ဝက်လက်မြို့နယ် ကမ္ဘာ့အမွေအနှစ် ဟန်လင်း ပျူမြို့ဟောင်းအတွင်း နှစ်ပေါင်း ၃၀၀၀ ကျော်ခန့်ရှိသော ရှေးဟောင်းပစ္စည်းအချို့ ဖျက်ဆီးခံရ

ဝက်လက်မြို့နယ် ကမ္ဘာ့အမွေအနှစ် ဟန်လင်း ပျူမြို့ဟောင်းအတွင်း နှစ်ပေါင်း ၃၀၀၀ ကျော်ခန့်ရှိသော ရှေးဟောင်းပစ္စည်းအချို့ ဖျက်ဆီးခံရ
ဓာတ်ပုံ - Maung Maung Win (ဝက်လက်)
ဓာတ်ပုံ - Maung Maung Win (ဝက်လက်)
Published 11 June 2020
သတင်း - ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကမ္ဘာ့အမွေအနှစ် ဟန်လင်းပျူမြို့ဟောင်းအတွင်း နှစ်ပေါင်းသုံးထောင် ကျော်ခန့်ရှိသော ရှေးဟောင်းပစ္စည်းအချို့ ဖျက်ဆီးခံခဲ့ရကြောင်း ဝက်လက်မြို့နယ် ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ဟန်လင်း ဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ခင်၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ရှေးဟောင်းအရိုးစုဖြစ်သည့် ညာဘက်လက်မောင်း၊မေးရိုးအပါအဝင် မြေအိုးအချို့ ထိခိုက်ပျက်ဆီးသွားခဲ့ကြောင်း ယင်းပျက်ဆီးခံခဲ့ရသည့် ရှေးဟောင်းပစ္စည်းများအတွက် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကျေနပ်မှု မရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

"လက်မောင်းတစ်ဖက်ရယ် ၊ မေးရိုးလေးတစ်ဖက်ရယ် မြေအိုးကတော့ သုံးလေးလုံးလောက်ရှိမယ်။ ပျက်စီးသွားတယ်။ကျွန်တော်တို့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ဒါနဲ့ပက်သက်လို့ မကျေနပ်ဘူးဗျာ။ ကျွန်တော်တို့ က တန်ဖိုးရှိတဲ့ပစ္စည်းတွေအားလုံးကို ဟိုအရင်ကတည်းက သိမ်းဆည်းထားပြီးပြီ။အခု ဖျက်ဆီးသွားတဲ့နေရာမှာ တန်ဖိုးရှိတဲ့ပစ္စည်းက ဘာတစ်ခုမှ မရှိတော့ဘူး။ ဒီအတွက်အမှုဖွင့်ထားတယ်။အဓိကတော့ ရှေးခေတ်သင်္ချိုင်းပေါ့။အဲဒီနေရာကို ဖောက်ထွင်းပြီးတော့ ပစ္စည်းတွေရှိလို့ရှိငြား ဝင်ပြီးတော့ ဖျက်ဆီးသွားတယ်"ဟု ဝက်လက်မြို့နယ် ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ဟန်လင်းဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှုး ဦးကြည်ခင်က ပြောကြားသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ရှေ့ဟောင်းပစ္စည်းများ ယူဆောင်သွားခဲ့ခြင်းမရှိကြောင်း ယခင်ကလည်း ယင်းကဲ့သို့ဖြစ်ပွားခဲ့ဖူးကြောင်း ယခုရှေးဟောင်းပစ္စည်းများ ဖျက်ဆီး ခံခဲ့ရသည့်နေရာသည် ကုန်းအမှတ် ၂၉ နေရာတွင် ဖြစ်ပွားခဲ့ကြောင်း ဟန်လင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်အောင်က ပြောကြားသည်။

 

"ပစ္စည်းတွေကတော့ပါမသွားပါဘူး။ပစ္စည်းတွေကတော့ ဘာမှမပါသွားဘူး။အိုးတွေကတော့ နည်းနည်းပါးပါး အခြေပျက်သွားတယ်။ပြီးတော့ အရိုးတွေလည်း ထိခိုက်သွားတယ်။ရှိပြီးသား ရှေးဟောင်းပစ္စည်းတွေကတော့ ရှေးဟောင်းရုံးထဲမှာ အကုန်ရွှေ့ပြောင်းထားတာ။ဇွန်လ ၃ ရက်က ရှေးဟောင်းကတာဝန်ရှိသူတွေက ကင်းလှည့်တာ။အဲဒီနေ့မှာပဲ သူတို့က ကျွန်တော်တို့ကိုပြောတာ။တရားခံကိုတော့ စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်။ကုန်းအမှတ် ၂၉ နေရာမှာဖြစ်တာပါ။၂၀၁၆ခုနှစ်ကလည်း တစ်ခါ ပြတိုက်တစ်ခု ဖျက်ဆီးခံရတယ်။အဲဒီတုံးကတော့ ကုန်းအမှတ် ၂၆ မှာဖြစ်ခဲ့တာ။အဲဒီတုန်းကတော့ ကျောက်စက်ကွင်းတစ်ကွင်း ပါသွားတယ်။အဲဒီတုန်းကလည်း တရားခံမိတာမရှိဘူး"ဟု ဝက်လက်မြို့နယ် ဟန်လင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်အောင်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဝက်လက်မြို့မရဲစခန်းတွင် ကမ္ဘာ့အမွေအနှစ်ဒေသများ ဌာနခွဲ ဟန်လင်းဌာနစု တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးကြည်ခင်က တရားလိုပြုလုပ်ကာ ရှေးဟောင်းဝတ္ထု ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရှေးဟောင်းဝတ္ထု ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆ အရ မည်သူမဆို ရှေးဟောင်းဝတ္ထု ပစ္စည်းကို မူလပုံစံပျက်ယွင်းစေခြင်း ပျက်ဆီးခြင်း ခွင့်ပြုမရှိပဲ မြေပေါ်မြေအောက် ရေပေါ်ရေအောက်တူးဖော်ခြင်း သို့မဟုတ် ရှာဖွေခြင်းပြုကြောင်း ပြစ်မှုထင်ရှားခံရရင် ထောင်ဒဏ် သုံးနှစ်မှ ထောင်ဒဏ်ခုနှစ်အထိ ချမှတ်နိုင်ကြောင်း၊ငွေဒဏ်အနေဖြင့် ကျပ်သိန်း ၃၀ မှကျပ်သိန်း ၅၀ အထိချမှတ်နိုင်ပြီး ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်ကြောင်း သိရသည်။

 

 

 

Most Read

Most Recent