စစ်ကိုင်းမြို့တွင် ညမထွက်အမိန့် ၁၄၄ ဖောက်ဖျက်ကျူးလွန်သူတစ်ဦးကို ပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် သုံးလချမှတ်

စစ်ကိုင်းမြို့တွင် ညမထွက်အမိန့် ၁၄၄ ဖောက်ဖျက်ကျူးလွန်သူတစ်ဦးကို ပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် သုံးလချမှတ်
Published 8 May 2020

စစ်ကိုင်းမြို့တွင် ညမထွက်ရအမိန့် ၁၄၄ ဖောက်ဖျက်ကျူးလွန်သူတစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် မြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့ပြီး ထောင်ဒဏ်သုံးလကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို့ ပညာရေးကောလိပ်ဘက်မှ ကမ်းနားလမ်းအတိုင်း ဆိုင်ကယ်တွန်းလာသူ မောင်ကျော် (ခ) ကျော်ကျော် ဆိုသူအား လုံခြုံရေးလှည့်လည်ဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရာ ရေရာစွာ ဖြေဆိုနိုင်ခြင်းမရှိသောကြောင့် မြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားရုံးမှ မေ ၇ ရက်တွင် ထောင်ဒဏ်သုံးလကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ မနေ့ညက ၁၁ နာရီ ၄၅ လောက်မှာ ကမ်းနားလမ်းတစ်လျှောက် ဆိုင်ကယ်တွန်း လာလို့ မေးတဲ့အခါမှာ ရေရေရာရာ မဖြေနိုင်ဘူး။ အဲဒီလို ရဲရယ် ရာအိမ်မှူးရယ် မေးတဲ့အခါမှာ စစ်ကိုင်းကလည်း မဟုတ်ဖူး။ ဆိုင်ကယ်ကလည်း တွန်းလာတာ။ နောက်ပြီး သေချာမဖြေနိုင်တော့ ၁၄၄ ထုတ်ထားတာကို မလိုက်နာတဲ့အတွက် ဥပဒေပုဒ်မ ၁၈၈နဲ့  မြို့နယ်အုပ်ချုပ်ရေးရုံးက တရားစွဲတာပါ ။အဲ့တာကို တရားရုံးက ဒီကနေ့ပဲ သုံးလအမိန့်ချလိုက်တယ်။ သူက စစ်ကိုင်းမြို့ကလည်း မဟုတ်ပါဘူး။ အခုသိရသလောက် ပညာရေးကောလိပ်မှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေပါ။ မန္တလေးဘက်ကလို့ သိရပါတယ် ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားချက်အရ ဒေသန္တရ ညမထွက်ရ ၁၄၄ အမိန့်ထုတ်ပြန်ထားတယ်။ ဒါကို ပြည်သူတွေက လိုက်နာဆောင်ရွက်ကြရင်းနဲ့  COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးကို ၀ိုင်းဝန်းဆောင်ရွက်ကြစေချင်ပါတယ်” ဟု စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောကြားသည်။

 

 

Most Read

Most Recent