ဘောလုံးအပါအဝင် ပရော်ဖက်ရှင်နယ်ကစားသမားများ မေ ၄ ရက်မှစ၍ တစ်ဦးချင်း လေ့ကျင့်ခွင့်ရမည်ဟု စပိန်ဝန်ကြီးချုပ် ကြေညာ

ဘောလုံးအပါအဝင် ပရော်ဖက်ရှင်နယ်ကစားသမားများ မေ ၄ ရက်မှစ၍ တစ်ဦးချင်း လေ့ကျင့်ခွင့်ရမည်ဟု စပိန်ဝန်ကြီးချုပ် ကြေညာ
Published 30 April 2020

 

ဘောလုံးအပါအဝင် ပရော်ဖက်ရှင်နယ်အားကစားသမားများ မေ ၄ ရက်မှစ၍ တစ်ဦးချင်းလေ့ကျင့်မှု စတင်ပြုလုပ်နိုင်မည်ဟု စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က ကြေညာခဲ့ကြောင်း သိရသည်။

ဧပြီ ၂၈ ရက် ညပိုင်းတွင် စပိန်ဝန်ကြီးချုပ်က ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကြောင့် လာလီဂါပြိုင်ပွဲ ပြန်လည်စတင်နိုင်မည့် မျှော်လင့်ချက်များ ပိုမိုအားကောင်းလာပြီဖြစ်သည်။ 

''သစ်လွင်သော ပုံမှန်အခြေအနေရောက်ရှိရေး ကူးပြောင်းမှုအစီအစဉ်'' ကို အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပထမ အဆင့်အဖြစ် မေ ၄ ရက်မှစ၍ တစ်ဦးချင်း လေ့ကျင့်မှုများ စတင်ပြုလုပ်ခွင့်ပေးခြင်းဖြစ်သည်။ 

ထို့နောက် ကိုရိုနာဗိုင်းရပ်စ်ထပ်မံဖြစ်ပွားမှုနှင့် ဆေးရုံများ၏ လက်ခံနိုင်မှုအခြေအနေအပေါ်မူတည်၍ မေ ၁၁ ရက်တွင် ခြောက်ဦး (သို့မဟုတ်) ရှစ်ဦးပါဝင်သည့် အစုအဖွဲ့ဖြင့် တိုးမြှင့်လေ့ကျင့်ခွင့်ပြုမည်ဖြစ်ပြီး ဇွန်လကုန်တွင် ပုံမှန်အခြေအနေရောက်ရှိရေး မျှော်မှန်းထားကြောင်း သိရသည်။ 

လာလီဂါပြိုင်ပွဲ ပြန်လည်စတင်မည့်အချိန်ကို မကြေညာသေးသော်လည်း ဇွန် ၅ ရက် (သို့မဟုတ်) ၁၂ ရက်တွင် စတင်နိုင်ဖွယ်ရှိကြောင်း မီဒီယာများက သုံးသပ်ဖော်ပြလျက်ရှိသည်။

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ တီဘက်စ်ကလည်း ပြင်သစ်နိုင်ငံ၌ အားကစားပွဲများ ရပ်ဆိုင်းမည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ''ဘောလုံးပွဲတွေကို ကွင်းပိတ်ကစားတာက ဘာကြောင့်အန္တ ရာယ်ပိုများနိုင်လဲဆိုတာ ကျွန်တော်နားမလည်ပါဘူး။ တချို့နိုင်ငံတွေမှာဆိုရင် အသင်းတွေက လေ့ကျင့်မှုတောင် လုပ်နေကြပါပြီ။ ဒါကို နမူနာယူရမှာပါ''ဟု သုံးသပ်ပြောကြားသည်။

 

Most Read

Most Recent