အမှန်တရား၏ နောက်ဆုံးတစ်နေ့

အမှန်တရား၏ နောက်ဆုံးတစ်နေ့
Published 31 July 2020

သင်သည် လူအချို့အား တစ်ချိန်လုံးအရူးလုပ်နိုင်ပြီး လူအားလုံးကို အချိန်အချို့၌ အရူးလုပ်နိုင်သည်။ သို့သော် သင်သည် လူအားလုံးကို တစ်ချိန်လုံး အရူးလုပ်နိုင်မည်မဟုတ်ပေ။

                                                                                        အီဗရာဟင်လင်ကွန်း (၁၈၀၉-၁၈၆၅)

                                                                                          အမေရိကန်၏ ၁၆ ဦးမြောက်သမ္မတ

အမှန်တရားနှင့်ပတ်သက်၍ အကြီးမားဆုံးအမှန်တရားမှာ အမှန်တရားသာလျှင် တည်တံ့ခိုင်မြဲခြင်းဖြစ်သည်။ မုသားများ မည်မျှအားကြီးသည်ဖြစ်စေ၊ မုသားများမည်မျှ အမှန်တရားဖြစ်သကဲ့သို့ ရှိနေသည်ဖြစ်စေ၊ အမှန်တရားနှင့် ဆင်တူယိုးမှားဖြစ်နေသော အားကောင်းသည့်မုသားများကို ပွားများဖြန့်ဝေရန် ကြိုးပမ်းနေသူများ မည်မျှပင် အားကောင်းသည်ဖြစ်စေ နောက်ဆုံးတစ်နေ့၌ တွေ့ရသည်မှာ အမှန်တရားကပင် လွှမ်းမိုးအောင်နိုင်သွားခြင်းဖြစ်သည်။ ယင်းသည်ပင်လျှင် အမှန်တရား၏ အရေးအကြီးဆုံး ဂုဏ်သတ္တိနှင့် အမှန်တရား၌သာရှိသော ဂုဏ်သတ္တိဖြစ်သည်။ ထို့ကြောင့် “ရိုးသားမှုအတွက်၊ အမှန်တရားအတွက် မမျှတမှု၊ လိမ်ညာမှုနဲ့ လောဘကြီးမှုတွေကို ဆန့်ကျင်လိုစိတ်အတွက် ထုတ်ဖော်ပြောဆိုရမှာကို ဘယ်တော့မှ မကြောက်ပါနဲ့။ တစ်ကမ္ဘာလုံးက လူသားတွေ အဲဒီလို လုပ်ကြမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲစေလိမ့်မယ်” ဟု သြဇာကြီးမားသည့် စာပေနိုဘယ်ဆုရှင် အမေရိကန်စာရေးဆရာကြီး ဝီလျံဖော့ကနား (၁၈၉၇ - ၁၉၆၂) က ဆိုခဲ့ခြင်းဖြစ်သည်။

မုသားများ လွှမ်းမိုးသည့်နေရာတိုင်းတွင် ရန်လိုသော ဆက်ဆံရေးများ အမြဲတမ်းရှိနေသည်။ စိတ်ရှုပ်ထွေးဖွယ်ရာများ အမြဲတမ်းရှိနေသည်။ နားလည်မှုလွဲမှားခြင်းများ အမြဲတမ်းရှိနေသည်။ မျှော်လင့်ချက်မဲ့ခြင်းသာ အမြဲတမ်းရှိနေသည်။ မုသားများအပေါ်၌ တည်ဆောက်ထားသော ဆက်ဆံရေးဟူသည် တစ်ခါတစ်ရံ၌ အောင်မြင်နိုင်သည်ဟု ထင်ရသော်လည်း ရေရှည်တည်တံ့နိုင်သည့် အနာဂတ်မရှိပေ။ အရည်အချင်းများ အမှန်တကယ်မရှိဘဲ မုသားများကို အကြောင်းပြု၍ ရယူထားသော အလုပ်အကိုင်တစ်ခုသည်ပင်လျှင် အချိန်အခိုက်အတန့်သာခံပြီး မုချဆုံးရှုံးရမည်သာဖြစ်သည်။

တစ်စုံတစ်ဦးအနေဖြင့် ပြဿနာတစ်ရပ်ကို ဖြေရှင်းရန် ကြိုးပမ်းသည့်အခါ ထိုသူသည် သက်ဆိုင်ရာအကြောင်းအရာကို ဖြေရှင်းနိုင်ရန်အတွက် နောက်ကွယ်မှ အမှန်တရားကို ရှာဖွေရန် ကြိုးပမ်းရလေသည်။ လူတစ်ဦးအနေဖြင့် အလုပ်အကိုင်တစ်ခုအတွက် အင်တာဗျူးဖြေဆိုသည့်အခါ အင်တာဗျူးသူသည် အလုပ်လာလျှောက်သူနှင့် သူ၏ကျွမ်းကျင်မှုနှင့်ပတ်သက်သော အမှန်တရားကိုသိရှိကြရန် ကြိုးပမ်းမည်ဖြစ်သည်။ တရားရုံးတစ်ခုသည် စီရင်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်သည့်အခါ အမှုနှင့်ပတ်သက်သော အမှန်တရားကို သိရှိပြီးနောက်မှသာလျှင် ယင်းကဲ့သို့ ပြုလုပ်နိုင်မည်။ လူသားဟူသည် အမြဲမပြတ် အမှန်တရားကို စူးစမ်းရှာဖွေနေသော သတ္တဝါဟု ဆိုကြသည်။ လူသားတို့သည် ကျယ်ပြောလှသော သမုဒ္ဒရာများ သို့မဟုတ် အဆုံးမရှိသော ကောင်းကင်များ သို့မဟုတ် ပျော်ရွှင်မှုနည်းပါးရသည့်အကြောင်းများ သို့မဟုတ် ဘဝ၌ တွေ့ကြုံခံစားရမှုများ အစရှိသည်တို့နှင့်ပတ်သက်သော အမှန်တရားကို အမြဲမပြတ် စူးစမ်းရှာဖွေခဲ့ကြသည်။ မည်သည့်အရာနှင့်ပတ်သက်၍မဆို အမှန်တရားသည်သာ ဖြေရှင်းမှုများကို ပေးနိုင်သည်။ မုသားများ၌ မည်သည့်အခါမျှ ဖြေရှင်းချက်များမရှိပေ။

အမေရိကန်စာရေးဆရာ မက်တွိန်းက “အမြဲတမ်းအမှန်တရားကို ပြောဆိုပါ။ ဒီလိုနည်းနဲ့ ခင်ဗျားဟာ ခင်ဗျားဘာပြောခဲ့သလဲဆိုတာကို မှတ်မိနေစရာမလိုတော့ဘူူး” ဟု ဆိုခဲ့သည်။ မုသားစကားများ ပြောခဲ့သူသည် အလိမ်ပေါ်မည်စိုးသောကြောင့် မိမိပြောဆိုခဲ့ဖူးသည့်စကားများအား သတိမလွတ်အောင် အမြဲမပြတ် မှတ်မိနေရန်လိုအပ်၏။ ယခင်ပြောခဲ့ဖူးသော စကားများနှင့် ယခုပြောဆိုလိုက်သောစကားများ ရှေ့နောက်ညီညွတ်ခြင်းမရှိပါက လိမ်လည်နေခြင်းဖြစ်ကြောင်း လယ်ပြင်၌ ဆင်သွားသလို ထင်ရှား၍ လာမည်ဖြစ်သည်။ ထို့ကြောင့် မည်သူမဆို အမှန်တရားကို ပြောဆိုလုပ်ကိုင်ခြင်းဖြင့်သာ ရေရှည်တည်တံ့ခိုင်မြဲသော အောင်မြင်မှုများကို ရယူနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent