လစာပေးချေရမှု နည်းပါးခြင်း၊ စီးပွားရေးအလားအလာကောင်းသည့်ကွင်း ပိုင်ဆိုင်ထားခြင်းစသည့်အချက်များကြောင့် ပရီးမီးယားလိဂ်တွင် တန်ဖိုးအမြင့်ဆုံးအဖြစ် စပါးအသင်း သတ်မှတ်ခံရ

လစာပေးချေရမှု နည်းပါးခြင်း၊ စီးပွားရေးအလားအလာကောင်းသည့်ကွင်း ပိုင်ဆိုင်ထားခြင်းစသည့်အချက်များကြောင့် ပရီးမီးယားလိဂ်တွင် တန်ဖိုးအမြင့်ဆုံးအဖြစ် စပါးအသင်း သတ်မှတ်ခံရ
Photo: Daily Mail
Photo: Daily Mail
Published 30 April 2020

 

စပါးအသင်းအနေဖြင့် ကစားသမားများအတွက် လစာပေးချေရမှုနည်းပါးခြင်း၊ စီးပွားရေးအလားအလာကောင်းသည့်ကွင်း ပိုင်ဆိုင်ထားခြင်း စသည့်အချက်များကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တန်ဖိုးအမြင့်ဆုံးကလပ်အဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

ယင်းစစ်တမ်းကို လီဗာပူးလ်စီမံခန့်ခွဲမှုကျောင်း၏ ဘောလုံးစီးပွားရေးကျွမ်းကျင်သူ ကီရန်မက်ဂွိုင်းရားက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စပါးအသင်းအနေဖြင့် ၂၀၁၈ ခုနှစ်စာရင်းတွင် တတိယနေရာရပ်တည်ခဲ့ရာမှ ထိပ်ဆုံးနေရာသို့ မြင့်တက်လာခြင်းဖြစ်သည်။ 

စပါး အသင်းသည် ၂၀၁၈-၂၀၁၉ ရာသီတွင် ကစားသမားများအတွက် လစာအသုံးစရိတ် ပေါင် သန်း ၁၀၀ မှ သန်း ၁၅၀ ကြားအသုံးပြုခဲ့ပြီး ထိပ်သီးခြောက်သင်းစာရင်းဝင်အသင်းများအနက် အနည်းဆုံးဖြစ်သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ စတုတ္ထနေရာနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲတက်ရောက်နိုင်သဖြင့် ပေါင် ၂ ဒသမ ၆ ဘီလီယံဖြင့် တန်ဖိုးအမြင့်ဆုံးကလပ်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ 

''စပါးအသင်းက တန်ဖိုး အမြင့်ဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ဘာကြောင့်ရှိနေရတာလဲဆိုတော့ ၂၀၁၈-၂၀၁၉ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းနေရာ ရပ်တည်နိုင်ခဲ့ပေမဲ့ သူတို့ရဲ့လစာဘတ်ဂျက်က ပေါင်သန်း ၁၀၀ ကနေ ၁၅၀ ကြားမှာပဲရှိပြီး Big Six ကလပ်တွေထဲမှာ အနည်းဆုံးဖြစ်လို့ပါ။ အဲဒါ ကြောင့် သူတို့ရဲ့အကျိုးအမြတ်က ပိုများပြီး ရလဒ်အနေနဲ့ ဒီစာရင်းမှာ ထိပ်ဆုံးနေရာ ရောက်လာတာပါ။ ၂၀၁၈-၂၀၁၉ ရာသီမှာ စပါးအသင်းက ဝင်ငွေ ပေါင် ၄၆၁ သန်းရရှိ ခဲ့ပြီး အရင်နှစ်ထက် ၂၁ ရာခိုင်နှုန်းမြင့်တက် လာပါတယ်။ ဒါပေမဲ့ မယုံနိုင်လောက်အောင်ပဲ ကစားသမားတွေအတွက် လစာပေးချေမှုက  ဝင်ငွေရဲ့ ၃၉ ရာခိုင်နှုန်းပဲရှိပြီး ဒါက ပရီးမီးယားလိဂ်မှာ အနည်းဆုံး အချိုးကျမှုဖြစ်ပါတယ်။ ဒီရာသီ ထိပ်ဆုံးလေးသင်းစာရင်းနဲ့ နှိုင်းယှဉ်ရင် လက်စတာစီးတီးအသင်းက ကစားသမားလစာကို ဝင်ငွေရဲ့ ၈၄ ရာခိုင်နှုန်းအထိ အသုံးပြုနေရပြီး ချယ်လ်ဆီးက အသားတင်ပေးချေမှု ပေါင်သန်း ၂၉၀၊ လီဗာပူးလ်က ပေါင် ၂၂၃ သန်း၊ မန်ယူနိုက်တက်က ပေါင် ၁၃၅ သန်းနဲ့ မန်စီးတီးက ပေါင် ၈၇ သန်းရှိပါတယ်''ဟု မက်ဂွိုင်းရားက ပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့သည့် မန်စီးတီးအသင်းက ပေါင် ၂ ဒသမ ၂ ဘီလီယံဖြင့် ဒုတိယနေရာရောက်ရှိသွားပြီး မန်ယူအသင်းမှာမူ ပေါင် ၂ ဒသမ ၁ ဘီလီယံသို့ မြင့်တက်လာသော်လည်း တတိယနေရာ ဆင်းပေးခဲ့ရသည်။ 

ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုများရရှိထားသည့် လီဗာပူးလ်အသင်းက ပေါင် ၁ ဒသမ ၆ ဘီလီယံဖြင့် အဆင့် ၆ မှ ၄ သို့ မြင့်တက်လာပြီး အာဆင်နယ်အသင်းက ပေါင် ၁ ဒသမ ၄ ဘီလီယံဖြင့် အဆင့် ၅၊ ချယ်လ်ဆီးအသင်းက ပေါင် ၁ ဒသမ ၂ ဘီလီယံဖြင့် အဆင့် ၆ နေရာရပ် တည်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent