျယ်ပျက်စီးစေပြီး မြန်မာ့စီးပွားရေးကို များစွာထိခိုက်စေကြောင်း DaNa Facility ၊ ကုလသမဂ္ဂရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့နှင့် နိုင်ငံတကာကုန်သွယ်ရေး ဗဟိုဌာနတို့ ပူးပေါင်းဆန်းစစ်ထားသည့် အစီရင်ခံစာတွင် သုံးသပ်ထားသည်။

စီးပွားရေးအသိုက်အဝန်းနှင့် MSME များကို ကာကွယ်ရန်နှင့် ပြန်လည်အသက်သွင်းရန်အတွက် အစိုးရ၏ အကျိုးသက်ရောက်မှုရှိသော တုံ့ပြန်မှုက အဓိကကျလှပြီး ၎င်းတွင် အကျပ်အတည်းအတွက် အကြီးစား တုံ့ပြန်မှုမှသည် စီးပွားရေးလုပ်ငန်းနှင့် MSME များအပေါ် အသေးစိတ်ပံ့ပိုးမှုအထိ အမျိုးမျိုး ပါဝင်သော ကြောင်းကျိုးဆီလျော်သည့် လုပ်ဆောင်ချက်များ ရေးဆွဲ အကောင်အထည်ဖော်ရန် လိုအပ်သည်။ ကမ္ဘာအနှံ့ မငြိမ်သက်မှုများ ဖြစ်နေသည့်ကာလအတွင်း မြန်မာနိုင်ငံတွင် ကပ်ရောဂါ၏ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များ အလိုက်အထိုက် ငြိမ်သက်နေပြီဖြစ်သော်လည်း မြန်မာနိုင်ငံအနေနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို နိုင်နင်းစွာထိန်းချုပ်ရန်၊ လတ်တလော စီးပွားရေးအကျိုးအမြတ် ရရှိမှုများကို ကာကွယ်ရန်နှင့် အကျပ်အတည်းမှ ပြန်လည်ထူထောင်ရန်တင်သာမက စီးပွားရေးစနစ်ကိုပါ ပြန်လည်အသက်သွင်းပေးနိုင်သော မူဝါဒများထည့်သွင်းရန် ဆက်လက်ရည်မှန်းရမည်ဖြစ်သည်ဟု အဆိုပါအစီရင်ခံစာက သုံးသပ်ထားသည်။

COVID-19 ကပ်ရောဂါအလွန် မြန်မာနိုင်ငံဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်ရောက်ရန် အလုပ်အကိုင်ဖန်တီးရေးနှင့် စီးပွားရေး ပြန်လည်ထူထောင်ရန် ပုဂ္ဂလိကကဏ္ဍတိုးတက်ရေး ပိုမိုအရေးကြီးကြောင်း IFC ဌာနေ မန်နေဂျာအသစ် ဂျိန်း (ယွမ်) စူးက ပြောကြားသည်။

ကမ္ဘာ့ဘဏ်၏နောက်ဆုံးထုတ် မြန်မာနိုင်ငံစီးပွားရေး စောင့်ကြည့်လေ့လာချက်အရ COVID-19 ၏ ရလဒ်အနေဖြင့် အခြေခံအချက်အလက် ခန့်မှန်းချက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးကြီးထွားမှုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု ခန့်မှန်ထားသည်။

COVID-19 ထိုးနှက်မှုသည် ကောင်းမွန်သော စီးပွားရေးစီမံခန့်ခွဲမှုအပေါ် ကုန်ကျစရိတ်များရှိလာစေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်လွယ်မှုကို ဖြစ်ပေါ်လာစေသည်။ မှန်ကန်သော မူဝါဒရွေးချယ်မှုများ၊ ခိုင်မာသော ပုဂ္ဂလိကကထောက်ပံ့မှုတို့ဖြင့်သာ မြန်မာနိုင်ငံသည် လာမည့်ဆယ်စုနှစ်နှစ်ခုတွင် မြင့်မားသော ဖွံ့ဖြိုးကြီးထွားမှုနှုန်းကို ရေရှည်ထိန်းသိမ်းနိုင်ပြီး မြင့်မားသော အလယ်အလတ်အဆင့်ဝင်ငွေ အခြေအနေကို ရရှိနိုင်မည်ဖြစ်သည်။

“ လက်ရှိ COVID-19 ကပ်ရောဂါဟာ ခန့်မှန်းထားတဲ့ စီးပွားရေးဖွံ့ဖြိုးကြီးထွားမှု ကျဆင်းတာနဲ့အတူ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုအသစ်တွေ ဖန်တီးပေးထားပါတယ်။ ကပ်ရောဂါက မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးပြီး ထိခိုက်လွယ်တဲ့ပြည်သူတွေရဲ့ အသက်တွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်ပြီး တိုင်းပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ ပို့ကုန်လုပ်ငန်းတွေ နှောင့်နှေးပြီးတော့ ခရီးသွားလုပ်ငန်း ကဏ္ဍလည်း ရပ်လုနီးပါးဖြစ်နေပါတယ်။ ဒီအခြေအနေမှာ ကပ်ရောဂါအလွန် ရေရှည်တည်တံ့ပြီး ဘက်စုံပါဝင်တဲ့ ဖွံ့ဖြိုးကြီးထွားရေးလမ်းကြောင်းတစ်ရပ်ဆီ ရောက်အောင် အလုပ်အကိုင် ဖန်တီးဖို့၊ စီးပွားရေး ပြန်လည်ထူထောင်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍကို ခေါ်ဆောင်ရေးဟာ အရင်ကထက် ပိုအရေးကြီးပါတယ်” ဟု ဂျိန်း (ယွမ်) စူးက ဆိုသည်။

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုအန္တရာယ်ကို ကုစားနိုင်ရန်အတွက် အစိုးရအနေဖြင့် ဧပြီလဆန်းပိုင်းကတည်းက အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ချေးငွေများ ထုတ်ချေးပေးနေပြီး လက်ရှိအချိန်တွင် ပိုမိုဆိုးရွားလာသော စီးပွားရေးအခြေအနေများ ထိခိုက်မှု အန္တရာယ်လျော့ပါး သက်သာရေးအတွက် ချေးငွေများ တိုးမြှင့်ထုတ်ချေးလာသည်။ ဇူလိုင်လကုန်အထိ ပေးအပ်လာသောချေးငွေဆိုင်ရာ ထုတ်ပြန်ကြေညာချက်များအရ စီးပွားရေးလုပ်ငန်းများသို့ ပထမအကြိမ် ကျပ်ဘီလျံ ၁၀၀၊ ဒုတိယအကြိမ် ကျပ်ဘီလျံ ၁၀၀၊ အခြေခံလူတန်းစားများကို ပြန်ထုတ်ချေးနိုင်မည့် အသေးစားငွေရေးကြေးရေး လုပ်ငန်းများသို့ ကျပ်ဘီလျံ ၁၀၀၊ အခြေတကျ ဖွင့်လှစ်ရောင်းချနေသည့် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်ငယ်များသို့ ကျပ်ဘီလျံ ၁၀၀ ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုမှာ ကြောက်မက်ဖွယ်ဖြစ်လာပြီး ၂၀၂၀ ပြည့်နှစ် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် သုညသို့ ချဉ်းကပ်ရန် ခန့်မှန်းထားသည်။ COVID-19 ကာလ စီးပွားရေး အကျပ်အတည်းကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် လေကြောင်းလိုင်းများသည် ထိခိုက်နစ်နာဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ကုန်သွယ်ရေးအထူးပြု စက်မှုလုပ်ငန်းများ၊ အထည်အလိပ်လုပ်ငန်းများနှင့် အခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများသည် ဒုတိယထိခိုက်မှု အများဆုံးလုပ်ငန်းများ ဖြစ်သည်ဟု DaNa Facility ၊ ကုလသမဂ္ဂရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့နှင့် နိုင်ငံတကာ ကုန်သွယ်ရေး ဗဟိုဌာနတို့ ပူးပေါင်းဆန်းစစ်ထားသည့် အစီရင်ခံစာတွင် သုံးသပ်ထားသည်။ နိုင်ငံလုံးဆိုင်ရာ စီးပွားရေး ဆုတ်ယုတ်ကျဆင်းလာမှုကြောင့် အထိခိုက်ဆုံးခံစားရသူများမှာ ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ဆင်းရဲနွမ်းပါးသည့် ပြည်သူများသာဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် COVID-19 ကြောင့် အနုတ်ပြသွားနိုင်သည်အထိ စိန်ခေါ်မှုရှိနေပြီး ထိခိုက်သွားသည့် စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် လုံလောက်သည့်ပံ့ပိုးကူညီမှုများ မလုပ်နိုင်ပါက ရေရှည်စီးပွားရေး ကျဆင်းမှုဒဏ်ကို ခံရနိုင်ခြေမြင့်မားစွာ ရှိနေသည်။ COVID-19 အကျပ်အတည်းကာလအတွင်း ကုစားမှုမှ ပြန်လည်ထူထောင်နိုင်ရေးအထိ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကဏ္ဍစီးပွားရေးမှာ အဓိကအကျဆုံးဖြစ်နေပြီး ပုဂ္ဂလိကလုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်နေမှသာ ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများအတွက် အာမခံချက်ရှိမည်ဖြစ်သကဲ့သို့ နိုင်ငံ့ စီးပွားရေးအသိုက်အဝန်းလည်း ပုံမှန်လည်ပတ်နေမည် ဖြစ်သည်။ မြန်မာ့စီးပွားရေးသည် အစဉ်အဆက် အားနည်းခဲ့သလို COVID-19 ကြောင့် ဗုန်းဗုန်းမလဲရေးအတွက် ပြန်၍ထောက်ကူရာတွင် အဓိကကျောရိုးတစ်ခုဖြစ်သည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရေးကလည်း လက်ရှိအချိန်အထိ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

Most Read

Most Recent