တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒအလျောက် အမည်စာရင်း ဖြည့်သွင်းပေးရန် အပါအဝင် ပညာရေးဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပညာရေးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ယင်းညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနမှလည်း ခရိုင်၊ မြို့နယ်အသီးသီးထံ ထုတ်ပြန်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ဆီကို တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ စာဝင်လာတာရှိတယ်။ ဒီနှစ် ပညာသင်နှစ် ကျောင်းအပ်နှံချိန်မှာ တိုင်းရင်းသား လူမျိုးတွေရဲ့ ရှေ့ဆောင်စကားလုံးတွေဖြစ်တဲ့ ချင်းဆိုရင် ဆလိုင်း၊ မိုင်တို့၊ ကရင်ဆိုရင် စတို့၊ စောတို့၊ နန့်တို့၊ နော်တို့စတာတွေ ရေးသွင်းပေးဖို့ဆိုပြီး တရားဝင် ညွှန်ကြားလာတယ်။ အခြေခံပညာဦးစီးဌာနက တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းအားလုံးကို ညွှန်ကြားထားတယ်လို့ သိရတယ်။ ဧရာဝတီတိုင်း ပညာရေးဌာနကလည်း တစ်တိုင်းလုံးမှာရှိတဲ့ ကျောင်းတွေအားလုံးကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သိရတယ်။ တစ်တိုင်းလုံးမှာရှိတဲ့ ကျွန်တော်တို့ ချင်းတိုင်းရင်းသား အားလုံးကိုလည်း ပြန်လည်ဖြန့်ဝေ အသိပေးလျက်ရှိပါတယ်။ မိဘတွေကိုယ်တိုင်က ကိုယ့်ရဲ့ကလေးတွေရဲ့ နာမည်ရှေ့မှာ တိုင်းရင်းသား နာမည်ထည့်ဖို့ ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။ အရင်တုန်းက ဒါမျိုးညွှန်ကြားတာမရှိဘူး။ ဒီနှစ်က ပထမဆုံးလို့ပြောလို့ရမယ် ထင်တယ်။ အခြေခံအဆင့်ကအစ ပြောင်းလဲပေးလိုက်တဲ့အတွက် စနစ်တကျနဲ့ ညွှန်ကြားချက် ထွက်ပေးလိုက်တဲ့အတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံး ဖြစ်သွားတယ်လို့ မြင်တယ်။ အရင်က ကျောင်းတွေမှာ နာမည်သွင်းချင်ရင်တောင်မှ ဆရာ ဆရာမတွေက သွင်းပေးတဲ့နေရာရှိသလို လွယ်လွယ်ပဲ ထားလိုက်ပြီး သွင်းမပေးတာလည်း ရှိတယ်။ အဲဒီအခါကျတော့ ကလေးတွေက ချင်းဖြစ်ပေမဲ့ ရှေ့မှာ မောင်တွေ၊ မတွေဖြစ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ချင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဆလိုင်းသန့်စင်က ပြောကြားသည်။
ပညာရေးဌာန၏ ညွှန်ကြားချက်၌ “အခြေခံပညာကျောင်းများတွင် ကျောင်းစတင် အပ်နှံချိန်၌ ကလေး၏ မွေးစာရင်း (သို့မဟုတ်) သန်းခေါင်စာရင်းတွင်ပါသော အမည်အတိုင်း ကျောင်းအပ်လက်ခံပေးသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မွေးစာရင်း၊ သန်းခေါင်စာရင်းများ မတင်ပြနိုင်သော ကျေးလက်ဒေသများနှင့် တိုင်းရင်းသား လူမျိုးအများစုနေထိုင်သော ဒေသများတွင် မိဘ၊ အုပ်ထိန်းသူတို့၏ဆန္ဒအရ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးရန်”၊ “ကျောင်းအပ်လက်ခံပြီးသော ကျောင်းသားကျောင်းသူများ၏ အမည်စာရင်းအတိုင်း ကျောင်းဝင်မှတ်ပုံတင် “ခ” စာရင်းတွင် ရေးသွင်းမှတ်တမ်းတင်ရပြီး ပြင်ဆင်လိုပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်တင်ပြ ခွင့်ပြုချက်ရယူ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာ၌ “ခ” စာရင်းပါ အမည်၊ မွေးသက္ကရာဇ် ထောက်ခံချက်ဖြင့် ဖြည့်သွင်းဆောင်ရွက်ပေးရန်”၊ “မွေးစာရင်းတွင် အမည်ရေးသွင်းချိန်၊ သန်းခေါင်စာရင်းတွင် အမည်ရေးသွင်းချိန်နှင့် ကျောင်းစတင်အပ်နှံချိန်တို့တွင် တိုင်းရင်းသားလူမျိုးများအလိုက် ကာယကံရှင်ကိုယ်တိုင် ရေးသွင်းလိုသည့် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင်ပါရှိသော ရှေ့ဆောင်စကားလုံးများ (ဥပမာ-စော၊ စိုင်း၊ မင်း၊ နိုင်၊ ဆလိုင်း၊ နော်၊ နန်း၊ နန့်၊ ဂါ့၊ မိ၊ မိုင် စသည်ဖြင့်) ထည့်သွင်းမှတ်တမ်းတင် ရေးသွင်းနိုင်ရန် မိဘ၊ အုပ်ထိန်းသူများအား အသိပညာပေးရန် လိုအပ်ပါသဖြင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်မတိုင်မီ အသိပေးခြင်းကို ဆောင်ရွက်ရန်” စသည့် လမ်းညွှန်ချက်များ ဖော်ပြပါရှိကြောင်း သိရသည်။















