COVID- 19 စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်ပြည်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် (အရှေ့ပိုင်း)ရှိ မြို့နယ် ၁၁ မြို့နယ်သို့ Mobile Tablet ၂၃၉ လုံးနှင့် Fever Surveillance Post များသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Mobile Tablet များ ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်သူများ၏ ကျန်းမာရေး အသိပညာမြင့်မား တိုးတက်စေရန်၊ မြို့နယ် တိုက်နယ် ဆရာဝန်များ၊ ကျေးလက်ကျန်းမာရေး ဌာနနှင့် ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်များအား မြှင့်တင်နိုင်ရန်နှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ယခုထက်ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခေတ်မီပြောင်းလဲတိုးတက်လာသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်များနှင့်အညီ Mobile Tablet များကို အသုံးပြုပြီး အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်န ၀ါရီ ၁၃ ရက်အထိ ကယား၊ မကွေး၊ မွန်၊ စစ်ကိုင်း၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်အစရှိသည့် တိုင်းဒေသကြီးပြည်နယ် ခုနစ်ခုတွင် မြို့နယ် တိုက်နယ် ဆရာဝန်စုစုပေါင်း ၄၀၂ ဦးနှင့် အခြေခံကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၁၀၇၉၂ ဦး၊ စုစုပေါင်း ၁၁၁၉၆ ဦးတို့အား Mobile Tablet များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် COVID- 19 စတင် ဖြစ်ပွားချိန်မှစ၍ တရုတ်ပြည်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် (အရှေ့ပိုင်း)ရှိ မြို့နယ် ၁၁ မြို့နယ်သို့ Mobile Tablet ၂၃၉ လုံးနှင့် Fever Surveillance Post များသို့ ၅၁ လုံး၊ စုစုပေါင်း ၂၉၀ လုံးအားလည်းကောင်း၊ ကျန်တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုရှိ မြို့နယ်၊တိုက်နယ်ဆရာဝန် ၇၃၅ ဦးသို့လည်းကောင်း Mobile Tablet များ ထပ်မံဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“လူနာတွေကို အရည်အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုပေးနိုင်ဖို့ တစ်နိုင်ငံလုံးက တိုက်နယ်ဆေးရုံတွေက တိုက်နယ်ဆရာဝန်တွေရဲ့အရည်အသွေးနဲ့ စွမ်းဆောင်ရည် မြင့်မားဖို့ကအလွန်အရေးကြီးပါတယ်။ တိုက်နယ်ဆရာဝန်တွေ စွမ်းဆောင်ရည်မြင့်မားလာရင် မြို့နယ်ဆေးရုံ၊ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံနဲ့ ဗဟိုအဆင့် ဆေးရုံတွေမှာတက်ရောက်ကုသရတဲ့ လူနာအရေအတွက် နည်းပါးသွားပြီး လူနာတွေကို ပိုမိုအရည်အသွေးပြည့်ဝတဲ့ ကုသမှုတွေ၊ ဝန်ဆောင်မှုတွေပေးလာနိုင်မယ်။ ဒါကြောင့် တစ်နိုင်ငံလုံးက မြို့နယ် တိုက်နယ် ဆရာဝန်တွေရဲ့ ကုသရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်မြင့်မားဖို့အတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီးတွေ ပါမောက္ခတွေအနေနဲ့ ဘယ်လိုသင်ကြားပေးသင့်တယ်။ ဘယ်လိုအကြောင်း အရာတွေကို သင်ကြားပေးသင့်တယ်ဆိုတာကို ဆွေးနွေးထားတယ်။ ဒါ့အပြင် ခေတ်မီ ဆေးပညာရပ်တွေကို အွန်လိုင်း၊ အင်တာနက်ဝက်ဆိုဒ်တွေက တစ်ဆင့် လေ့လာသင်ကြားနိုင်ဖို့ သက်ဆိုင်ရာ ဘာသာရပ် အထူးကုဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေနဲ့ ဆက်သွယ်တိုင်ပင်ဆွေးနွေးနိုင်ဖို့နဲ့ ဝန်ကြီးဌာနရဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့အတွက် Mobile Tablet ဖုန်းတွေကို ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများ ထံဖြန့်ဝေခဲ့သည့် Tablet ဖုန်းများတွင် စာအုပ်စာတမ်းပေါင်း ၁၂၀ ကျော်နှင့်အသုံးချဆော့ဝဲလ်များပါဝင်ပြီး မြို့နယ်/ တိုက်နယ် ဆရာဝန်များထံ ဖြန့်ဝေခဲ့သည့် Tablet ဖုန်းများတွင် စာအုပ်စာတမ်းပေါင်း ၅၃၀ ကျော်နှင့် အသုံးချဆော့ဝဲလ်များပါဝင်ကာ အဆိုပါစာအုပ်စာတမ်းများနှင့် အသုံးချဆော့ဝဲလ်များအား ဆက်သွယ်ရေးကွန်ရက်ဖြင့် အသုံးပြုနိုင်ကြောင်း သိရသည်။















