အထွေထွေရွေးကောက်ပွဲ မည်ကဲ့သို့ကျင်းပမည်ကို ကချင်ပြည်နယ် အခြေစိုက်ပါတီများနှင့် ဆွေးနွေးရန်လိုအပ်ဟု KNC ပါတီတောင်းဆို

အထွေထွေရွေးကောက်ပွဲ မည်ကဲ့သို့ကျင်းပမည်ကို ကချင်ပြည်နယ် အခြေစိုက်ပါတီများနှင့် ဆွေးနွေးရန်လိုအပ်ဟု KNC ပါတီတောင်းဆို
Published 9 June 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မည်ကဲ့သို့ကျင်းပမည်ကို ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ကချင်ပြည်နယ်အတွင်း အခြေစိုက်ရုံးဖွင့်လှစ်ထားသော  ပါတီများနှင့် ဆွေးနွေးရန်လိုအပ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ ဇွန် ၆ ရက်တွင် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က စာပေးပို့တောင်းဆိုထားကြောင်း KNC ပါတီက ထုတ်ပြန်သည်။

KNC ပါတီ၏ ပေးပို့သောစာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၄ ရက်တွင် တရားဝင်ကြေညာချက်အရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲများ ပုံမှန်ကျင်းပရန် သိရှိရကြောင်း၊ သို့ဖြစ်၍ ကချင်ပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲများကို မည်သို့မည်ပုံ ကျင်းပမည်ဆိုသည်ကို ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်နှင့် ကချင်ပြည်နယ်အတွင်း  အခြေစိုက်ရုံး ဖွင့်လှစ်ထားသော ပါတီများနှင့် အကြိုဆွေးနွေးရန် လိုအပ်သည်ဟု ရှုမြင်ကြောင်း ဖော်ပြထားသည်။

ထိုသို့ဆွေးနွေးရာတွင် ရက်ပေါင်း ၉၀ နေထိုင်သူများ သက်ဆိုင်ရာရောက်ရှိဒေသတွင် မဲပေးမည့်ကိစ္စ၊ မဲဆန္ဒပြုလူဦးရေစာရင်း ကောက်ယူပုံကိစ္စ၊ ဝေးလံခေါင်ဖျားနေသော ဒေသခံနိုင်ငံသားများ မဲပေးခွင့်ရရေး၊ မဲရုံအရေအတွက် တိုးချဲ့သတ်မှတ်ရေးနှင့် မဲရုံထားရှိမှု လူဦးရေသတ်မှတ်ချက်ကိစ္စ၊ ၂၀၂၀ ပြည့်နှစ် Code of Conduct (COC) နိုင်ငံရေး ပါတီများ၊ ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်များ ရေးဆွဲပြီးဖြစ်ရာ ၎င်း COC ဆိုင်ရာ ကျင့်ဝတ်များ ကြီးကြပ်မှုကိစ္စတို့ကို ဆွေးနွေးလိုကြောင်း KNC က ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ထို့အတူ ကြိုတင်မဲများ သတ်မှတ်ပုံ၊ လက်ခံပုံ၊ အချိန်ကာလဇယားကိစ္စ၊ မဲပေးနိုင်သူ အရည်အချင်းသတ်မှတ်ခြင်းတွင် ဧည့်နိုင်ငံသားများကို ပါဝင်မဲပေးခွင့် သတ်မှတ်ခြင်းကိစ္စတို့ကိုလည်း ဆွေးနွေးလိုကြောင်းနှင့် သန့်ရှင်းတရားမျှတ၍ လွတ်လပ်သောရွေးကောက်ပွဲဖြစ်ရန် ရည်ရွယ်၍ တိုက်တွန်းတောင်းဆိုကြောင်း KNC ပါတီက ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့သောစာတွင် ဖော်ပြထားသည်။