မန္တလေးမြို့၊ အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု ဒေါ်အေးကြင်းထမင်းဆိုင်အနီးရှိ ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်ပြီး မြစ်ရေဝင်ရောက်မှုကြောင့် တောင်သူ ၁၇၂ ဦး၏ ဟင်းသီးဟင်းရွက်စိုက်ခင်း ၁၄၂ ဧက ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေဂဲရေထိန်းတံခါးအနီး တာရိုးသည် ဇူလိုင် ၁၉ ရက် ည ၉ နာရီဝန်းကျင်က ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၀ ရက် ည ၇ နာရီခွဲခန့်တွင် ကျိုးပေါက်မှုကို ထိန်းချုပ်တားဆီးနိုင်ခဲ့ကြောင်း၊ ထိုသို့ တာရိုးကျိုးပေါက်ပြီး မြစ်ရေဝင်ရောက်မှုကြောင့် ယဉ်တော်ကျေးရွာအုပ်စု၊ ရှမ်းကလေးကျွန်းကျေးရွာအုပ်စု၊ မှန်တန်းကျေးရွာအုပ်စုရှိ တောင်သူ ၁၇၂ ဦး၏ ဟင်းသီးဟင်းရွက်စိုက်ခင်း ၁၄၂ ဧက ရေနစ်မြုပ်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာသန်းက ပြောကြားသည်။
“ရွှေဂဲ ရေဆိုးထုတ်စက်ရုံနဲ့ ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းရှိတဲ့ ရေယိုစိမ့်မှုရာကနေ တာရိုးကျိုးပေါက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ် စဖြစ်ကတည်းက အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးမှူးနဲ့ ဝန်ထမ်းတွေအားလုံးဟာဆို ရေဘေးကယ်ဆယ်ရေးလုပ်ငန်းကို အခြားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တာရိုးကျိုးပေါက်ပြီ။ ရေဝင်ရောက်မှုကြောင့် အမရပူရမြို့နယ် ယဉ်တော်ကျေးရွာအုပ်စုမှာဆို ဟင်းသီးဟင်းရွက်စိုက်ဧက ၉၃ ဧက၊ ရှမ်းကလေးကျွန်းကျေးရွာအုပ်စုမှာ ဟင်းသီးဟင်း ရွက်စိုက်ဧကခုနစ်ဧကနဲ့ မှန်တန်းကျေးရွာမှာဆို ဟင်းသီးဟင်းရွက် စိုက်ဧက ၄၂ ဧက၊ အဲဒီကျေးရွာတွေမှာရှိတဲ့ တောင်သူပေါင်း ၁၇၂ ဦးရဲ့ ဟင်းသီးဟင်းရွက်စိုက်ဧက စုစုပေါင်း ၁၄၂ ဧက ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ ပျက်စီးသွားတဲ့ စိုက်ခင်းတွေအတွက် ရေကျသွားတယ်ဆိုရင် ပြန်လည်စိုက်ပျိုးနိုင်ဖို့ ဟင်းသီးဟင်းရွက်မျိုးစေ့တွေ ပြန်လည်ထောက်ပံ့ပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။
ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်ပြီး မြစ်ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအတွက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့များပြန်လည်ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း၊ ယခုအခါတွင် ရေဝင်သည့် ရပ်ကွက်များမှရေများ အမြန်ဆုံးလျော့နည်းသွားစေရန်အတွက် ရေစုပ်စက်ကြီးများဖြင့်ရေစုပ်ထုတ်နေပြီး ရေပြန်လည်ကျဆင်းသွားပါက ယဉ်တော်ကျေးရွာအုပ်စု၊ မှန်တန်းကျေးရွာအုပ်စုရှိ ပျက်စီးသွားသော စိုက်ခင်းဧကအားလုံး ပြန်လည်စိုက်ပျိုးနိုင်ပြီး ရှမ်းကလေးကျွန်းကျေးရွာမှာမူ ဧရာဝတီမြစ်ရေ မြင့်တက်လာသည့်အတွက် စိုက်ခင်းဧကအနည်းငယ်သာ ပြန်လည်စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ပြန်လည်စိုက်ပျိုးမည့် ဟင်းသီးဟင်းရွက်များအနေဖြင့် ဆလပ်၊ ဘူး၊ တရုတ်နံနံ၊ မုန်ညင်း၊ ဖရုံနှင့် ကန်စွန်းတို့ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။















