မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အခြေခံလူတန်းစား အိမ်ထောင်စု ၆၀၀၀၀ အတွက် ဟင်းစားငါးကီလို နှစ်သိန်းကို အိမ်တိုင်ရာရောက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံလူတန်းစားများအတွက် စီစဉ်ပေးခြင်းဖြစ်ကာ ငါးဖမ်းလှေကြီးများမှ ရရှိသည့် ငါးများကို အချိုးအစားအလိုက ်လုပ်ငန်းရှင်များက လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကျွန်းစုမြို့နယ်၊ ပြည်ဖြိုးထွန်းကုမ္ပဏီတွင် ပြုလုပ်သည့် ဟင်းစားငါး လှူဒါန်းပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းနှင့် စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုတို့ တက်ရောက်ပြီး လှူဒါန်းပေးသည့် ငါးများကို လက်ခံပေးခဲ့ကြောင်း သိရသည်။
“အခုကပ်ရောဂါဖြစ်နေတဲ့ အချိန်မှာ ဟင်းစားငါးတွေ ပေးလှူတာပါ။ သာမန်အချိန်မှာ ဝယ်ယူစားသောက်ဖို့ လွယ်ကူပေမယ့် ဒီအချိန်က မုတ်သုံလည်းရောက်ပြီ။ သားငါး ရှားပါးလာတဲ့ အချိန်လည်းဖြစ်လာပြီ။ ကျွန်တော်တို့ ငါးဖမ်းလှေတွေ နောက်ဆုံးဝင်ရောက်လာတဲ့ အချိန်လည်းဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့က ၁၄ ရက်နေ့မှာ အစည်းဝေးတစ်ရပ် ခေါ်လိုက်တယ်။ လှေပိုင်ရှင်တွေနဲ့ တိုင်ပင်တယ်။ အလှူအတန်း တစ်ခုကို လုပ်မယ်ပေါ့။ လှေရှင်တွေကလည်း လှူပေးဖို့ဆုံး ဖြတ်ကြတယ်။ ပျမ်းမျှခြင်းဝါလတ် (ဒရွတ်ဆွဲ) လှေကြီးတစ်စီးကို ငါးပုံး ၄ မှ ၅ ပုံးအထိ လတ်ဆတ်ပြီး စားလို့ရမယ့် ငါးကောင်းကောင်းလေးတွေ လှူပေးဖို့ မေတ္တာရပ်ခံတော့ အားလုံးက ပူးပေါင်းပါဝင် ပေးကြပါတယ်။ ကျွန်တော်တို့ မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ ကမ်းဝေးငါးဖမ်းလှေရှင်များနှင့် ပေါင်းစပ်ပြီး မြိတ်ခရိုင်အတွင်းမှာရှိတဲ့ အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို ဦးစားပေး လှူဒါန်းမှာဖြစ်ပါတယ်။ မြိတ်ခရိုင်အတွင်းမှာ ကျွန်တော်တို့ စာရင်းကြည့်လိုက်တော့ အိမ်ထောင်စု ၆၀၀၀၀ လောက်ကို လောလောဆယ် လှူဒါန်းပေးနိုင်မယ်လို့ ရည်ရွယ်ထားတယ်။ ငါးကီလိုချိန်က ပျမ်းမျှခြင်း အနည်းဆုံး ကီလိုနှစ်သိန်းရှိမယ်လို့ တွက်ချက်ထားပါတယ်။ အိမ်ထောင်စုတစ်ခုကို အနည်းဆုံး သုံးကီလိုလောက် လှူဒါန်ပေးမယ်။ ပရဟိတအဖွဲ့တွေနှင့် ပေါင်းစပ်ဆောင်ရွက် သွားမှာပါ။ ငါးဖမ်းလှေတွေက လှူဒါန်းပေးတဲ့ ငါးတွေက တစ်ရက်တည်းနှင့် လုပ်လို့မကုန်နိုင်တဲ့အတွက် ပြည်ဖြိုးထွန်း ကုမ္ပဏီက လိုင်းဖြူလှေထဲမှာထည့်ပြီး စုဆောင်းထားမယ်။ တစ်ရက်ကိုပုံး ၃၀၀၊ ကီလို ၅၀၀၀၀ မှ တစ်သိန်းအထိ လုပ်နိုင်သလောက်တင်ပြီး ရွေးချယ်မယ်။ မကောင်းတဲ့ငါးတွေကိုဖယ်မယ်။ ကောင်းတဲ့ငါးတွေကို အိတ်ထဲထည့်ပြီး အအေးခန်းကားတွေနှင့် စားသုံးသူလက်ထဲအရောက် လှူဒါန်းပေးမှာ ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောကြားသည်။
လာမည့်ဇွန် ၁ ရက်မှစတင်ပြီး ပင်လယ်ပြင်အတွင်း ငါးမဖမ်းရရာသီ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် အခြေခံ လူတန်းစားများအဖို့ ဟင်းစားငါးများပင် ဝယ်ယူရန် လွယ်ကူမည့် အနေအထား မရှိသည့်အတွက် ယခုကဲ့သို့ စီစဉ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
“ငါးရာသီပိတ်လိုက်တဲ့ အချိန်မှာ ဟင်းစားငါးတွေလည်းရဖို့ မလွယ်ကူတော့ပါဘူး။ ဒီအတွက် မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်က လှေရှင်တွေကို အစည်းအဝေးတစ်ခု ခေါ်ယူပြီး လှေတစ်စီးကို ငါးမျိုးစုံပုံး ငါးပုံးလောက် လူတစ်ဦးကို သုံးကီလိုနှုန်းလောက် လှူဒါန်းကြရင် မကောင်းဘူးလားလို့ ဆွေးနွေးတဲ့အခါမှာ ငါးလှေပိုင်ရှင်တွေကလည်း လှူဒါန်းကြဖို့ သဘောတူတဲ့အတွက် ဥက္ကဋ္ဌတစ်ယောက် အနေနှင့် များစွာကျေးဇူးတင် ဝမ်းမြောက်မိပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းမှ ပြောကြားခဲ့သည်။ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် သုံးကီလိုပါ ဟင်းစားငါးများကို ထုပ်ပိုးနေပြီဖြစ်ပြီး မကြာမီ အအေးခန်းကားများဖြင့် အိမ်တိုင်ရာရောက် ပရဟိတအသင်းများနှင့် ပူးပေါင်းကာ ပေးပို့လှူဒါန်းပေးမည် ဖြစ်ကြောင်း သိရသည်။















