လူမှုရေးဆိုင်ရာ လေ့လာချက်များ၌ နိုင်ငံရေးအိုင်ဒီယိုလိုဂျီဟူသည် လူ့အဖွဲ့အစည်းအနေဖြင့် မည်သို့မည်ပုံ လုပ်ဆောင်သင့်သည်ကို ရှင်းပြပြီး တစ်စုံတစ်ရာသော လူမှုအခင်းအကျင်းတစ်ရပ်အတွက် နိုင်ငံရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်တစ်ရပ်ကို ချမှတ်ပေးသည့် ကျင့်ဝတ်ဆိုင်ရာ စံသတ်မှတ်ချက်များ၊ သဘောထားစည်းမျဉ်းများ၊ အယူဝါဒရေးရာများ၊ သမိုင်းကြောင်း သို့မဟုတ် လူမှုလှုပ်ရှားမှုတစ်ရပ်၏ အမှတ်လက္ခဏာရပ်များ၊ အင်စတီကျူးရှင်းများ၊ လူတန်းစား သို့မဟုတ် လူအုပ်စုကြီးတစ်ရပ်တို့၏ အပေါင်းအစုကြီးတစ်ရပ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ နိုင်ငံရေးအိုင်ဒီယိုလိုဂျီတစ်ရပ်သည် အာဏာခွဲဝေချထားပုံ၊ အစွန်းတရားများကို ကိုင်တွယ်ပုံ အစရှိသည်တို့နှင့် ၎င်းကိုယ်နှိုက်က အကြီးအကျယ် ပတ်သက်နေသည်။ နိုင်ငံရေးပါတီအချို့သည် တစ်စုံတစ်ရာသော အိုင်ဒီယိုလိုဂျီတစ်ရပ်ကို နီးနီးစပ်စပ် လိုက်နာသော်လည်း အချို့ကမူ အိုင်ဒီယိုလိုဂျီတစ်ရပ်တည်းအပေါ် သီးသန့်အခြေပြုမှုမရှိဘဲ သက်ဆိုင်ရာ အိုင်ဒီယိုလိုဂျီ အမျိုးမျိုးမှနေ၍ ကျယ်ပြန့်စွာ ထုတ်နုတ်ယူထားခြင်းမျိုး ပြုတတ်သည်။ အိုင်ဒီယိုလိုဂျီတစ်ရပ်၏ လူကြိုက်များမှုသည် တစ်ခါတစ်ရံ ကိုယ်ပိုင်အကျိုးစီးပွားအတိုင်း ပြုမူတတ်သည့် ကိုယ်ကျင့်တရားဆိုင်ရာ ရှေ့ပြေးပုဂ္ဂိုလ်များ၏ သြဇာလွှမ်းမိုးမှုနှင့်လည်း တစ်စိတ်တစ်ပိုင်း ပတ်သက်နေတတ်သေးသည်။ နိုင်ငံရေးအိုင်ဒီယိုလိုဂျီများ၌ ဒိုင်မေးရှင်း နှစ်ခုရှိသည်။ ယင်းတို့မှာ (၁) ရည်မှန်းချက်ပန်းတိုင်များ - “ လူ့အဖွဲ့အစည်းကို မည်သို့မည်ပုံ စုစည်းဖွဲ့စည်းထားသင့်သနည်း” နှင့် (၂) နည်းနာများ - “ ယင်းရည်မှန်းချက်ပန်းတိုင်ကို ရယူရန် အသင့်တော်ဆုံး နည်းလမ်းများ” တို့ ဖြစ်ကြသည်။
အိုင်ဒီယိုလိုဂျီ (Ideology) တစ်ရပ်ဟူသည် စိတ်ကူးထည်များ Ideas ၏ အစုအဝေးတစ်ရပ်ဖြစ်သည်။ အိုင်ဒီယိုလိုဂျီအသီးသီးတွင် အကောင်းဆုံးအစိုးရပုံစံ (ဥပမာ - သက်ဦးဆံပိုင်စနစ် သို့မဟုတ် ဒီမိုကရေစီစနစ်) နှင့် အကောင်းဆုံးစီးပွားရေးစနစ် (ဥပမာ - အရင်းရှင် သို့မဟုတ် ဆိုရှယ်လစ်) တို့အပေါ် ဆုံးဖြတ်သတ်မှတ်ထားသည့် သက်ဆိုင်ရာ စိတ်ကူးထည်များ ပါဝင်သည်။ အိုင်ဒီယိုလိုဂျီတစ်ရပ်နှင့် ယင်း၏ အဓိကစိတ်ကူးထည် နှစ်ရပ်စလုံးတို့အား တစ်ခါတစ်ရံတူညီသော စကားလုံးဖြင့်ပင် ဖော်ပြလေ့ရှိသည်။ ဥပမာအားဖြင့် ဆိုရှယ်လစ်ဟူသည် စီးပွားရေးစနစ်တစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်နိုင်သကဲ့သို့ ယင်းစီးပွားရေးစနစ်ကို အထောက်အပံ့ပြုသော အိုင်ဒီယိုလိုဂျီတစ်ရပ်ကို ရည်ညွှန်းခြင်းလည်း ဖြစ်နိုင်သည်။ အိုင်ဒီယိုလိုဂျီအမျိုးမျိုးအား တူညီသော အသုံးအနှုန်းဖြင့် ရည်ညွှန်းခေါ်ဆိုမှုများလည်း ရှိသောကြောင့် နိုင်ငံရေးသိပ္ပံပညာရှင်များက ယင်းအသုံးအနှုန်းများအတွက် အများသဘောတူလက်ခံသည့် အဓိပ္ပာယ်သတ်မှတ်ချက်များကို ရှာဖွေကြရသည်။ ယင်းအသုံးအနှုန်းများသည် ခေတ်အလိုက် ပေါင်းစည်းသွားကြသော်လည်း ကွန်မြူနစ်ဝါဒမှာမူ အများလက်ခံသည့် သီးခြားအသုံးအနှုန်းတစ်ရပ် ဖြစ်လာခဲ့သည်။ ပညာရပ်နယ်ပယ်တွင် ဆိုဗီယက်ပုံစံ အုပ်ချုပ်ရေးစနစ်နှင့် မက်စ်-လီနင်ဝါဒီ အိုင်ဒီယိုလို ဂျီများကို ကွန်မြူနစ်ဟု ခေါ်ဆိုပြီး ဆိုရှယ်လစ်ဟူသည် မက်စ်-လီနင်ဝါဒမှ ကွဲပြားသည့် ပိုမိုအတိုင်းအတာကျယ်ပြောသော အိုင်ဒီယိုလိုဂျီအမျိုးမျိုးကို ရည်ညွှန်းခေါ်ဆိုသည့် အသုံးအနှုန်း ဖြစ်လာခဲ့သည်။
နိုင်ငံရေးအိုင်ဒီယိုလိုဂျီဟူသည် ပြဿနာများဖြင့် ပြည့်နှက်နေသည့် အသုံးအနှုန်းတစ်ရပ်ဖြစ်ပြီး လူမှုသိပ္ပံပညာရပ်တစ်ခုလုံး၌ အဖမ်းရအခက်ဆုံး သဘောတရားဟုပင် ဆိုကြသည်။ (လက်ဝဲ၊ လက်ယာ၊ ဗဟို အစရှိသဖြင့်) နိုင်ငံရေးအမြင်နှင့် ပတ်သက်သော ယင်း၏အနေအထားအားဖြင့် အိုင်ဒီယိုလိုဂျီများကို အမျိုးအမည် သတ်မှတ်သော်လည်း ၎င်းတို့သည် (အများက ခေါ်ဆိုနေကြသည့် ပေါ်ပြူလစ်ဇင်ကဲ့သို့သော) နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာများနှင့် ကွဲပြားနိုင်သည်။ ပါတီတစ်ရပ်အနေဖြင့် အိုင်ဒီယိုလိုဂျီအရ ဗဟိုဝါဒီ ဖြစ်ခြင်း မဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ (ဥပမာအားဖြင့် အရပ်ဘက်လွတ်လပ်ခွင့်၊ ဥရောပသမဂ္ဂနှင့် ပေါင်းစည်းရေးကို ဆန့်ကျင်မှု အစရှိသော) လူကြိုက်များသည့် အကြောင်းအရာတစ်ရပ်ရပ်အပေါ် အခြေပြုသည့် ပါတီများလည်း ရှိနိုင်သည်။ နိုင်ငံရေး အိုင်ဒီယိုလိုဂျီတစ်ရပ်ကို မိသားစုများအတွင်း မျိုးရိုးစဉ်ဆက်အမွေဆက်ခံကြကြောင်း ပြသသည့် လေ့လာချက်ပေါင်းများစွာလည်း ရှိသည်။
မည်သို့ပင်ဆိုစေ၊ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် မည်သည့်အိုင်ဒီယိုလိုဂျီမျှ မရှိလျှင်သော်လည်းကောင်း၊ ပါတီဝင်များအနေဖြင့် မိမိ၏ပါတီကို အခြေပြုတည်ဆောက်ထားရာ အိုင်ဒီယိုလိုဂျီမှ ဖယ်ခွာလျှင် သော်လည်းကောင်း ရေရှည်ရပ်တည်နိုင်မည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဇွန် ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









