ထင်ရှားသည့် စာပေလက်ရာများစွာ ဖန်တီးရေးသားခဲ့သူ စာရေးဆရာ နွမ်ဂျာသိုင်း ဇွန် ၂၇ ရက်တွင် ပင်လုံဆေးရုံ၌ ကွယ်လွန်ခဲ့ပြီး နာရေးအစီအစဉ်အား ဇွန် ၂၉ ရက်တွင် ရေဝေးသုသာန်၌ ပြုလုပ်မည်

ထင်ရှားသည့် စာပေလက်ရာများစွာ ဖန်တီးရေးသားခဲ့သူ စာရေးဆရာ နွမ်ဂျာသိုင်း ဇွန် ၂၇ ရက်တွင် ပင်လုံဆေးရုံ၌ ကွယ်လွန်ခဲ့ပြီး နာရေးအစီအစဉ်အား ဇွန် ၂၉ ရက်တွင် ရေဝေးသုသာန်၌ ပြုလုပ်မည်
Published 27 June 2020

ထင်ရှားသည့် စာပေလက်ရာများစွာအား ဖန်တီးရေးသားခဲ့သူ စာရေးဆရာ နွမ်ဂျာသိုင်းသည် ဇွန် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ စာရေးဆရာ နွမ်ဂျာသိုင်း၏ နာရေးအစီအစဉ်အား ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စာရေးဆရာ နွမ်ဂျာသိုင်းသည် ‘ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်’ ၊ ‘တစ်ခါတုန်းကတက္ကသိုလ်မှာ’ ၊ ‘နှစ် နားကပ်လို့ တိုင်ပင်ချင်တယ်’ စသည့်ထင်ရှားသော စာပေလက်ရာများကို ဖန်တီးခဲ့သည့် စာရေးဆရာတစ်ဦး ဖြစ်သည်။ စာရေးဆရာ နွမ်ဂျာသိုင်းသည် ရုပ်ရှင်ဇာတ်ကားများအတွက် ဇာတ်ညွှန်းအချို့အားလည်း ရေးသားဖန်တီးခဲ့သူတစ်ဦး ဖြစ်သည်။ စာရေးဆရာ နွမ်ဂျာသိုင်း ရေးသားခဲ့သည့် စာပေလက်ရာများအား ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအဖြစ် ဖန်တီးရိုက်ကူးခဲ့ကြသည်။ စာရေးဆရာ နွမ်ဂျာသိုင်းသည် ထင်ရှားသည့်ဒီဇိုင်နာတစ်ဦးဖြစ်သူ ဒီဇိုင်နာ မေမြတ်ဝါဆို၊ Art Designer နေခြည်ဝင်းလဲ့ရီ စသည့် အနုပညာရှင်များ၏ ဖခင်တစ်ဦးလည်း ဖြစ်သည်။

“ ဖေဖေက ဇွန် ၂၇ ရက် မွန်းလွဲပိုင်းမှာ ပင်လုံဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ နာရေးအစီအစဉ်ကိုတော့ ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီမှာ ပြုလုပ်သွားမှာပါ။ အခုကတော့ စီစဉ်စရာရှိတာတွေ စီစဉ်နေပါတယ်” ဟု စာရေးဆရာ နွမ်ဂျာသိုင်း၏ သမီးဖြစ်သူ ဒီဇိုင်နာ မေမြတ်ဝါဆိုက ပြောပြခဲ့သည်။

စာရေးဆရာ နွမ်ဂျာသိုင်း ကွယ်လွန်သွားသည့်အတွက် စာပေအသိုင်းအဝန်းမှ စာပေပညာရှင်များနှင့် စာဖတ်ပရိသတ်များ ကဝမ်းနည်းစကားများ၊ နှမြောတသကြေကွဲခြင်းများကို လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားဖော်ပြခဲ့ကြသည်။ စာရေးဆရာ နွမ်ဂျာသိုင်းသည် ကွယ်လွန်ချိန်အထိ စာပေလက်ရာပေါင်းများစွာကို ဖန်တီးခဲ့ကာ ၎င်းရေးသားခဲ့သည့် လုံးချင်းဝတ္ထုများအား ပြန်လည်ရိုက်နှိပ်နေရဆဲ ဖြစ်သည်။ စာရေးဆရာ နွမ်ဂျာသိုင်း၏ လုံးချင်းဝတ္ထုများကို ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအဖြစ် ဖန်တီးရာတွင်လည်း အောင်မြင်မှုများစွာ ရရှိခဲ့သည်။

Most Read

Most Recent