အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန် ပုံစံသစ်ငွေစက္ကူ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာ

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန် ပုံစံသစ်ငွေစက္ကူ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာ
Published 19 June 2020

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန် ပုံစံသစ်ငွေစက္ကူ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာသည်။

အသစ်ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူအရွယ်အစားမှာ အလျား  ၁၅၀  မီလီမီတာ အနံ  ၇၀ မီလီမီတာရှိကာ ငွေစက္ကူသည် ပေါ်လွင်သော နီညိုရောင်ရှိပြီး ငွေစက္ကူ၏ အပေါ်ဘက်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” စာတန်းရိုက်နှိပ်ထားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရသည်။

ငါးရာကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် “ငါးရာကျပ်” ဟု ဖော်ပြပြီး ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားမည် ဖြစ်သည်။

ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားကာ ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိမည် ဖြစ်သည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံ ထည့်သွင်းထားပြီး ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားမည်ဟု ဗဟိုဘဏ်က ဆိုသည်။

ငါးရာကျပ်တန်ငွေစက္ကူ၏ ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အအုံပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ “CENTRAL BANK OF MYANMR” စာတန်းအောက်ပိုင်း၌ “FIVE HUNDRED KYAT” ဟူသော စာတန်းများ ရိုက်နှိပ်ထားမည်ဖြစ်သည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားမည်ဟု ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအသစ် ထပ်မံထုတ်ဝေမည်ဖြစ်သော်လည်း လက်ရှိသုံးစွဲလျက်ရှိသော ငါးရာကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများကို စတင်ရိုက်နှိပ်ခဲ့ရာ ပထမဆုံး ထုတ်ဝေခဲ့သည့်ငွေစက္ကူမှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူဖြစ်သည်။ တစ်ထောင်ကျပ်တန် ငွေစက္ကူအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး ယခင်သုံးစွဲနေသည့် ခြင်္သေ့ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူနေရာတွင် အစားထိုးခြင်းဖြစ်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန် ငွေစက္ကူစတင်ထုတ်ဝေစဉ်က မြန်မာ့စီးပွားရေးဘဏ်များတွင် ငွေစက္ကူအဟောင်းနှင့် အသစ်လာရောက်လဲလှယ်သူများပြားခဲ့သဖြင့် တန်းစီစောင့်ဆိုင်းရမှုများ ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent