ချယ်လ်ဆီးအသင်းနှင့်အတူ ၂၀၀၅-၀၆ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူခဲ့ဖူးသော အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ခရက်စပိုက အင်္ဂလန်တွင် နည်းပြအဖြစ် ဆောင်ရွက်လိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ခရက်စပိုသည် ချယ်လ်ဆီးအသင်းနှင့် (၅)နှစ်ကြာလက်တွဲခဲ့စဉ်အတွင်း အေစီမီလန်နှင့် အင်တာမီလန်အသင်းများထံ အငှားချခံခဲ့ရသော်လည်း အင်္ဂလန်ဘောလုံးလောကကို သဘောကျကြောင်းနှင့် ပရီးမီးယားလိဂ်မဟုတ်ဘဲ လိဂ်ချန်ပီယံရှစ်တွင် နည်းပြခွင့်ရလျှင်ပင် ကျေနပ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ခရက်စပို(၄၅)နှစ်သည် ၂၀၁၂ ခုနှစ်တွင် ဘောလုံးသမားဘဝမှ အနားယူခဲ့ပြီး ၂၀၁၄ ခုနှစ်မှစ၍ နည်းပြလောကသို့ ဝင်ရောက်ခဲ့သည်။
လက်ရှိအချိန်တွင် အာဂျင်တီးနားကလပ် Defensa y Justicia အသင်းကို ကိုင်တွယ်နေသည့် ခရက်စပိုက ကျွန်တော် အင်္ဂလန်မှာ ကစားခဲ့တဲ့အချိန်မှာ တကယ်ပျော်ရွှင်ခဲ့ပါတယ်။ အခု နည်းပြဘဝ ရောက်နေချိန်မှာလည်း အဲဒီလို ပျော်ရွှင်မှုကို ပြန်လိုချင်ပါတယ်။ ပရီးမီးယားလိဂ်တင်မဟုတ်ဘဲ လိဂ်ချန်ပီယံရှစ်ကလည်း ကျွန်တော့်ကို ဆွဲဆောင်နိုင်ပါတယ် ဟုပြောကြားခဲ့သည်။









