ကော့သောင်းမြို့ရှိ Facility Quarantine Center သို့ ဧည့်လာတွေ့သူ တစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ကော့သောင်းမြို့ရှိ Facility Quarantine Center သို့ ဧည့်လာတွေ့သူ တစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
Published 17 May 2020
ဇော်မိုးဦး (မြိတ်)

ကော့သောင်းမြို့ရှိ Facility Quarantine Center သို့ ဧည့်လာတွေ့သူ တစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ အထက (ခွဲ) အလက (၁) ကျောင်းတွင် Facility Quarantine Center ထားရှိပြီး စောင့်ကြည့်လျက်ရှိရာ ယနေ့ (မေ ၁၇ ရက်) တွင် ဧည့်လာတွေ့သူတစ်ဦးအား လုံခြုံရေးဆောင်ရွက်သူများက မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာ WY စိတ်ကြွဆေးပြား ၁၈ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများ ယူဆောင်လာသူမှာ အောင်ဆန်းဦး (၁၉ နှစ်) (ဘ) ဦးလှအောင်၊ ရွှေဇင်ယော်ရပ်ကွက်၊ ကော့သောင်းမြို့နေသူဖြစ်ပြီး မုန့်ထုပ်များအတွင်းထည့်ကာ မူးယစ်ဆေးဝါးများ ယူဆောင်လာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ ကပြောကြားခဲ့သည်။

ထိုဖြစ်စဉ်အား အသေးစိတ်သိရှိနိုင်ရန် ကော့သောင်းမြို့မရဲစခန်းမှ စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒုရဲအုပ် သက်နိုင်စိုးမှ တရားလိုပြုလုပ် တိုင်တန်းထားကာ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိထားသူ အောင်ဆန်းဦး (၁၉ နှစ် ) အား ကော့သောင်းမြို့မရဲစခန်းမှ မယ(ပ)၉၈/၂၀၂၀၊ မူးစိတ်ပုဒ်မ-၁၆ (ဂ)အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent