တိုင်းနှင့် ပြည်နယ် ငါးခုတွင် ကရင်ပြည်သူ့ပါတီက ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများ ဝင်ရောက်ယှဉ်ပြိုင်မည်

တိုင်းနှင့် ပြည်နယ် ငါးခုတွင် ကရင်ပြည်သူ့ပါတီက ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများ ဝင်ရောက်ယှဉ်ပြိုင်မည်
Published 28 July 2020
အောင်ကျော်မျိုး (ဟင်္သာတ)

တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွင် ကရင်ပြည်သူ့ပါတီ (KPP) က ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ (ဗဟို) မှ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။

အဆိုပါ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး အဲဒီငါးခုမှာ ကရင်လူမျိုးရေးရာဝန်ကြီးနေရာတွေ ဝင်မယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲဝင်ပါမယ်။ တိုင်းနဲ့ ပြည်နယ် ခြောက်ခုစလုံးမှာ မျှဝင်မယ်။ ကရင်တိုင်းရင်းသားတွေ အများဆုံးရှိတဲ့နေရာတွေကို အဓိက ဦးတည်ပြီး ရွေးကောက်ပွဲဝင်မှာပါ။ တိုင်းဒေသကြီး လွှတ်တော်တွေမှာ များတယ်။ အမျိုးသားလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ကတော့ ဒုတိယလောက်ပဲ လိုက်တယ်” ဟု ကရင်ပြည်သူ့ပါတီ (ဗဟို) မှ တွဲဖက်အတွင်းရေးမှူး နန့်ခင်အေးဦးက ဆိုသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများအတွက် မဲပေးရွေးချယ်ရာ၌ ကရင်ပါတီများမှ ကရင်လူမျိုးများကိုသာ ရွေးချယ်ပေးပါရန် မဲဆန္ဒရှင်များအား တိုက်တွန်းလိုကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ကရင်တိုုင်းရင်းသား မဲဆန္ဒရှင်တွေကို ပြောချင်တာက ကရင်လူမျိုးရေးရာဝန်ကြီးနေရာကိုတော့ ကိုယ့်ကရင်ပါတီတွေက လူမျိုးတွေကိုပဲ ရွေးချယ်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကရင်လူမျိုးရေးကိစ္စတွေကို ထဲထဲဝင်ဝင်လုပ်နေသောသူများ၊ တကယ့်တကယ် လုပ်နိုင်ကိုင်နိုင်သောသူများကိုသာ မဲပေးဖို့၊ နာမည်ခံဖြစ်ပြီးတော့ ဘာမှမလုပ်တတ်တဲ့သူတွေကို မဲသွားပေးတဲ့အခါမှာ ကိုယ့်အရေးကိုယ့်အရာ စာပေယဉ်ကျေးမှုတွေ ဘာမှကောင်းကောင်း မလုပ်နိုင်ဘူးဆိုတဲ့ဟာကို ပြောချင်ပါတယ်” ဟု နန့်ခင်အေးဦးက ပြောကြားသည်။

Most Read

Most Recent