လက်ရှိတက်ရောက်ကုသနေသူ လူနာ ၁၀၂၀ ရှိပြီး နေ့စဉ်လာရောက်ပြသသူ ၅၀ ကျော်လောက်ရှိနေတဲ့ စိတ်ကျန်းမာဆေးရုံကြီး (ရန်ကုန်) မှာ COVID-19 ရောဂါအတွက် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေတွေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေတွေ၊ အခက်အခဲတွေနဲ့ပတ်သတ်ပြီး စိတ်ကျန်းမာဆေးရုံကြီး (ရန်ကုန်) မှ စိတ်ကျန်းမာရေး အထူးကုဆရာဝန်နှင့် စိတ်ကျန်းမာရေး ဖျားနာဆောင် အတိုင်ပင်ခံဆရာဝန် ဒေါက်တာမွန်းသော်တာမျိုးသန့်ကို Eleven Media Group ကနေ သွားရောက်တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါတယ်။
မေး ■ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) ရဲ့ COVID-19 ကာလမှာ ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားလဲ။
ဖြေ ■COVID-19 ကာလမှာ အစ်မတို့ဆီမှာက လူနာတွေက အများကြီးပဲပေါ့။ အဲဒီတော့ အသစ်တက်လာမယ့် လူနာတွေထဲမှာ COVID-19 ရောဂါရှိတဲ့သူပါလာရင် ရှိပြီးသား လူနာတွေဆီ ကူးစက်သွားမှာကို အရမ်းကြောက်ရတယ်။ ပြီးတော့ ဒီဆေးရုံရဲ့ အခြေအနေအရ လူတွေက နီးနီးကပ်ကပ်နေရတာပေါ့။ ပထမဆုံး အစ်မတို့ လုပ်တာက ဒီကာလမှာ အသစ်တက်တဲ့ လူနာတွေအကုန်လုံးကို သီးခြားခွဲလိုက်တယ်။ အဲဒီတော့ အခုဆို အဆောင်သစ်နှစ်ခုဖြစ်လာတယ်။ တစ်ခုက တက်သမျှ လူနာတွေကို တစ်နေရာတည်းမှာ ထားတယ်။ နောက်တစ်ခုကကျတော့ ဖျားနာဆောင်ပေါ့။ ဖျားနာတဲ့ လူနာတွေကို သီးသန့်ခွဲထားလိုက်တယ်။ အဲဒါကတော့ ဆေးရုံတင်တဲ့ဟာပေါ့။ ပြင်ပလူနာဌာနမှာဆို အစ်မတို့က ခါတိုင်းထက် ဆေးပိုပေးတယ်။ သူတို့ ခဏခဏ မလာရအောင်ပေါ့။ အရင်က ခါတိုင်း နှစ်ပတ်ချိန်းတဲ့သူကို လေးပတ်ချိန်းတယ်ပေါ့။ အဲဒီလိုမျိုးလေးတွေ လုပ်ပေးထားတယ်။
မေး ■ ဆေးရုံမှာရှိတဲ့ ဆရာဝန်တွေ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးတွေ စီစဉ်ထားလဲ။
ဖြေ ■ အစ်မတို့တွေ ပြည်သူလုထုထဲကိုမှ ဆေးသွားကုပေးတာတွေရှိတယ်။ ကျောက်တန်းနဲ့ ကော့မှူးပေါ့။ ခါတိုင်းသုံးပတ်တစ်ကြိမ်ကနေ အခုခြောက်ပတ်တစ်ကြိမ်ပဲ သွားတယ်။ ဒီကာလမှာ သူတို့ အဆင်ပြေအောင်ပေါ့။ သူတို့ ခဏခဏလည်း မလာရအောင် ဆေးများများ ပေးထားတာတွေ ဆေးကုတာတွေ လုပ်ပေးလိုက်တယ်ပေါ့။ ပြီးတော့ လူအင်အားအနေနဲ့ဆိုရင် အစ်မတို့ ဆေးရုံမှာက ကိုယ့်ဝန်ထမ်းတွေ အတွက်လည်း ကြည့်ရတာကိုး။ သူတို့ကိုလည်း Exposure နည်းအောင်လို့ တတ်နိုင်သမျှ အစ်မတို့ ဖြစ်နိုင်တဲ့ အနည်းဆုံး အင်အားလျှော့ချပြီးတော့ အလှည့်နဲ့ ဆင်းတာတွေကို လုပ်ပေးတယ်ပေါ့။ အစ်မတို့ ဆီမှာပေါ့။ အခုဆိုရင် လာသမျှ လူနာတိုင်းကို အဖျားတိုင်းတာတို့၊ ရာဇဝင်စစ်တာတို့ကို သေသေချာချာလေး လုပ်နေတယ်။ အဆောင်တိုင်းမှာလည်း လက်ဆေးဖို့ နေရာတွေလုပ်ပေးထားတယ်။ အဲဒါကတော့ COVID-19 အတွက် ပြင်ဆင်ထားတာပေါ့။
မေး ■ အခုလက်ရှိ COVID-19 ကာလ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) မှာ လာရောက်ပြသတဲ့ လူနာတွေကို ဘယ်လိုမျိုး စိစစ်ပြီးတော့ ကုသမှုတွေ ပြုလုပ်ပေးနေသလဲ။
ဖြေ ■ လူနာလာပြတာတွေက အရင်အတိုင်းပဲ ပုံမှန်လောက်ပဲ။ ဆေးရုံတင်တဲ့ လူနာကသာ နည်းသွားတာ။ လာပြနေတဲ့ လူနာကတော့ ပုံမှန်ပဲ။ ပြင်ပလူနာဌာနမှာဆိုရင် အဲဒီလိုပဲ ပြုံနေတာပဲ။ အဲဒီလူတွေထဲကမှ တအားဆိုးတဲ့ သူများကို အန္တရာယ်ရှိတဲ့ လူနာတွေကိုပဲ ဆေးရုံတင်ပေးတော့တာပေ့ါ။ ဆေးရုံတက်တဲ့ နှုန်းလေးကတော့ နည်းသွားတယ်။ ဒါပေမဲ့ လာပြနေတဲ့သူကတော့ အရင်အတိုင်းပဲ။ များနေတုန်းပဲ။ အဲဒီတော့ အရေးပေါ်လူနာတွေကို တာဝန်ယူထားရတဲ့ ဆရာဝန်တွေရဲ့ကိုင်တွယ်ဖြေရှင်းရတဲ့ လူနာ အရေအတွက်ကတော့ နည်းမသွားဘူးပေါ့။ သူကတော့ ခံတပ်လိုပေါ့။ သူက အရှေ့ကနေပြီးတော့ တင်သင့်တဲ့ လူကို တင်ပေးတယ်။ စကားတွေလည်း အများကြီးပိုပြောရတာပေါ့။ မတင်ရဘူးဆိုရင်လည်း ဖျောင်းဖျရတာပေါ့။ အခုလိုအခြေအနေတွေဖြစ်နေလို့ မတင်ခိုင်းတာပါပေါ့။ သူ့အတွက်တော့ အလုပ်ပိုတာပေါ့။
မေး ■ ပုံမှန်အချိန်နဲ့ အခု COVID-19 ကာလ လူနာလက်ခံမှုအခြေအနေ ဘယ်လိုမျိုး ကွာခြားမှုတွေ ရှိလဲ။
ဖြေ ■ ပုံမှန်အချိန်တွေမှာဆိုရင် ဒီဆေးရုံမှာက ပုံမှန်လောက် ၅၀ လောက်တက်တယ်။ နောက်ပိုင်းမှာက ဆေးရုံတက်တဲ့ လူနာကို လျှော့ထားတယ်။ တအားလိုမှပဲတင်တော့တယ်။ ဆေးနဲ့ ထိန်းလို့ရတယ်ဆိုရင် သူတို့မိသားစုကို နားလည်အောင် ပြောပြီးတော့ ပြန်လွှတ်လိုက်တာတွေ ရှိတယ်။ ဒီကာလမှာက ဆေးရုံတက်တာတွေက တစ်ရက်ကို ၂၀ လောက်တော့ ရှိနိုင်တယ်။
မေး ■ ဆေးရုံလာတက်တဲ့သူတွေထဲမှာ ဖျားနာသူတွေ ပါလာခဲ့ရင်ရော ဘယ်လိုတွေစီစဉ်ထားလဲ။
ဖြေ ■ အဲဒီလူနာတွေကို သတ်သတ်စီ ထားတာပေါ့။ အဲဒီထဲက ဖျားလာရင် ဖျားနာဆောင်ကို ပို့တယ်။ ရှိပြီးသား လူနာတွေထဲကလည်း ဖျားနာလာတယ်ဆိုရင် စဉ်းစားပြီးတော့ သတ်သတ်ခွဲထားလိုက်တာတွေ ရှိတယ်။ ဖျားနာတဲ့ လူတွေကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတာတဲ့ Criteria တွေရှိတယ်။ Criteria B ဆိုရင် ဖျားမယ်။ ချောင်းဆိုးတာလိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခု ရှိမယ်။ အဲဒီလိုမျိုး အခြေအနေတွေရှိလာမယ်ဆိုရင် အစ်မတို့က ဆေးရုံရဲ့ အစီအစဉ်နဲ့ပဲ Swab Test လုပ်မယ်။ တကယ်လို့ Criteria မပြည့်ဘူးဆိုရင် ဖျားတာတစ်ခုတည်းနဲ့တော့ Swab ကို တန်းပြီးတော့ မယူဘူး။ ဒါမှမဟုတ် ဖျားတာနဲ့ သူနေတဲ့နေရာကို ကြည့်တာပေါ့။ ဒီကာလမှာဆိုရင် အင်းစိန်မြို့နယ်လိုမျိုး ရောဂါအဖြစ်များနေတဲ့ နေရာတွေကနေ လာတယ်ဆိုရင်တော့ Swab ယူပြီးစစ်ဖို့ လုပ်မယ်ပေါ့။ အဲဒါကတော့ Swab ယူတဲ့ အပိုင်းပေါ့။ ဖျားနာတာကတော့ ဖျားနာတဲ့ ရက်တွေရှည်လာမယ်ဆိုရင် ရိုးရိုးပဲဖျားတာလို့ထင်ရင် အစပိုင်းမှာတော့ ပါရာစီတမောလောက်ပဲ ပေးမယ်။ လိုအပ်ရင် ပိုးသတ်ဆေးတွေပေးမယ်။ ကျန်တာကတော့ သွေးစစ်တာတို့ကို အနည်းငယ်လုပ်တယ်။ ဒီဆေးရုံမှာ လုပ်လို့ရတာပေါ့။ အခြေခံ စစ်ဆေးမှုတွေကို လုပ်တယ်။ လိုအပ်လာရင် ဥပမာ အသက်ရှူကျပ်တာတွေဖြစ်လာရင် အထွေထွေရောဂါကုဆေးရုံကို လွှဲတာတွေ လုပ်ရမယ်ပေါ့။ ဒီမှာက ရင်ဘတ်ဓာတ်မှန် ရိုက်တာလိုမျိုး အထူးကြပ်မတ်ကုသဖို့အတွက် မရှိထားဘူးလေ။ အဲဒီတော့ ဒီမှာထားရင် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးဆိုရင် အထွေထွေရောဂါကုဆေးရုံကို လွှဲမယ်ပေါ့။
မေး ■ ဆေးရုံမှာရှိတဲ့ ဆရာဝန်နဲ့ လူနာအချိုးက မျှတမှုရှိရဲ့လား။
ဖြေ ■ လူနာအချိုးနဲ့ ဆရာဝန်အချိုးကတော့ လုံးဝမမျှဘူးပေါ့။ အခြားဆေးရုံတွေနဲ့ ဒီဆေးရုံမတူတာက ဒီကလူနာတွေက အစားစားတာတွေ၊ ရေချိုးတာတွေကအစ ဝန်ထမ်းတွေ ဆရာမတွေက အကုန်ပါရတာပေါ့။ ရိုးရိုးလူနာတွေနဲ့ မတူဘူးပေါ့။ ဥပမာ အစ်မတာဝန်ကျတဲ့ ဒီဖျားနာဆောင်က ကိစ္စကိုပဲ ပြောပြရမယ်ဆိုရင်ပေါ့။
မေး ■ အခြားနေရာတွေက COVID-19 စောင့်ကြည့်လူနာတွေနဲ့ စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) က စောင့်ကြည့်လူနာတွေ ဘယ်လိုမျိုး ကွာခြားနိုင်လဲ။ အခက်အခဲတွေကရော ဘာတွေရှိနိုင်လဲ။
ဖြေ ■ အခြားရိုးရိုး COVID-19 သံယလူနာတွေဆိုရင် ခုတင်မှာ အိပ်နေဆို အိပ်နေမှာပဲလေ။ ဒါပေမဲ့ ဒီကလူနာတွေကကျတော့ ဒီမှာအိပ်နေဆိုရင် အခြားခုတင်တွေကိုလည်း သွားချင်သွားမယ်။ ပတ်နေမယ်ဆိုတော့ သူတို့ကိုထိန်းဖို့ကလည်း သက်သက်လိုတယ်။ အဲဒီမှာ ဝန်ထမ်းအင်အား ပုံမှန်ထက်ကို ပိုလိုတာတွေရှိတယ်။ နောက်တစ်ခုက Swab ယူရတော့မယ်ဆိုရင်လည်း အခြားဆေးရုံတွေမှာဆိုရင် ပညာရှင်က ယူလိုက်မယ်။ အလွန်ဆုံးက ဘေးမှာကူဖို့ တစ်ယောက်လောက်ပဲ ပါမှာပဲ။ ဒီမှာကကျတော့ ကိုယ့်လူနာက မငြိမ်ရင် မငြိမ်သလိုမျိုး လူက သုံးယောက်လောက်ဝိုင်းပြီး ထိန်းရတာတွေ ရှိလာနိုင်တယ်။ အဲဒီအတွက်လည်း PPE က ပိုကုန်တာတွေရှိတာပေါ့။
မေး ■ အကယ်၍ COVID-19 ရောဂါကူးစက်ခံရသူကို ဆေးရုံမှာ တွေ့ရှိခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။ ဆေးရုံဝန်ထမ်းအင်အား လုံလောက်မှုရှိနိုင်မလား။
ဖြေ ■ ဝန်ထမ်းအင်အားက ဒီရောဂါ သဘောသဘာဝကိုက မလုံလောက်တာပေါ့။ အကယ်၍ ဒီဆေးရုံမှာ တစ်ခုခုများသာဖြစ်ခဲ့ရင် ဥပမာ လာတက်နေတဲ့သူတွေထဲက တစ်ယောက်ယောက်လောက်သာ Positive ဖြစ်ခဲ့ရင်ပေါ့။ မလုံလောက် ဝန်ထမ်းတွေထဲက တစ်ခါ ထိတွေ့ဖူးတဲ့ သူတွေက Quarantine ဝင်ရဦးမယ်လေ။ အဲဒီအခါကျ ကျန်ခဲ့တဲ့ဝန်ထမ်းတွေလည်း တော်တော်ကို နည်းသွားမယ်လေ။ ပြီးတော့ အဲဒီလူနာကနေ ထိတွေ့သွားမယ်။ နဂိုရှိပြီးသားအခြားလူနာတွေနဲ့ဆိုရင် ဆက်ဖြစ်ပွားသွားခဲ့ရင် ဆေးရုံတစ်ခုလုံးကို ရောဂါပြန့်သွားနိုင်တဲ့အတွက် အဲဒီအခြေအနေတွေ ဖြစ်သွားမှာကိုတော့ စိုးရိမ်စရာ အခြေအနေတော့ ရှိတာပေါ့။ အဲဒီတော့ ရောက်လာခဲ့မယ်ဆိုရင်လည်း အဲဒီလာတဲ့ လူနာဆီကနေ ထပ်မကူးအောင်တော့ အတတ်နိုင်ဆုံးခွဲပြီးတော့ ထားတယ်။ ဖျားရင်သတ်သတ်ခွဲတယ်ပေါ့။ အထူးတလည်ကို လုပ်နေပါတယ်။ ဒီကလူနာတွေကလည်း နဂိုကတည်းက ဆေးတွေသောက်နေရတာဆိုတော့ ကျန်းမာရေးအရ အားနည်းတဲ့ လူတွေရှိတယ်။ အဲဒီလူတွေက အလွယ်တကူ ကူးနိုင်တာပေါ့။ အဲဒီအတွက်ကြောင့် ပြင်ဆင်ရတာပေါ့။









