၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်ရှိ အစိုးရကြွေးမြီလက်ကျန်သည် ပြည်ပကြွေးမြီ ကျပ်ဘီလျံ ၁၅၅၀၀ ကျော်နှင့် ပြည်တွင်းကြွေးမြီ ကျပ်ဘီလျံ ၂၅၂၀၀ ကျော်ရှိ

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်ရှိ အစိုးရကြွေးမြီလက်ကျန်သည် ပြည်ပကြွေးမြီ ကျပ်ဘီလျံ ၁၅၅၀၀ ကျော်နှင့် ပြည်တွင်းကြွေးမြီ ကျပ်ဘီလျံ ၂၅၂၀၀ ကျော်ရှိ
  ဇူလိုင် ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်ရုံး)
ဇူလိုင် ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်ရုံး)
Published 24 July 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်ရှိ အစိုးရ ကြွေးမြီလက်ကျန်သည် ပြည်ပကြွေးမြီ ကျပ်ဘီလျံ ၁၅၅၀၀ ကျော်နှင့် ပြည်တွင်း ကြွေးမြီ ကျပ်ဘီလျံ ၂၅၂၀၀ ကျော်ဖြစ်ပြီး စုစုပေါင်း ကျပ်ဘီလျံ ၄၀၀၀၀ ကျော်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဇူလိုင် ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။

“၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာရှိတဲ့ အစိုးရကြွးမြီလက်ကျန်ဟာ ကျပ် ၄၀၇၅၀ ဘီလျံဖြစ်ပြီးတော့ GDP ရဲ့ ၃၈ ဒသမ ၇၁ ရာခိုင်နှုန်းရှိပါတယ်။ အဆိုပါကြွေးမြီမှာ ပြည်ပကြွေးမြီလက်ကျန် ကျပ် ၁၅၅၀၆ ဘီလျံ၊ GDP ၏ ၁၄ ဒသမ ၇၃ ရာခိုင်နှုန်း၊ ပြည်တွင်းကြွေးမြီလက်ကျန် ကျပ် ၂၅၂၄၄ ဘီလျံ၊ GDP ရဲ့ ၂၃ ဒသမ ၉၈ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်ရှိ ပြည်တွင်းကြွေးမြီအခြေအနေသည် စုစုပေါင်း ကျပ် ၂၅၂၄၃ ဒသမ ၇ ဘီလျံတွင် အစိုးရငွေတိုက်စာချုပ် ကြွေးမြီလက်ကျန် ၇၀၉၂ ဘီလျံ၊ အစိုးရငွေတိုက်လက်မှတ် ကြွေးမြီလက်ကျန် ကျပ် ၃၀၂၀ ဒသမ ၇ ဘီလျံနှင့် ဗဟိုဘဏ်မှချေးယူသည့် ကြွေးမြီလက်ကျန် ၁၅၁၃၁ ဘီလျံဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “၂၀၁၈ ခုနှစ် ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ အညီ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကြွေးမြီခံနိုင်ရည်ရှိမှုကို ထိန်းသိမ်းလျက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည် မှန်းချက်များကို အထောက်အကူဖြစ်စေမယ့် စီမံကိန်းများ၊ လုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ နှစ်နိုင်ငံအစိုးရတို့အကြားမှာ ပေးအပ်လာတဲ့ သက်သာတဲ့ချေးငွေများကို စိစစ်သုံးသပ်ပြီးတော့ ရယူခဲ့ပါတယ်။ ပြည်ပချေးငွေယူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံခြားငွေကြေးအမျိုးအစားကြောင့် ဆုံးရှုံးနိုင်ခြေနဲ့ ငွေလဲလှယ်နှုန်းကြောင့် ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်ရန်နိုင်ငံရဲ့ နိုင်ငံခြားငွေအရန်ငွေ အခြေအနေပေါ် မူတည်သုံးသပ်ပြီးတော့ ရယူခြင်း၊ စီးဝင်တဲ့ နိုင်ငံခြားငွေအမျိုးအစားနဲ့ ပြန်လည်ပေးဆပ်ရမယ့် ငွေအမျိုးအစားတွေကို အနီးစပ်ဆုံးဖြစ်အောင် ထိန်းညှိခြင်း၊ ချေးငွေမှရရှိသည့် ငွေအမျိုးအစားအတိုင်း ပစ္စည်းဝယ်ယူရေးစာချုပ်များ ချုပ်ဆိုခြင်း၊ ပြည်တွင်းငွေကြေးစျေးကွက် ဖွံ့ဖြိုးရေးအတွက်ကို အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ နိုင်ငံသုံးကျပ်ငွေတန်ဖိုး တည်ငြိမ်စေခြင်းတွေကို ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်” ဟု ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအတွင်း ချေးငွေပေးအပ်သည့် နိုင်ငံနှင့် အဖွဲ့အစည်းသုံးခုထံမှ ချေးငွေစီမံကိန်းသုံးခု အတွက် ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁၁၁ ဒသမ ၂၅၅ သန်းရယူခဲ့ပြီး ချေးငွေအများဆုံးပေးအပ်သည့်အဖွဲ့အစည်းသည် အာရှဖွံ့ဖြိုးရေးဘဏ်ဖြစ်ကာ ချေးငွေအများဆုံးရယူခဲ့သည့်အဖွဲ့အစည်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၈ -၂၀၁၉  ဘဏ္ဍာနှစ်တွင် ပြည်ပချေးငွေ စာချုပ်ချုပ်ဆိုမှုအခြေအနေတွင် ချေးငွေပေးအပ်သည့် နိုင်ငံနှင့်အဖွဲ့အစည်း လေးခုထံမှ ချေးငွေစီမံကိန်းရှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၇၃၁ ဒသမ ၃၄၆ သန်း ရယူခဲ့ပြီး ချေးငွေအများဆုံးပေးအပ်သည့် အဖွဲ့အစည်းသည် အာရှဖွံ့ဖြိုးရေးဘဏ်ဖြစ်ကာ ချေးငွေအများဆုံးရယူခဲ့သည့်အဖွဲ့အစည်းသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်း ကဏ္ဍအလိုက် ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုအခြေအနေတွင် ဆောက်လုပ်ရေးကဏ္ဍ ၄၁ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍ ၃၉ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးကဏ္ဍ ၁၁ ရာခိုင်နှုန်း၊ လယ်ယာကဏ္ဍ ခြောက်ရာခိုင်နှုန်းနှင့် လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ သုံးရာခိုင်နှုန်းဖြစ်ကြောင်း၊ နိုင်ငံ/ အဖွဲ့အစည်းအလိုက် ပြည်ပချေးငွေထုတ်ယူ သုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာအတွင်း၌ ချေးငွေအများဆုံး ထုတ်ယူမှုသည် JICA ထံမှဖြစ်ပြီး ချေးငွေအများဆုံး ပြန်လည်ပေးဆပ်ရမှုသည် တရုတ်နိုင်ငံဖြစ်ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ချေးငွေအ များဆုံးထုတ်ယူမှုသည် JICA ထံမှဖြစ်ကာ ချေးငွေအများဆုံး ပြန်လည်ပေးဆပ်ရမှုသည် တရုတ်နိုင်ငံဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာခြောက်လနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အစိုးရ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ်တွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သုံးသပ်တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြု ဆွေးနွေးချက်များကို ကြိုဆိုလျက်ရှိပြီး လက်ရှိတင်ပြသည့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိနှင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်၊ စုစုပေါင်း တစ်နှစ်နှင့် ခြောက်လကာလ၏ အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ရန်  ဒုတိယဝန်ကြီးက လွှတ်တော်၌ တင်ပြခဲ့သည်။

 

Most Read

Most Recent