သရုပ်ဆောင်သီရိကျော်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်သီရိကျော်နှင့် တွေ့ဆုံခြင်း
Published 3 July 2020
လင်းလင်းခိုင်

ဇွန် ၂၈ ရက်တွင်လွှင့်တင်ပေးခဲ့သည့် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၏ “လိမ်စမ်းညာစမ်း” တေးသီချင်း Music Video တွင် ချစ်စဖွယ်အပြုံးလေးများဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင်မျက်နှာသစ်တစ်ဦးမှာ သရုပ်ဆောင် သီရိကျော်ဖြစ်သည်။ အဆိုပါတေးသီချင်းဖြင့် ပရိသတ်ချစ်ခင်သတိပြုမှုအား ရရှိသွားခဲ့ကာ ရုပ်ရှင်ဇာတ်ကား တစ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ထားသူဖြစ်သည်။ သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်ခေါင်းဆောင်ပါဝင်မည့် ရုပ်သံဇာတ်လမ်းတွဲသစ်တွင်လည်း တွဲဖက်ပါဝင်ရန် လက်ခံထားသူသရုပ်ဆောင် သီရိကျော်နှင့်တွေ့ဆုံ၍ သိလိုသည်များမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - စိုင်းစိုင်းရဲ့ “လိမ်စမ်းညာစမ်း” Music Video မှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်းလေး အရင်ဆုံးပြောပြပေးပါဦး။

ဖြေ - ညီမ ဒီသီချင်းကိုရိုက်ဖြစ်ခဲ့တာက လွန်ခဲ့တဲ့အချိန်တစ်နှစ်တိတိကပါ။ ညီမက ဘန်ကောက်မှာ ကျောင်းတက်နေတဲ့အချိန် ကိုစိုင်းနဲ့ ကိုအောင်မြတ်တို့ Production Team က ရွေးတယ်ပေါ့နော်။ ရွေးပြီးတော့မှ ညီမကိုလှမ်းပြီး ကမ်းလှမ်းတာနဲ့ ပါဝင်ခွင့်ရခဲ့တာပါ။

မေး - ဘန်ကောက်မှာ ကျောင်းတက်နေတဲ့အချိန်မှာ ပြန်လာရိုက်တာဖြစ်သလို ပထမဆုံး Music Video ဆိုတော့ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။

ဖြေ- အဓိကတော့ ညီမက ဟိုမှာကျောင်းတက်နေတာဆိုတော့ ရန်ကုန်ကိုပြန်ခဲ့ရမှာဆိုတော့ ကျောင်းက Supervisor ကို ဒီ Music Video က ညီမအတွက် ဘယ်လိုအခွင့်အရေးတွေရှိတယ်၊ မြန်မာနိုင်ငံက နာမည်အကြီးဆုံးအဆိုတော်တွေထဲက တစ်ယောက်ရဲ့ Music Video မှာ ပါဝင်ခွင့်ရမှာဖြစ်တဲ့အတွက် ပါဝင်ချင်တယ်လို့ သေချာလေးညှိနှိုင်းပြီးတော့မှ ပြန်လာပြီး ရိုက်ကူးခဲ့တာပေါ့။ တစ်ယောက်တည်းလာရတာဖြစ်တော့ အခက်အခဲလေးတွေတော့ ရှိပါတယ်။

မေး - Music Video မှာ သရုပ်ဆောင်ရတဲ့အခါမှာရော ဘယ်လိုအခက်အခဲလေးတွေ၊ အားထုတ်ရတာလေးတွေရှိလဲ။

ဖြေ - အဓိကတော့ ဒီသီချင်းရိုက်မယ်ဆိုတာ ချက်ချင်းဖြစ်သွားတာပေါ့နော်။ ကိုစိုင်းနဲ့က အပြင်မှာလည်းမဆုံဖူးဘူး။ စကားလည်းမပြောဖူးဘူး။ ရိုက်ကွင်းစတည်တဲ့နေ့ကျမှဆုံဖူးတာ။ ဆုံဆုံချင်းမှာပဲ မြန်မာပလာဇာမှာစရိုက်ရတယ်။ Production ကလည်း ကြီးတယ်။ ကိုစိုင်းရဲ့ Fan တွေကလည်း အရမ်းများတော့ စစချင်းမှာရှိန်တာပေါ့။ တော်တော်လေးကြိုးစားပြီးတော့မှ လုပ်ခဲ့ရပါတယ်။

မေး - အားထုတ်ခဲ့ရတဲ့အရာတစ်ခုက တစ်နှစ်ကြာပြီးတဲ့အခါ ပရိသတ်တွေမြင်တွေ့ခွင့်ရပြီဆိုတဲ့အတွက် ဘယ်လိုခံစားရလဲ။

ဖြေ - ညီမကတော့အရမ်းပျော်တာပေါ့နော်။ ကိုစိုင်းက ဒီကြားထဲမှာ တချို့ရိုက်ကူးရေးလေးတွေကျရင်ဆုံတယ်။ ဒါပေမဲ့ ဒီ Music Video ကို ကြိုမပြဘူး။ Surprise ဖြစ်အောင်လို့ တကယ်ထွက်တဲ့အချိန်ကျမှကြည့်ဆိုပြီး ပြောထားတာပေါ့နော်။ တကယ်ထွက်လာမှပဲပရိသတ်တွေနဲ့အတူ ကြည့်ရတာပေါ့နော်။ အရမ်းစိတ်လှုပ်ရှားရပါတယ်။ ချစ်စရာကောင်းတယ်လို့ ပရိသတ်တွေက ပြောပေးကြလို့လည်း ပျော်ရတာပေါ့။

မေး - စိုင်းစိုင်းရဲ့ Music Video တွေမှာ မျက်နှာသစ်သရုပ်ဆောင်တွေကို အမြဲမြင်ရတယ်။ ပြီးရင်လည်း အဲဒီသရုပ်ဆောင်တွေက ပရိသတ်ချစ်တဲ့သရုပ်ဆောင်တွေ ဖြစ်လာတယ်ဆိုတော့ ညီမလေးရော နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရမလား။

ဖြေ - ညီမလေးက မန္တလေးမှာကျောင်းတက်တုန်းက ကြော်ငြာလေးတွေ အရင်ရိုက်ထားတာရှိတယ်။ ၀ါသနာလည်းပါတယ်။ နောက်တော့ ကျောင်းနှစ်နှစ်သွားတက်လိုက်တာပေါ့။ အဲဒီအချိန်မှာ အနုပညာကို ပိုပြီးဝါသနာပါလာတယ်။ ကိုစိုင်းရဲ့အရမ်းပေါက်ပြီးသား ကိုယ်တိုင်လည်းကြိုက်တဲ့သီချင်းကို ရိုက်ရမှာဆိုတော့ အခွင့်အရေးက ပြန်ပေါ်လာသလိုပေါ့နော်။ ကျောင်းပြီးတာနဲ့ ရန်ကုန်မှာအခြေချပြီး အနုပညာအလုပ်တွေလုပ်နေပါပြီ။

မေး - ဒါဆို အခုလက်ရှိအနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပေးပါဦး။

ဖြေ - အနုပညာလှုပ်ရှားမှုကတော့လက်ရှိမှာက COVID-19 ကပ်ရောဂါပြန့်ပွားနေတဲ့ကာလဆိုတော့ နားထားတာ သုံးလလောက်ရှိပြီ။ အဲဒီမတိုင်ခင်မှာ ကို G- Fatt နဲ့ Music Video တစ်ပုဒ် ရိုက်ထားတာရှိတယ်။ ပြီးတော့ ရုပ်ရှင်ကားကြီးတစ်ကားလည်း ရိုက်ပြီးသွားပြီ။ အဲဒါလေးလည်း ထွက်လာဖို့ရှိတယ်။

မေး - ရုပ်ရှင်ကားကြီးမှာ ပထမဆုံးပါဝင်ခွင့်ရတဲ့အတွေ့အကြုံလေးလည်း ပြောပြပေးပါဦး။

ဖြေ - အဲဒီဇာတ်ကားကကျတော့ တက္ကသိုလ်ကျောင်းသူလေးယောက်နဲ့ ပုံဖော်ထားတာပေါ့။ ကျောင်းသူပုံစံ သွက်သွက်လက်လက်လေး မြင်ရပါမယ်။ မရိုက်ခင်မှာ သုံးလေးလလောက် Pre Production ဆင်းရတယ်။ ရီဟာဇယ်တွေလုပ်ရတယ်။ Camera Works အပိုင်းတွေ လေ့လာရတယ်။ ဇာတ်ညွှန်းတွေ တောက်လျှောက်ဖတ်ရတယ်ဆိုတော့ အတွေ့အကြုံတွေ အများကြီးရပါတယ်။

မေး - စိုင်းစိုင်းက မျိုးဆက်သစ်တွေကို လက်တွဲခေါ်နေကျသူတစ်ယောက်ဖြစ်တယ်ဆိုတော့ ညီမလေးအနေနဲ့ စိုင်းစိုင်းကို ဘယ်လိုမြင်လဲ။

ဖြေ - ကိုစိုင်းက အများကြီးကူညီပါတယ်။ ရန်ကုန်မှာလာနေတဲ့အခါ အများကြီး ဂရုစိုက်ပါတယ်။ ဘာအလုပ်တွေလုပ်နေပြီလဲ၊  အဆင်ပြေလားဆိုတာတွေ မေးပေးတယ်။ ရုပ်ရှင်ကားကြီးရိုက်မယ်ဆိုတော့ ညီမရဲ့ပထမဆုံးဆိုတော့ ဘယ်လိုလုပ်ရမယ်၊ ဘယ်လောက်ဆိုရင် များတယ်စသဖြင့် အကြံပေးတယ်။

မေး - စိုင်းစိုင်းနဲ့ရော နောက်ထပ်အနုပညာလုပ်ငန်းတွေတွဲလုပ်ဖို့ ပြောထားတာရှိသေးလား။

ဖြေ - Media 7 ကရိုက်ကူးမယ့် ကိုစိုင်းစိုင်းရဲ့ရုပ်သံဇာတ်လမ်းတွဲမှာ ညီမပါဝင်ခွင့်ရထားပါတယ်။ ထုတ်လုပ်ရေးကပြောတာတော့ ရှစ်လပိုင်း၊ ကိုးလပိုင်းလောက် ရိုက်ဖြစ်မယ်လို့ပြောတယ်။ အဲဒီအတွက်တော့ ဝတ္ထုဖတ်တာလောက်ပဲ ရှိပါသေးတယ်။ တိတိကျကျတော့ မပြင်ဆင်ရသေးဘူး။ မရိုက်ကူးခင်မှာတော့ လိုအပ်တာတွေပြင်ဆင်ရမှာပါ။

မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင်ပြောပေးပါဦး။

ဖြေ - ဒီသီချင်းလေးကိုကြည့်ပြီး အားပေးကြတဲ့ပရိသတ်တွေကို အရမ်းလည်းချစ်သလို အရမ်းလည်းကျေးဇူးတင်ပါတယ်။ နောက်လည်း မျက်စိရှေ့ကို ထပ်ပြီးပေါ်လာပါဦးမယ်လို့ပြောချင်ပါတယ်။                        

 

Most Read

Most Recent