FA ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

FA ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 1 August 2020

အာဆင်နယ်က ဒီပွဲနိုင်ရင် FA ဖလားပြိုင်ပွဲမှာ (၁၄)ကြိမ်မြောက် ချန်ပီယံဆုနဲ့အတူ အအောင်မြင်ဆုံးစံချိန်ကို ထပ်တိုးနိုင်မယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက ဒီဖလားက အာဆင်နယ်အတွက် လာမယ့်ရာသီ ယူရို ပါလိဂ်ဝင်ခွင့်ရမှာဖြစ်ပြီး (၂၆)နှစ်အတွင်း ဥရောပပြိုင်ပွဲနဲ့ ပထမ ဆုံးအကြိမ် မလွဲချော်ဖို့အတွက် ကြိုစားရမယ့် အနေအထားဖြစ် နေတယ်။ ချယ်လ်ဆီးကတော့ အာဆင်နယ်လောက် ဖိအားမရှိ ဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးသားဖြစ်တယ်။ ဒါပေမဲ့ နောက်ထပ် အရေးပါတဲ့အချက်ကတော့ အာတီတာရော၊ လမ်းပတ်အတွက်ပါ ပထမဆုံးဖလားတွေဖြစ်နေခြင်းဖြစ်တယ်။ လမ်းပတ်နဲ့ အာတီတာ နှစ်ဦးစလုံးက ချယ်လ်ဆီးနဲ့ အာဆင်နယ်ကစားသမား ဘဝမှာ သက်ဆိုင်ရာအသင်းတွေရဲ့အဓိက ကစားသမားတွေအဖြစ် FA ဖလားအောင် မြင်မှုကို ရဖူးခဲ့ကြသူတွေလည်းဖြစ်တယ်။

အာဆင်နယ်အသင်းက အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်း ကောင်းကို ပြသနေပြီး ဆီမီးဖိုင်နယ်မှာ ရေပန်းစားနေတဲ့ မန်စီးတီး ကို ကျော်ဖြတ်လာခဲ့တယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း ချန် ပီယံ လီဗာပူးလ်ကို အနိုင်ကစားခဲ့တာတွေ့ရတယ်။ ဒီနှစ်ပွဲစလုံး မှာ အာတီတာက သူ့ရဲ့နည်းဗျူဟာပိုင်း ကျေညက်မှုကို ပြသနိုင် ခဲ့ပြီး အရေးကြီးတဲ့ပွဲတွေအတွက် ပြင်ဆင်မှုကောင်းကောင်းလုပ် နိုင်သူဆိုတာကို ပြသနိုင်ခဲ့တယ်။ လမ်းပတ်ကတော့ ဒီရာသီမှာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ပုံမှန်အနေအထား လောက်ပဲ ပြသနိုင်ခဲ့တယ်။ ထိပ်ဆုံး (၅)သင်းနဲ့ ကစားခဲ့တဲ့ (၈)ပွဲ မှာ နိုင်ပွဲတစ်ပွဲသာရရှိခဲ့တယ်။ ဒါပေမဲ့ အရေးကြီးတဲ့ တစ်ချက်က အာဆင်နယ်ကို အာတီတာရောက်ခါစမှာ အနိုင်ကစားခဲ့ဖူးခြင်း နဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲ၊ ဝုလ်ဗ်နဲ့ ကစားတဲ့အဆုံးအဖြတ်ပွဲ တွေမှာတော့ နိုင်ပွဲယူနိုင်ခဲ့ခြင်းဖြစ်တယ်။

ဒီရာသီတွေ့ဆုံခဲ့တဲ့ နှစ်ကြိမ်အကြောင်း ပြန်ပြောရရင် စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းမှာတုန်းက (၂-၂)ဂိုးစီသရေကျခဲ့ပြီး အဲ့ဒီ ပွဲမှာ ဒေးဗစ်လူးဝစ်ဇ် အနီကတ်အပြခံခဲ့ရတယ်။ ဘယ်လာရင်က (၈၇)မိနစ်မှာ အရေးပါတဲ့ ချေပဂိုးကို သွင်းယူခဲ့တယ်။ အီမရိတ်စ် မှာ ကစားခဲ့တဲ့ပွဲမှာတော့ ချယ်လ်ဆီးက (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး အာတီတာလက်ထက်လည်းဖြစ်တယ်။ ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့ ပွဲတွေထဲက နောက်ဆုံး (၅)ပွဲမှာ အပြန်အလှန်ဂိုးတွေသွင်းယူခဲ့ ကြတာကိုတွေ့ရပြီး ဒါကြောင့် ဒီပွဲမှာလည်း ဗိုလ်လုပွဲဆိုတဲ့ အရှိန် အဝါရှိပေမယ့် နှစ်သင်းစလုံး ဂိုးတွေသွင်းကြမယ်လို့ ယူဆရတယ်။

ချယ်လ်ဆီးအတွက် အားသာတဲ့အချက်ကတော့ တိုက်စစ် ပိုင်းမှာ လက်ရှိ FA ဖလားပြိုင်ပွဲတွေရဲ့အအောင်မြင်ဆုံးကစား သမားတစ်ဦးဖြစ်တဲ့ ဂျရူးကို ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး လက်ရှိ ဂျရူး ရဲ့ Form ကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေတာတွေ့ ရတယ်။  Hold-up-Play ကို ကောင်းကောင်းကစားပေးနိုင်ပြီး အ မြင့်ဘောတွေစိတ်ချရတယ်။ အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်း လဲတဲ့ Conversation Rate ကလည်း သိသိသာသာမြင့်တက် နေတာကိုတွေ့ရတယ်။ သူက အင်္ဂလန်မြေကို ၂၀၁၂ တုန်းက စရောက်ခဲ့ပြီး ဝင်ဘလေကွင်းမှာ အောင်မြင်မှုတွေရယူခဲ့ဖူးသူ ဖြစ်တယ်။ ချယ်လ်ဆီးအတွက်ကစားခဲ့တဲ့ နောက်ဆုံး (၁၀)ပွဲမှာ (၇)ဂိုးသွင်းခဲ့ပြီး နောက်ဆုံး (၄)ပွဲဆက် ဂိုးသွင်းပေးထားတယ်။

အာဆင်နယ်ကတော့ အူဘာမီယန်းကိုပဲ အဓိကစောင့် ကြည့်ရမှာဖြစ်ပြီး နောက်ဆုံး (၂)ရာသီစလုံးမှာ အသင်းရဲ့ထိပ် တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တယ်။ ဗိုလ်လုပွဲကစားမယ့် (၂)သင်းစလုံး မှာ ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီး အခြားကစားသမားတိုင်းထက် ဂိုးသွင်းနှုန်းအပြတ်အသတ်သာခဲ့တာကိုတွေ့ရတယ်။

ချယ်လ်ဆီးက ဗိုလ်စွဲဖို့ ပိုရေပန်းစားနေပြီးလက်ရှိ Form က သိပ်မကွာပေမယ့် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အထက် (၁၀)မှတ်အသာနဲ့ ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမဲ့ အာတီတာနဲ့ ကစားသမားတွေအကြား အပြန်အလှန်လေးစားမှုမြင့်တက်လာ ပြီး ကစားပုံပိုကျစ်လျစ်လာတာက ချယ်လ်ဆီးအတွက် ပိုခက်ခဲ မယ်ဆိုတာကို ပြတယ်။ ခံစစ်တွေက သိပ်စိတ်မချရပေမယ့် ခံစစ် မှာအာဆင်နယ်ပိုကောင်းလာတယ်၊ တိုက်စစ်မှာ ချယ်လ်ဆီးသာ တယ်။ ချယ်လ်ဆီး (၂-၁) လောက်ဖြစ်မယ်ထင်တယ်။

Most Read

Most Recent