ရန်ကုန်-မန္တလေးလမ်းပိုင်း အပါအဝင် ခရီးဝေးရထားများနှင့် ရန်ကုန်မြို့ပတ် ရထားများကို ယနေ့ စတင်တိုးချဲ့ ပြေးဆွဲ

ရန်ကုန်-မန္တလေးလမ်းပိုင်း အပါအဝင် ခရီးဝေးရထားများနှင့် ရန်ကုန်မြို့ပတ် ရထားများကို ယနေ့ စတင်တိုးချဲ့ ပြေးဆွဲ
ရန်ကုန်မြို့ပတ် ရထားတစ်စီးအား ဘူတာတစ်ခုတွင် တွေ့ရစဉ်
ရန်ကုန်မြို့ပတ် ရထားတစ်စီးအား ဘူတာတစ်ခုတွင် တွေ့ရစဉ်
Published 16 June 2020
ရွှန်းလဲ့ဝင်း

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး Social Distancing အထောက်အကူပြုစေရန် ရန်ကုန်-မန္တလေးလမ်းပိုင်း အပါအဝင် ခရီးဝေးရထားများနှင့် ရန်ကုန်မြို့ပတ် ရထားများကို ဇွန် ၁၆ ရက်မှ စတင်ကာ တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

မြန်မာ့မီးရထားမှ ရထားစီးခရီးသည်များ အဆင်ပြေစေရေးနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇွန် ၁၆ ရက်မှစတင်ကာ ခရီးဝေးရထားများနှင့် ရန်ကုန်မြို့ပတ်ရထားများကို တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်သည်။

တိုးချဲ့ပြေးဆွဲမည့် ခရီးဝေးရထားများမှာ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမှတ် ၅ အဆန်ရထားနှင့် အမှတ် ၆ အစုန်ရထား၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အမှတ် ၈၁ အဆန်ရထားနှင့် အမှတ် ၈၂ အစုန်ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ် ၇၁ အဆန်ရထားနှင့် အမှတ် ၇၂ အစုန်ရထား၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် အမှတ် ၅၇ အဆန်ရထားနှင့် အမှတ် ၅၈ အစုန်ရထားတို့ ဖြစ်သည့်။

ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် မနက်ပိုင်းနှင့် ညနေပိုင်း ရုံးချိန်ရထားများသည် ခရီးသည်စီးနင်းမှု များပြားသည့်အတွက် ရန်ကုန်-အင်းစိန်၊ ရန်ကုန်-ပုရွက်ဆိတ်ကုန်းနှင့် ရန်ကုန်-တိုးကြောင်ကလေး လမ်းပိုင်းတို့တွင် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် အစုန်အဆန် ရထားတစ်စီးစီ တိုးချဲ့ ပြေးဆွဲသွားမည်ဟု သိရသည်။

ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမှုမှာ ရထားတွဲဆိုင်း ရှစ်ဆိုင်း အသုံးပြုနေပြီး စီးရေ ၄၀ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဇွန် ၁၆ ရက်မှ စတင်ကာ ရထားတွဲဆိုင်း ၁၁ ဆိုင်း၊ ရထားစီးရေ ၅၂ စီးအထိ တိုးချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။

လက်ရှိ နေ့စဉ်ပြေးဆွဲနေသည့် မြို့့ပတ်ရထားများမှ ရထားတွဲဆိုင်းနှင့် စီးနင်းသည့် ခရီးသည် မျှတမှုရှိသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Social Distancing ဖြစ်စေရေးအတွက် တိုးချဲ့ ပြေးဆွဲခြင်းဖြစ်သည်ဟု သိရသည်။

တိုးချဲ့ပြေးဆွဲမည့် ရထားအချိန်စာရင်းမှာ ရန်ကုန်-အင်းစိန် လမ်းပိုင်းတွင် နံနက်ပိုင်း အင်းစိန်မှ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ထွက်ပြီး ရန်ကုန်သို့ နံနက် ၈ နာရီ၂၅ တွင် ရောက်ရှိမည် ဖြစ်သည်။ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ၄ နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး အင်းစိန်သို့ ၅ နာရီ ၄၀ မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။

ရန်ကုန်-ပုရွက်ဆိတ်ကုန်းကြား လမ်းပိုင်းတွင် ပုရွက်ဆိတ်ကုန်းဘူတာမှ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ၈ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။ ညနေပိုင်းတွင် ရန်ကုန်မှ ၄ နာရီ ၄၀ မိနစ်တွင် ထွက်ခွာပြီး ပုရွက်ဆိတ်ကုန်း၊ မင်္ဂလာဒုံ မှ အင်းစိန်သို့ ၆ နာရီ ၃၀ မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။

ရန်ကုန်မြို့တွင်း မြို့ပတ်ရထားဖြင့် သွားလာမှု နည်းပါးလာပြီး ရထားစီး ခရီးသည်ဦးရေ လျော့နည်းလာမှုကြောင့် မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၆၉ စီး ယာယီ ရပ်နားထားခဲ့ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။ မြို့ပတ်ရထား လမ်းကြောင်းတွင် COVID-19 ထိန်းချုပ်ကာလအတွင်း တွဲဆိုင်း ၂၆ ခုဖြင့် ပြေးဆွဲနေပြီး ခရီးသည် များပြားလာသည်နှင့်အမျှ ရထားစီးရေ တိုးမြှင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။  

လက်ရှိ COVID-19 ကြောင့် ရထားစီးနင်းမှု လျော့နည်းနေချိန်တွင် ရန်ကုန်ဘူတာကြီး စင်္ကြန်အမှတ် ၂၊ ၃၊ ၄ ရှိ ရထားသံလမ်းများအား ကိုးချောင်းဆက် သံလမ်းများဖြင့် လဲလှယ်၍ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်ဘူတာကြီးရပ်ဝန်းရှိ  ရထားသံလမ်း၊ ကွန်ကရစ်ဇာလီဖားတုံးများနှင့် ကလစ်များသည် တွဲပေါ်မှ ရေကျမှုများ၊ အညစ်အကြေးကျရောက်မှုများ၊ ခရီးသွား၏ အမှိုက်စွန့်ပစ်မှုများကြောင့် ရထားသံလမ်း ပျက်စီးယိုယွင်းသဖြင့် ခရီးသွားများ ဘေးအန္တရာယ်ကျရောက်ခြင်း မရှိရန်  မြန်မာ့မီးရထား၏ စီစဉ်မှုဖြင့် အဆိုပါ ရထားသံလမ်းများကို ကိုးချောင်းဆက် သံလမ်းများဖြင့် လဲလှယ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖြစ်ပေါ်နေသော COVID-19 ကြောင့် ရထားစီးနင်းသူ ခရီးသည် နည်းပါးနေချိန်တွင် နံပါတ် ၁ စင်္ကြန်သည် ခရီးသွားပြည်သူများအတွက် အသုံးပြုလျက်ရှိပြီး ရန်ကုန်ဘူတာရပ်ဝန်းရှိ ရထားသံလမ်းများကို အဆင့်မြှင့်တင်သည့်လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ရန်ကုန်မြို့၏ အရှေ့ခြမ်းနှင့်အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြား၍ အဆင့်မြှင့်တင်မှု ပြုလုပ်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများသည် ၂၀၂၀ ခုနှစ် မေလတွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။                                            

 

Most Read

Most Recent