VAR သာမရှိခဲ့ပါက ဝုလ်ဗ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး စပါး၏အထက်တွင် အာဆင်နယ် ရပ်တည်နိုင်မည်ဟု Daily Mail ဖော်ပြ

VAR သာမရှိခဲ့ပါက ဝုလ်ဗ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး စပါး၏အထက်တွင် အာဆင်နယ် ရပ်တည်နိုင်မည်ဟု Daily Mail ဖော်ပြ
Photo: Daily Mail
Photo: Daily Mail
Published 27 July 2020

၂၀၁၉-၂၀ ဘောလုံးရာသီတွင် ရုပ်သံအထောက်အကူပြုဒိုင်လူကြီးစနစ်(VAR) သာမရှိခဲ့ပါက ဝုလ်ဗ်အသင်းမှာ အဆင့်(၃)နေရာတွင် ရပ်တည်ပြီး လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ရာသီအဆုံးသတ်ပွဲစဉ်(၃၈)မတိုင်မီ တနင်္ဂနွေနေ့(ဇူလိုင် ၂၆ )ထုတ် Daily Mail သတင်းစာတွင် VAR ဆုံးဖြတ်ချက်မပါဝင်သည့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀ ရာသီတွင် VAR ဆုံးဖြတ်ချက်ဖြင့် ပယ်နယ်တီပေးခြင်း၊ ပေးခဲ့သည့်ပယ်နယ်တီကို VAR က ပြန် ပယ်ဖျက်ခြင်း၊ ဝင်သွားသည့်ဂိုးကို VAR က ပြန်ပယ်ဖျက်ခြင်းအစရှိသည့် အဓိကဆုံးဖြတ်ချက်များတွင် VAR ပါဝင်ပတ်သက်မှုကို ပြန်လည်ပယ်ဖျက်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို Daily Mail က ဖော်ပြခဲ့သည်။ 

ယင်းကဲ့သို့ ပြန်လည်တွက်ချက်ဖော်ပြရာတွင် ချန်ပီယံလီဗာပူးလ်အသင်းမှာ လက်ရှိရပ်တည်မှုအတိ်ုင်း အဆင့်(၁)နေရာ၌ ရပ်တည်နိုင်ခဲ့သော်လည်း အမှန်တကယ်ရရှိသည့် ရမှတ်ထက်(၅)မှတ်လျော့နည်းခဲ့သည်။  

မန်စီးတီးအသင်းမှာလည်း လက်ရှိရပ်တည်မှုအတိုင်း အဆင့်(၂)နေရာတွင်ရပ်တည်နိုင်ခဲ့ပြီး ရမှတ်မှာမူ အမှန်တကယ်ရရှိသည့် ရမှတ်ထက်(၆)မှတ်ပိုများခဲ့သည်။ 

သို့ဖြစ်ရာ လီဗာပူးလ်အသင်းနှင့် မန်စီးတီးအသင်း၏ ရမှတ်ကွာခြားမှုမှာ အလွန်မများတော့ဘဲ (၇)မှတ်သာရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ဝုလ်ဗ်အသင်းမှာမူ အမှန်တကယ်ရရှိသော ရမှတ်ထက်(၇)မှတ်ပိုမိုရရှိကာ ချယ်လ်ဆီး၊ မန်ယူအစရှိသောအသင်းများ၏အထက် အဆင့်(၃)နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ 

ဝုလ်ဗ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီတွင် VAR ကြောင့် ရမှတ်အများဆုံး ဆုံးရှုံးခဲ့ရသည့်အသင်းဖြစ်ပြီး အကယ်၍ VAR သာ မရှိခဲ့ပါက လာမည့်ရာသီတွင် ယင်းအသင်းကို ချန်ပီယံလိဂ်၌ တွေ့မြင်ရမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။  

ပရီးမီးယားလိဂ်အသင်းများထဲတွင် VAR ကြောင့် ရမှတ်အများဆုံး အသာရရှိသည့်အသင်းမှာ စပါးအသင်းဖြစ်ပြီး အကယ်၍ VAR သာ မရှိခဲ့ပါက လက်ရှိရမှတ်ထဲမှ (၇)မှတ် လျော့ကျသွားမည်ဖြစ်ကာ အဆင့်(၁၀)နေရာတွင်သာ ရပ်တည်နိုင်မည်ဖြစ်သည်။ 

သို့ဖြစ်ရာ အာဆင်နယ်အသင်းမှာ မြို့ခံပြိုင်ဘက် စပါးအသင်း၏အထက်(အဆင့် ၈ နေရာ)တွင် ရပ်တည်နိုင်မည်ဟု Daily Mail က ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)အထိ ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲ (၃၇၀)ပွဲထဲတွင် VAR ပါဝင်ဆုံးဖြတ်ခဲ့သည့် ပွဲစဉ် (၂၁၆)ပွဲ ရှိခဲ့ပြီး VAR ဆုံးဖြတ်မှု မပါဝင်ခဲ့သော ပွဲစဉ်မှာ (၁၅၄)ပွဲ ရှိခဲ့ကြောင်း သိရှိရသည်။ 

လက်စတာ - ဆောက်သမ်တန်ပွဲနှင့် မန်ယူ - ဘုန်းမောက်ပွဲများမှာ VAR ပါဝင်ဆုံးဖြတ်မှုအများဆုံးဖြစ်ခဲ့ပြီး (၅)ကြိမ်စီရှိခဲ့ကြောင်း သိရှိရသည်။ 

ယင်းပွဲစဉ်(၃၇)ခု၌ VAR ပါဝင်ဆုံးဖြတ်မှုပေါင်း (၃၃၄)ကြိမ်ရှိခဲ့ပြီး ယင်းထဲမှ(၁၀၄)ကြိမ်တွင် ဒိုင်လူကြီးများမှာ မူလဆုံးဖြတ်ချက်ကို VAR ကြောင့် ပြောင်းလဲပြင်ဆင်ခဲ့ရကြောင်း သိရှိရသည်။ 

Most Read

Most Recent