မြန်မာနိုင်ငံတွင် COVID-19 စောင့်ကြပ်ကြည့်ရှုခံရသူ ၄၂၀၀၀ ကျော်ရှိပြီး ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို လျှော့ချ၍မရဘဲ မေလလယ်ခန့်အထိ ဆောင်ရွက်ရနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် COVID-19 စောင့်ကြပ်ကြည့်ရှုခံရသူ ၄၂၀၀၀ ကျော်ရှိပြီး ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို လျှော့ချ၍မရဘဲ မေလလယ်ခန့်အထိ ဆောင်ရွက်ရနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Photo: Ministry of Health and Sports, Myanmar
Photo: Ministry of Health and Sports, Myanmar
Published 27 April 2020
ပြည့်ဖြိုးအောင်

မြန်မာနိုင်ငံတွင် COVID-19 စောင့် ကြပ်ကြည့်ရှုခံရသူ ၄၂၀၀၀ ကျော်ရှိပြီး ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို လျှော့ချ၍မရဘဲ မေလလယ်ခန့်အထိ ဆောင်ရွက်ရနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်ကို  ဧပြီ ၂၆ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ရရှိသော စာရင်းဇယားများအရ အသွားအလာ စောင့်ကြပ်ကြည့်ရှုသည့် နေရာပေါင်း ၇၀၂၀ နေရာခန့်ရှိပြီး စုစုပေါင်း အသွားအလာစောင့် ကြပ်ကြည့်ရှုခံရသူ ၄၂၆၇၁ ဦးခန့် ရှိနေသည်ဆိုသည့်အချက်မှာ မိမိတို့ ဤရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို လုံးဝလျှော့ချ၍ မရကြောင်း ထင်ရှားစေကြောင်း၊ မိမိတို့အနေဖြင့် အနည်းဆုံး လာမည့် မေလလယ်ခန့်အထိ ဤ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ယခုအခြေအနေအတိုင်း ပိုင်နိုင်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက ဤရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားမှု ကြီးမားစွာဖြစ်ပေါ်နိုင်မည် မဟုတ်ဟု ယူဆရကြောင်း ပြောကြားသည်။

ထို့ပြင် လူဦးရေ ၅၂ သန်းခန့်ရှိသော မိမိတို့နိုင်ငံ၌ ယနေ့အချိန်အထိ ဓာတ်ခွဲစစ်ဆေးခဲ့သူ ၆၅၃၈ ဦးအနက် ၁၄၆ ဦးတွင် ရောဂါဖြစ်ပွားမှု တွေ့ရှိရကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှု၏ ၂ ဒသမ ၂ ရာခိုင်နှုန်းတွင် ရောဂါဖြစ်ပွားမှု တွေ့ရှိရခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သော ၁၀ ရက်ခန့်အတွင်း ရက်အလိုက် စစ်ဆေးသည့် အနည်းဆုံး ဓာတ်ခွဲနမူနာ ၂၅၂ ခု ရှိပြီး အများဆုံးစစ်ဆေးသည့် အရေအတွက်မှာ ၄၂၇ ခုရှိကြောင်း၊ လူနာများကို မြို့နယ် ပေါင်း ၄၅ မြို့နယ်မှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားသော မြို့နယ်များမှာ ရန်ကုန်တိုင်းဒေသကြီး၌ ၂၈ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ သုံးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အ ရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့ ၌ နှစ်မြို့နယ်စီ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီး တို့၌ တစ်မြို့နယ်စီ ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုပြုလုပ်လျှင် ပြုလုပ်သလို ရောဂါပိုးတွေ့ရှိသူ ပိုမိုများပြားလာနိုင်ပြီး  ထိုသို့ပြုလုပ်မှသာလျှင် ဤရောဂါ၏ ကူးစက်ပျံ့နှံ့မှု အတိမ်အနက်ကိုသိနိုင်ပြီး လိုအပ်သည့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ရောဂါကူးစက် ဖြစ်ပွားနေသည့် မြို့နယ်များ၌ ဦးစားပေး အားထည့်၍ ဆောင်ရွက်မည်ဟု ပြောကြားသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှုသည် ကမ္ဘာ့နိုင်ငံကြီးများ ဖြစ်သော အမေရိကန်၊ စပိန်၊ အီတလီ၊ ယူကေ၊ ပြင်သစ်၊ အီရန်၊ ဂျာမနီ၊ ရုရှား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ စသည့် နိုင်ငံများ၌ ဆက်လက်ကူးစက် ပြန့်ပွားနှုန်း မြင့်မားလျက်ရှိပြီး သေဆုံးမှုနှုန်းလည်း မြင့်မားနေသည်ကို တွေ့ရှိကာ  အိမ်နီးချင်းနိုင်ငံများ၌လည်း အခြေအနေမှာ တည်ငြိမ်မှုမရှိသေးဘဲ ရောဂါပျံ့နှံ့ ဖြစ်ပွားလျက် ရှိနေသေးကြောင်း၊ မိမိတို့နိုင်ငံတွင် အထက်ပါ နိုင်ငံကြီးများကဲ့သို့ ကူးစက်ပျံ့နှံ့မှုမျိုးနှင့် သေဆုံးမှုမျိုး လုံးဝ မဖြစ်စေရန်အတွက် လက်ရှိအနေအထားကို သေချာစွာထိန်းသိမ်းထားရန်၊ ဆက်လက်ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို ပြည်သူတစ်ဦးချင်းစီမှ လိုက်နာ ဆောင်ရွက်ကြရန်  အထူးအရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

Most Read

Most Recent