တစ်မိုင်လျှင် ကျပ်ဘီလျံ ၂၀ ကျော်ထိ ကုန်ကျနိုင်သဖြင့် အမှန်တကယ်ကုန်ကျမှုထက် များစွာပိုမိုနေသည်ဟု ကန့်ကွက်ဝေဖန်ခံရသော လမ်းအရှည် ၆၂ ကီလိုမီတာရှိ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးယူမှု ပြည်ထောင်စုလွှတ်တော် အတည်ပြု

တစ်မိုင်လျှင် ကျပ်ဘီလျံ ၂၀ ကျော်ထိ ကုန်ကျနိုင်သဖြင့် အမှန်တကယ်ကုန်ကျမှုထက် များစွာပိုမိုနေသည်ဟု ကန့်ကွက်ဝေဖန်ခံရသော လမ်းအရှည် ၆၂ ကီလိုမီတာရှိ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးယူမှု ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 29 July 2020
စည်သူ

တစ်မိုင်လျှင် ကျပ်ဘီလျံ ၂၀ ကျော်ထိ ကုန်ကျနိုင်သဖြင့် အမှန်တကယ်ကုန်ကျမှုထက် များစွာပိုမိုနေသည်ဟု ကန့်ကွက်ဝေဖန်ခံရသော လမ်းအရှည် ၆၂ ကီလိုမီတာရှိ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးယူမှု ပြည်ထောင်စုလွှတ်တော် အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ဇူလိုင် ၂၉ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းပြီးနောက် လွှတ်တော်အဆုံးအဖြတ် ရယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းပြီးနောက် လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်မှုများရှိခြင်းကြောင့် မတ်တပ်ရပ်၍ သဘောထားပေးသောနည်းဖြင့် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သားကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ်များက မတ်တပ်ရပ်ခြင်းမရှိဘဲ ကန့်ကွက်ခဲ့သော်လည်း မတ်တပ်ရပ်ထောက်ခံသူ ၃၃၆ ဦးရှိပြီး ယင်းနေ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်သည့် ကိုယ်စားလှယ် ၅၅၂ ဦး၏ ထက်ဝက်ကျော်သောကြောင့် အတည်ပြုရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။  

" အခု ဒီလမ်းဟာ ၆၂ ကီလိုမီတာပဲ ရှည်ပါတယ်။ ကျွန်မတင်ပြသလို အကြမ်းဖျဉ်း သုံးချက်တွက်နဲ့ တွက်ကြည့်ရင် တစ်မိုင်ကို မြန်မာငွေ ၂၂ ဘီလျံလောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဒုဝန်ကြီး တင်ပြသွားတာထဲမှာ ပါပါတယ်။ မအူပင်-ဖျာပုံလမ်း ၅၉ ကီလိုမီတာကို US ဒေါ်လာ သန်း ၈၀ နဲ့ ဆောင်ရွက်တယ်။ US ဒေါ်လာ သန်း ၃၀ (၃၈ ရာခိုင်နှုန်း) ပိုလို့ ပြန်အပ်ရတယ်။ အိန္ဒု-ကော့ကရိတ်လမ်း ၇၀ ကီလိုမီတာကို US ဒေါ်လာ သန်း ၁၂၀ နဲ့ ဆောင်ရွက်တယ်။ US ဒေါ်လာ သန်း ၅၀ (၄၂ ရာခိုင်နှုန်း) ADB ကို ပြန်အပ်ရတယ်။ အဲဒီတော့ ကျွန်မပြောချင်တာက တစ်မိုင်ကို သုံးဘီလျံ၊ လေးဘီလျံလောက် တွက်ထားတာတွေတောင်မှ ထက်ဝက်နီးပါးပိုနေပြီ။ အခု တစ်မိုင်ကို ဘီလျံ ၂၀ ကျော်လောက် ဘာဖြစ်လို့တွက်သလဲဆိုတာ သိချင်ပါတယ်။ ပြီးတော့ တကယ်ကုန်မယ်ဆိုရင်ရော ဒီလမ်းကို မရှိမဖြစ် လိုအပ်ရဲ့လား လိုအပ်ရင်ရော ဒီထက်သက်သာမယ့် နည်းလမ်း မရှိတော့ဘူးလား" ဟု ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ဆွေးနွေးရာတွင် ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ၂၀၁၈ နှင့် ၂၀၁၉ တွင် နှစ်နှစ်ဆက်တိုက် အကြံပြုချက်အဖြစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မဆောင်ရွက်မီ လွှတ်တော်ကော်မတီသို့ လာရောက်ဆွေးနွေးရန် အကြံပြုထားသော်လည်း ယခုစီမံကိန်းသည် အချက်အလက် ရှာဖွေပြီးစီးမှုသည် ၂၀၁၉ ခုနှစ် သြဂုတ် ၂၇ ရက်ဖြစ်သည်ဟု လွှတ်တော်သို့ တင်ပြထားကြောင်း၊ ယခင်တစ်ပတ် လွှတ်တော်သို့ တင်ပြီးမှ ကော်မတီက ခေါ်ယူမှသာ လာရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများ၏ လုပ်ငန်းများသည် လုပ်ငန်းပမာဏငွေပမာဏ အလွန်ကြီးမားကြောင်းနှင့် လွှတ်တော်များ၏ သက်ဆိုင်ရာကော်မတီများကို ယခုကဲ့သို့ လုပ်ငန်းကြီးများ၊ ချေးငွေများ မစတင်မီ သေသေချာချာ အချိန်ယူ၍ လာရောက်ရှင်ပြသင့်ကြောင်း ၎င်းက ဆိုသည်။

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးယူမည့်ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြသည့် စျေးနှုန်းကြီးမြင့်ခြင်းနှင့် မမျှော်မှန်းနိုင်သည့် ကုန်ကျစရိတ်များ များနေရခြင်းနှင့်ပတ်သက်၍ အဆိုပါ စီမံကိန်းတွင် တံတားငယ်များ၊ Culverts များ စုစုပေါင်း ၃၅၁ စင်း ပါဝင်မည်ဖြစ်ကာ ကုန်ကျစရိတ်များကို စီမံကိန်းကုန်ကျစရိတ်တွင် တစ်ပါတည်း တွက်ချက်ထားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းသည်။

ထို့ပြင် စီမံကိန်းအတွက် လွှတ်တော်သို့ ရှင်းလင်းတင်ပြရမည့် ကိစ္စနှင့်ပတ်သက်၍ ချေးငွေရယူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုပြီးသော ချေးငွေများကို ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြရန်အတွက် လွှတ်တော်နာယကကြီးထံ စာဖြင့်တင်ပြကာ ရက်ချိန်းတောင်းဆိုပြီးမှ ရှင်းပြရခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ဇူလိုင် ၁၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခဲ့သည်။

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးငွေရမည့်ကိစ္စအတွက် ပြည်ထောင်စုလွှတ်တော်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တင်ပြစဉ်က ချေးငွေဖြင့်ဆောင်ရွက်သော စီမံကိန်းများတွင် ယခင်က ငွေပြန်လည်အပ်နှံရသော စီမံကိန်းများလည်း ပါဝင်ခဲ့သည်။

" နိုင်ငံတကာစံနှုနှင့်အညီ တွက်ချက်ထားတဲ့ စီမံကိန်းတန်ဖိုးကို အခြေခံပြီး ချေးငွေရယူခြင်းဆိုင်ရာ ညှိနှိုင်းခြင်းများကို ADB နဲ့ ဆောင်ရွက်ရပါတယ်။ တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန်အတွက် International Competitive Bidding ကန်ထရိုက်တာများ ခေါ်ယူတဲ့အချိန်မှာတော့ နိုင်ငံတကာကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုများကြောင့် စီမံကိန်းတန်ဖိုးရဲ့ ခန့်မှန်းခြေ ၄၀ ရာခိုင်နှုန်း လျော့ကျသွားတာကို ယခင် ADB ချေးငွေများနဲ့ ဆောင်ရွက်တဲ့ စီမံကိန်းများမှာ လေ့လာတွေ့ရှိရပါတယ်။ နမူနာအားဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဒေါ်လာ သန်း ၈၀ ဖြင့် ဆောင်ရွက်လျက်ရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်-ဖျာပုံလမ်း စီမံကိန်းတွင် စီမံကိန်းပိုလျှံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀ (စီမံကိန်းတန်ဖိုးရဲ့ ၃၈ ရာခိုင်နှုန်း) ကို ADB သို့ ပြန်လည်အပ်နှံနိုင်ခဲ့ပါတယ်။ အလားတူ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေးငွေဒေါ်လာ သန်း ၁၂၀ ဖြင့် ဆောင်ရွက်လျက်ရှိတဲ့ ကရင်ပြည်နယ်အတွင်းရှိ အိန္ဒု-ကော့ကရိတ်လမ်းပိုင်းတွင်လည်း COVID ကာလတွင်ပင် စီမံကိန်းအား ထိခိုက်မှုမရှိဘဲ စီမံကိန်းပိုလျှံငွေ အမေရိကန်ဒေါ်လာသန်း ၅၀ (စီမံကိန်းတန်ဖိုးရဲ့ ၄၂ ရာခိုင်နှုန်း) အား ADB သို့ ပြန်လည်အပ်နှံနိုင်ခဲ့ပါတယ်" ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ဘတ်ဂျက်လိုငွေကို နိုင်ငံခြားချေးငွေဖြင့် ဖြည့်ဆည်းဆောင်ရွက်ခြင်းအား မူ အားဖြင့် လက်ခံသော်လည်း ချေးငွေကို အဂတိကင်းကင်း၊ အလေအလွင့်အနည်းဆုံးဖြင့် မှန်မှန်ကန်ကန် အသုံးပြုရန် အရေကြီးကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိန်ဝင်းက ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအတွက် အာရှဖွံ့ဖြိးရေးဘဏ် (ADB) ထံမှ ချေးငွေရမည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ပြောကြားသည်။

“ အကြွေးဟာ နောင်အစိုးရသက်တမ်း လေးငါးနှစ်အထိ ပြည်သူရဲ့ ကောက်ခံရရှိတဲ့အခွန်ငွေနဲ့ ပြန်လည်ပေးဆပ်ရာမှ ဖြစ်တဲ့အတွက် အကြွေးယူသူဟာ အကြွေးရှင်မျက်နှာကို ပြန်ကြည့်နေမယ့်အဖြစ်ကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ အစိုးရသက်တမ်းတစ်လျှောက်လုံး ဘတ်ဂျက်လိုငွေတွေကို  နိုင်ငံခြားချေးငွေနဲ့ ဖြည့်ဆည်းဆောင်ရွက်ရတာ မူ အားဖြင့် လက်ခံလို့ရပေမဲ့ ချေးငွေကို ချေးငှားရကျိုးနှပ်အောင် အကျိုးရှိရှိသုံးဖို့၊ အဂတိကင်းကင်း အလေအလွင့်နည်းနည်း သတ်မှတ်ချိန်အတွင်း လိုအပ်တဲ့နေရာမှာ မှန်မှန်ကန်ကန်သုံးဖို့ အရေးကြီးတယ်ဆိုတာ ပြောလိုပါတယ်” ဟု ဗိုလ်မှူးကြီးစိန်ဝင်းက ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂ဝပြည့်နှစ် မတ် ၃၁ ရက်အထိ စာချုပ်ချုပ်သည့် ပြည်ပချေးငွေမှာ အမေရိကန်ဒေါ်လာ ၂၀၀၃ သန်းရှိပြီး ထုတ်ယူသုံးစွဲနိုင်သည့် အမေရိကန်ဒေါ်လာ ၃၄၄ သန်းသာရှိသည်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းလင်းထားသည်။

အဆိုပါ ပဲခူး-ကျိုက်ထို အမြန်လမ်းစီမံကိန်းနှင့်ပတ်သက်၍ အခြားနိုင်ငံများ၏ အမြန်လမ်း တည်ဆောက်ခြင်းလုပ်ငန်းများတွင် ကုန်ကျသော ကုန်ကျစရိတ်များနှင့်နှိုင်းယှဉ်ပါက လွန်စွာများပြားနေခြင်းကြောင့် ဝန်ကြီးဌာနအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဝိုင်းဝန်းစဉ်းစားသုံးသပ်ပေးရန် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်တွင် ဆွေးနွေးရာ၌ ပြောကြားခဲ့သည်။

“ လေ့လာချက်များအရ အမြန်လမ်းအသစ် ဖောက်လုပ်ခြင်းအတွက် ဒေသတွင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ တစ်ကီလိုမီတာကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်းခန့် (ခြောက်လမ်းသွား အမြန်လမ်းအမျိုးအစား) အသုံးပြုနေတာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်က လာအိုနိုင်ငံမှာ တောင်ကိုဖောက်ပြီး အပြိုင်ဆောက်ထားတဲ့ ဥမင်လှိုင်ခေါင်းလမ်းအပါအဝင် တံတားပေါင်း ၄၅ စင်းပါဝင်တဲ့ လေးလမ်းသွား အမြန်လမ်းအမျိုးအစားမှာဆိုရင် စီမံကိန်းလမ်းအရှည် ၁၁၃ ဒသမ ၅ ကီလိုမီတာအတွက် စီမံကိန်းကုန်ကျစရိတ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံဖြစ်လို့ တစ်ကီလိုမီတာကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၅ သန်း အသုံးပြုတာကို တွေ့ရမှာဖြစ်ပါတယ်။ ယခု အဆိုပြုပါ စီမံကိန်းကတော့ တံတားတည်ဆောက်ခြင်း ကုန်ကျစရိတ်ပါအပါ တစ်ကီလိုမီတာကို အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇၁ သန်း ဖြစ်တဲ့အတွက်ကြောင့် အထက်မှာတင်ပြထားတဲ့ အမြန်လမ်းတည်ဆောက်ခြင်း ကုန်ကျစရိတ်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် လွန်စွာများနေတာဖြစ်လို့ ဝန်ကြီးဌာနရော လွှတ်တော်ကိုယ်စားလှယ်များပါ ဝိုင်းဝန်းစဉ်းစား သုံးသပ်ပေးစေလိုပါတယ်” ဟု တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇွဲနေဇော်က ပြောကြားသည်။

အမြန်လမ်းဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာတွက်ချက်မှု စံနှုန်းများအရ ကျေးလက်ဒေသများတွင် ခြောက်လမ်းသွားဖောက်လုပ်ပါက တစ်မိုင်လျှင် ဒေါ်လာ ခုနစ်သန်း ( မြို့ပြဒေသတွင် ဒေါ်လာ ၁၁ သန်း) သာ ကုန်ကျပြီး လေးလမ်းသွားဖောက်လုပ်ပါက တစ်မိုင်လျှင် ဒေါ်လာ ၄ သန်း၀န်းကျင်သာ ကုန်ကျမည်ဖြစ်သောကြောင့် ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးယူငွေ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းအား တွက်ချက်ပါက တစ်မိုင်လျှင်ကျသင့်ငွေသည် လေးလမ်းသွားအတွက် နိုင်ငံတကာ တွက်ချက်ကုန်ကျငွေထက် လေးဆခန့် (ဒေါ်လာ ၁၅ သန်းကျော်) ဖြစ်နေကြောင်း ခန့်မှန်းတွက်ချက်၍ ထောက်ပြမှုများ ရှိနေသည်။

စီမံကိန်းလမ်းအရှည် ၆၂ ကီလိုမီတာသည် မိုင်အားဖြင့် ၃၈ မိုင်ကျော်ရှိပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးယူငွေ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းအား ပျမ်းမျှတွက်ချက်ပါက တစ်မိုင်လျှင် ဒေါ်လာ ၁၅ သန်းကျော် ကုန်ကျမည်ဖြစ်ပြီး အဆိုပါပမာဏတွင် ယင်းစီမံကိန်းအတွက် မြေယာလျော်ကြေးနှင့် ပြောင်းရွေ့ကြေးအတွက် နိုင်ငံတော်အစိုးရက ထည့်ဝင်ငွေဖြစ်သော အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅၄ သန်းအား ထည့်သွင်းပေါင်းစပ်ထားခြင်း မရှိကြောင်း သိရသည်။

Most Read

Most Recent