ထိုင်းနိုင်ငံမှ ပဲခူးမြို့သို့ နေရပ်ပြန် အလုပ်သမား ၁၄၉ ဦး ထပ်မံရောက်ရှိလာပြီး COVID – 19 ရောဂါ ရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အတွင်းသို့ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန် အလုပ်သမားများအား စနစ်တကျ လက်ခံထားရှိရေး လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး မေ၂၄ ရက် ည ၁၀ နာရီခန့်က ထိုင်းနိုင်ငံမှ ပဲခူးမြို့သို့ ပဲခူးတိုင်းဒေသကြီး ၂၄ မြို့နယ်မှ နေရပ်ပြန်အလုပ်သမား ၁၄၉ ဦးတို့ ထပ်မံရောက်ရှိလာကာ ပဲခူးမြို့အသောကကျောင်းတိုက် Quarantine Center တွင် ထားရှိပြီး COVID – 19 ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှသာ သက်ဆိုင်ရာမြို့နယ် Quarantine ဌာနများသို့ ဆက်လက်ပို့ဆောင်ပေးသွားမည် ဖြစ်သည်။
ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား အလုပ်သမားများသည် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ယခုရက်ပိုင်းအတွင်း ပြန်ရောက်လာသူမှာ များပြားလှသောကြောင့် ကရင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် COVID – 19 ရောဂါထိန်းချုပ် ကာကွယ်ရေးကို စနစ်တကျ ကိုင်တွယ်လုပ်ဆောင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးများသို့ တာဝန်ရှိသူများမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကရင်ပြည်နယ်မှတစ်ဆင့် လွှဲပြောင်းပေးရာတွင် ပဲခူးတိုင်းဒေသကြီး ၂၈ မြို့ နယ်မှ ၁၄၉ ဦးကို ပဲခူးတိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ express ကားလေးစီးဖြင့် ပဲခူးမြို့ အသောကကျောင်းတိုက် Quarantine ဌာနသို့ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှပြန်လာသော နေရပ်ပြန် အလုပ်သမားများမှာ ပဲခူးမြို့ Quarantine ဌာနသို့ မေ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့များ၊ ပဲခူးမြို့နယ် ကျန်းမာရေးမှူးနှင့် အဖွဲ့များ Volunteer အဖွဲ့များပူးပေါင်း၍ ရောက်လာသူများကို အပူချိန်တိုင်းခြင်း၊ နေရာချပေးခြင်း၊ လိုအပ်သည့် အသုံးအဆောင်များ ဖြည့်ဆည်းပေးခြင်းတို့ လုပ်ဆောင်ပေးထားပြီး ရောက်ရှိလာသူ အားလုံး၏ နှာခေါင်းတို့ဖတ်များကို ယူဆောင်ကာ ရောဂါပိုးရှိမရှိ NHL သို့ ပေးပို့စစ်ဆေးပြီးမှသာ သက်ဆိုင်ရာ နေရပ်မြို့နယ် Quarantine ဌာနများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုအသုတ်မှာလည်း ရောက်လာတဲ့ သူတွေများတော့ ကရင်ပြည်နယ်အစိုးရကလည်း သူတို့နိုင်သလောက် လုပ်ပေးထားတယ်။ အခုမနိုင်လို့ ပို့တယ်ဆိုတော့ Quarantine မယူထားတဲ့သူတွေ ဖြစ်ပါတယ်။ အခု အသောကကျောင်းမှာ ခဏထားမယ်။ ပဲခူးတိုင်းဒေသကြီး တစ်ခုလုံးအတွက် ရောက်လာတာဆိုတော့ ဒီမှာခဏထားမယ်။ မနက်ဖြန် လည်ချောင်းအာခေါင်တို့ဖတ် နမူနာယူပြီး အမျိုးသား ဓာတ်ခွဲစမ်းသပ်ရေးဌာနကို ပို့မယ်။ ဒီလိုလုပ်ဆောင်ပြီးမှပဲ နေရပ်တွေကို ပြန်ခွဲပို့ပေးပါမယ်။ ဒီနေ့ ရောက်လာတဲ့သူတွေကိုတော့ သီးသန့် ခွဲခြားထားတာတွေ စာရင်းယူတာတွေ လုပ်နေပါတယ်။ အစိုးရအဖွဲ့ရယ်၊ဘော်လန်တီယာ အဖွဲ့တွေရယ်၊ ဆေးကုသရေး အဖွဲ့တွေရယ် ပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟု ပဲခူးမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာရန်နိုင်ရှိန်းက ဆိုသည်။
“ကျနော်တို့ အခုထိုင်းနိုင်ငံက ပြန်လာတဲ့ ပဲခူးတိုင်း ၂၄ မြို့နယ်က နေရပ်ပြန် ၁၄၉ ဦးကို နေရာချထားပေးဖို့ လုပ်ဆောင်နေတာပါ။ ဒီနေရာလေးကတော့ ပဲခူးမြို့ အသောကကျောင်း Quarantine ဌာနပါ။ မနက်ဖြန်ဆို ရောက်လာတဲ့သူ အားလုံးကို ကျန်းမာရေးဌာနက စစ်ဆေးမှုတွေ ပြုလုပ်ပါမယ်။ ရောဂါမရှိတဲ့ အဖြေထွက်တဲ့ clear ဖြစ်တဲ့သူတွေကို သက်ဆိုင်ရာမြို့နယ်က Quarantine ဌာနတွေကို ပို့ဆောင်ပေးပါမယ်။ အရင်ရက်တွေကလည်း ကျနော်တို့ ဒီမှာပဲ မလေးပြန်၂၆ ဦးနဲ့ ဝူဟန်ကပြန်လာတဲ့သူ ရှစ်ဦးကိုလည်း သွားရောက်ခေါ်ဆောင် ထားတာတွေ လုပ်ထားပြီး သီးသန့်ခွဲထားတာတွေ ဆေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြန်လာတဲ့သူတွေက ကားနဲ့ရော ရထားနဲ့ပါ ပြန်လာမှုတွေရှိလို့ စနစ်တကျ ရဲတပ်ဖွဲ့တွေ စောင့်ရှောက်မှုတွေနဲ့ ကြိုခဲ့ပါတယ် ” ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရွှေက ပြောကြားသည်။















