ဂျာမနီရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ထက်ဝက်လျှော့ချမည်ဟု သမ္မတ ထရန့်ပြောကြား

ဂျာမနီရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ထက်ဝက်လျှော့ချမည်ဟု သမ္မတ ထရန့်ပြောကြား
  မတ် ၄ က ဂျာမနီ၏ Grafenwoehr တွင် စစ်ရေးလေ့ကျင့်မှုမစမီ ကင်းလှည့်နေသော အမေရိကန်စစ်သားများ
မတ် ၄ က ဂျာမနီ၏ Grafenwoehr တွင် စစ်ရေးလေ့ကျင့်မှုမစမီ ကင်းလှည့်နေသော အမေရိကန်စစ်သားများ
Published 16 June 2020
Ref: AFP

ဂျာမနီသည် နေတိုးအတွက် ငွေကြေးထည့်ရန်အတွက် တာဝန်မဲ့မှုနှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အမေရိကန်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မှုတို့ကြောင့် ယင်းနိုင်ငံတွင် တာဝန်ချထားသည့် အမေရိကန်တပ်ဖွဲ့ဝင်များကို ထက်ဝက်လျှော့ချသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဂျာမနီရှိ အခြေစိုက်စခန်းများတွင် စခန်းချထားသည့် အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀၀ ရှိကြောင်း၊ ယင်းအရေအတွက်ကို ၂၅၀၀၀ အထိ လျှော့ချမည်ဖြစ်ကြောင်း ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဂျာမနီမှာ အမေရိကန်တပ်ဖွဲ့ဝင် တပ်စွဲထားမှုဟာ နိုင်ငံအတွက် ကြီးမားတဲ့ကုန်ကျမှုဖြစ်တယ်။ ဒါကြောင့် တပ်ဖွဲ့ဝင်အရေအတွက်ကို ၂၅ç၀၀၀ အထိ လျှော့ချရမယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

ပင်တဂွန်၏ ထုတ်ပြန်ချက်အရ ဂျာမနီတွင် အမြဲတမ်းတပ်ချထားသည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်သည် ၃၄၀၀၀ နှင့် ၃၅၀၀၀ အတွင်းသာ ရှိသောကြောင့် ထရန့်၏မှတ်ချက်များက ရှုပ်ထွေးမှုဖြစ်စေခဲ့သည်။ အလှည့်ကျတပ်ဖွဲ့များအား ထည့်ပေါင်းပါက စုစုပေါင်းအရေအတွက်သည် ၅၀၀၀၀ ကျော်အထိသာ အခိုက်အတန့်ရောက်ရှိသွားနိုင်သည်။

သို့သော် ဂျာမနီ၊ ဥရောပနှင့် အမေရိကန်ဦးဆောင်သော နေတိုးမဟာမိတ်သို့ အမေရိကန်သမ္မတ၏ သတင်းစကားသည် ရှင်းလင်းပြတ်သားခဲ့သည်။

ဒုတိယကမ္ဘာစစ် အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့ဝင်များကို ပထဝီနိုင်ငံရေးအရ အရေးပါသောဂျာမနီတွင် တပ်စွဲထားမှုသည် စစ်အေးကာလအတွင်း ဆိုဗီယက်ယူနီယံကို တန်ပြန်ရန် နေတိုး၏ သမားရိုးကျ ကာကွယ်ရေးအဖြစ် ရှိခဲ့သည်။

သမ္မတဗလာဒီမာပူတင်လက်ထက်တွင် ရုရှားစစ်တပ်၏ရည်မှန်းချက်များ ပြန်လည်ရှင်သန်လာမှုက ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုတွင် အမေရိကန်တည်ရှိမှုကို ထပ်မံအရေးပါစေခဲ့သည်။

ထရန့်က အပြစ်ပေးလိုသည်ဟု ၎င်း၏ ပြောကြားမှုသည် နေတိုးအဖွဲ့သို့ ဂျာမနီက လုံလောက်စွာ ထည့်ဝင်မှုမရှိခြင်းကို ပြောကြားခြင်းဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ၎င်း၏ ခြိမ်းခြောက်မှုကို အထောက်အပံ့ဖြစ်စေရန် တပ်ဖွဲ့ဝင်များ၏ အနာဂတ်ကို လက်နက်အဖြစ် အသုံးချလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဂျာမနီက တာဝန်မဲ့လွန်းတယ်။  တာဝန်မဲ့နေတာ နှစ်ပေါင်းများစွာရှိနေပြီ။ နေတိုးကို ဒေါ်လာဘီလျံနဲ့ချီ အကြွေးတင်နေပြီး ပေးဆပ်ရမှာ ဖြစ်တယ်။ အဲဒီလိုလုပ်မှသာ ကျွန်တော်တို့က ဂျာမနီကို ကာကွယ်စောင့်ရှောက်ပေးမှာ။ သူတို့က ပျက်ကွက်လွန်းတယ်။ အဓိပ္ပာယ်မရှိဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများသည် ကာကွယ်ရေးနှင့်ပတ်သက်ပြီး ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းထက်မနည်း အသုံးပြုရန် ကတိကဝတ်ပြုမှုများကို လိုက်နာရန် ပျက်ကွက်ခဲ့ပြီး အခွင့်ကောင်းယူနေသူများဖြစ်ကြောင်း၊ ယင်းနိုင်ငံများသည် မဟာမိတ်၏ သမိုင်းဝင်ခေါင်းဆောင်ဖြစ်သော အမေရိကန်ကို အလွန်အမင်း မှီခိုနေကြောင်း ထရန့်က မကြာခဏ စွပ်စွဲခဲ့သည်။

အမေရိကန်က ဂျာမနီရှိတပ်ဖွဲ့ဝင်များကို ၂၅၀၀၀ အထိ လျှော့ချရန် စီစဉ်နေသည်ဆိုသော သီတင်းများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေသည်ဟု ၀ါရင့်ဂျာမန်နိုင်ငံရေးသမားများက ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး အမေရိကန်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မှုကြောင့်  ဥရောပသမဂ္ဂ၏ စီးပွားရေးအင်အားကြီးနိုင်ငံ ဂျာမနီကို အပြစ်တင်ထိုက်သည်ဟုလည်း ထရန့်က ပြောကြားခဲ့သည်။

“ဂျာမနီနဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ခဲ့ပေမယ့် သူတို့လုပ်ချင်တဲ့ သဘောတူညီမှုကို အခု ကျွန်တော် အားမရတော့ဘူး။ သူတို့က ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာအတွင်း  အမေရိကန်ကို ဒေါ်လာဘီလျံရာနဲ့ချီ ထိခိုက်နစ်နာစေခဲ့တယ်။ ဒါကြောင့် ကုန်သွယ်ရေးမှာ ကျွန်တော်တို့ အထိနာခဲ့တယ်။ နေတိုးနဲ့ပတ်သက်ပြီး အထိနာခဲ့တယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

ဂျာမနီသည် အမေရိကန်တပ်ဖွဲ့ဝင်များ ရှိနေမှုကြောင့် အကျိုးအမြတ်ရခဲ့သည်ဟုလည်း ထရန့်ကဆိုသည်။

“သူတို့က လစာကောင်းကောင်းရထားတဲ့ စစ်သားတွေ။ သူတို့ ဂျာမနီမှာနေတယ်။ ဂျာမနီမှာ ပိုက်ဆံအများအပြား သုံးစွဲတယ်။ သူတို့အခြေစိုက်စခန်းရှိတဲ့နေရာတိုင်းဟာ ဂျာမနီအတွက် အကျိုးဖြစ်ထွန်းစေတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့်သည် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် အတိတ်တွင် ကသိကအောင့်နိုင်သော ဆက်ဆံရေးအခြေအနေရှိခဲ့သူဖြစ်သည်။ ၀ါရှင်တန်တွင် ပြုလုပ်မည့် ဂျီ ၇ ထိပ်သီးဆွေးနွေးပွဲအတွက် ဖိတ်ကြားချက်ကိုကို ရိုနာဗိုင်းရပ်စ်ကြောင့် အကြောင်းပြပြီး တက်ရောက်နိုင်မည်မဟုတ်ဟု မာကယ်က ပြောကြားခဲ့သည်။

 

 

Most Read

Most Recent