လေပွေလှိုင်းများ၊ မိုးတိမ်တောင်များကြောင့် ဧပြီ ၂၆ ရက်က ရန်ကုန်မြို့ နေရာအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး နောက်နှစ်ရက်အထိ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။
“ရန်ကုန်မှာ မိုးရွာတာက အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်း၊ အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းတွေရယ်၊ ဒီရက်ပိုင်း ပူနေတဲ့အချိန် အပူပြန်တက်တိမ်တွေကနေ မိုးတိမ်တောင်ဖြစ်ပြီး မိုးရွာတာပါ။ နောက်တစ်ရက် နှစ်ရက်လောက် ရွာနိုင်သေးတယ်။ အခြားပြည်နယ်နဲ့ တိုင်းတွေလည်း မိုးအနည်းငယ် ရွာတယ်”ဟု ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
ထို့ပြင် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်နိုင်ကြောင်း၊ လက်ရှိ အခြေအနေတွင် နိုင်ငံတကာမိုးလေဝသဌာနများ၏ သချင်္ာပုံစံပြု မော်ဒယ်တွက်ထုတ်ချက်များ မတူညီသော်လည်း ဧပြီနှင့် မေလမှာ မြန်မာနိုင်ငံအတွက် မုန်တိုင်း ပထမရာသီ ဖြစ်သဖြင့် သတိထားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
“ဒီနေ့ဆိုရင် သချင်္ာပုံစံပြုမော်ဒယ် တွက်ထုတ်တာ ကွဲလွဲတယ်။ အိန္ဒိယက လေဖိအားနည်းရပ်ဝန်းနဲ့ ပြီးသွားတာ တွေ့ရတယ်။ ECMWF ကျတော့ မုန်တိုင်းအဆင့်လောက် ရောက်လာတာ တွေ့ရတယ်။ အချိန်နဲ့အမျှတော့ ပြောင်းနေတယ်။ လေဖိအားနည်းရပ်ဝန်းတောင် မဖြစ်သေးတော့ အခုချိန်မှာ လမ်းကြောင်းကို ပြောလို့ မရသေးဘူး။ နည်းနည်းတော့ စောင့်ကြည့်ရမယ်။ ဧပြီ၊ မေက မြန်မာနိုင်ငံရဲ့ ပထမ မုန်တိုင်းရာသီဆိုတော့ သတိထားရမယ်” ဟု ၎င်းက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၂၆ ရက် မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တွင် နေရာစိပ်စိပ်၊ နေပြည်တော်နှင့် ကရင်ပြည်နယ်တွင် နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခဲ့ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဘီးလင်းမြို့တွင် ၂ ဒသမ ၈၃ လက်မ၊ မြိတ်မြို့တွင် ၂ ဒသမ ၁၂ လက်မ၊ ကတိုင်တိတွင် ၁ ဒသမ ၈၁ လက်မ၊ မောင်တောမြို့တွင် ၁ ဒသမ ၁၈ လက်မ၊ ဘားအံမြို့တွင် ၁ ဒသမ ၀၆ လက်မ၊ သိမ်ဇရပ်မြို့တွင် ၀ ဒသမ ၉၈ လက်မ၊ ကမမောင်းမြို့တွင် ၀ ဒသမ ၈၀ လက်မ၊ လားရှိုးမြို့၊ ကျောက်မဲမြို့ နှင့် ဖာပွန်မြို့တွင် ၀ ဒသမ ၆၇ လက်မစီနှင့် မိုင်းယန်းမြို့နှင့် မြင်းခြံမြို့တွင် ၀ ဒသမ ၅၅ လက်မစီတို့ဖြစ်ကြောင်း သိရသည်။
ဧပြီ ၂ရရက် ခန့်မှန်းချက်အနေဖြင့် ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တွင် နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။















