COVID-19 ကူးစက်ကပ်ရောဂါအခြေအနေကြောင့် ဇာတ်ပွဲများရပ်နားထားရသည့်အတွက် ဇာတ်သဘင်လောကသားများ စားဝတ်နေရေးခက်ခဲနေ

COVID-19 ကူးစက်ကပ်ရောဂါအခြေအနေကြောင့် ဇာတ်ပွဲများရပ်နားထားရသည့်အတွက် ဇာတ်သဘင်လောကသားများ စားဝတ်နေရေးခက်ခဲနေ
Published 24 April 2020
မောင်မောင်ရွှေမြိုင်၊ ဘိုဘိုမြင့်

ဇာတ်ပွဲရာသီကာလအတွင်း COVID-19 ကူးစက်ကပ်ရောဂါအခြေအနေကြောင့် ဇာတ်ပွဲများရပ်နားထားရသည့်အတွက် ဇာတ်သဘင်လောကသားများ စားဝတ်နေရေးခက်ခဲနေကြောင်း မွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်လောကသားများ၏ ပြောကြားချက်များအရ သိရသည်။

“ ပွဲတွေနားထားတာ အခုနှစ်လနီးပါး ရှိပြီပေါ့။ အလုပ်တွေပျက်တော့ ကျွန်တော်တို့လို သဘင်လုပ်သားတွေလည်း စားဝတ်နေရေး ခက်ခဲလာနေတယ်။ ဇာတ်ဆရာတွေကလည်း ငွေရမယ့်လပိုင်းမှာ ဇာတ်တွေရပ်နားထားရတော့ ကျွန်တော်တို့ သဘင်လုပ်သားတွေ ရသင့်ရထိုက်တာတွေကို ရှင်းပေးဖို့ အခက်အခဲတွေဖြစ်နေကြပါတယ်။ ဇာတ်ဆရာတွေ အခက်အခဲဖြစ်သလို ကျွန်တော်တို့ သဘင်လုပ်သားတွေလည်း အခက်အခဲတွေဖြစ်နေကြပါတယ်’’  စွမ်းပြည့်ဇာတ်ပွဲသဘင်အဖွဲ့ မှ လူရွှင်တော် ဦးချစ်ပွင့်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ အခုအချိန်အထိကို ကျွန်တော်တို့က ဝင်ငွေမရှိဘဲနဲ့ ဇာတ်ဆရာတွေ ဘယ်တော့မှ လုပ်အားခလေးပေးမလဲပေါ့။ ဇာတ်ဆရာတွေက ရှင်းရောရှင်းနိုင်ပါ့မလားပေါ့။ သူတို့လက်ထဲမှာလည်း ငွေမရှိဘူးဆိုတာ ကျွန်တော်တို့လည်း သိပါတယ်။ အဲဒါလေးကိုပဲ ကျွန်တော်တို့ စောင့်စားပြီး နေရပါတယ်။ ဒီကြားထဲ ကပ်ရောဂါကြီးက ဝင်ရှုပ်ထားတော့ အိမ်အပြင်လည်း ထွက်လို့မရ။ အလုပ်ကလည်း လက်မဲ့ဖြစ်နေတယ်။ အပြင်အလုပ်ကလည်း ကိုယ့်အသက်အရွယ် နဲ့ မလုပ်စားနိုင်တော့ဘူး။ အဲဒီတော့ဘာလေးရမလဲ။ ဘာလေးလုပ်စားရမလဲ မျှော်နေရပါတယ်။ လက်ရှိ ကျွန်တော်တို ့က ဘာအလုပ်အကိုင်မှမရှိတော့ စားဝတ်နေရေးခက်ခဲတာပေါ့။ ပေါင်နှံစားဖို့ကလည်း ဝင်ငွေပေါက်လမ်း ကလည်း မရဘူး။ အဲဒီတော့ အိမ်မှာရှိတာလေးပဲ ချွေတာစားနေရတာပေါ့’’ ဟု ပြောကြားသည်။

ယခုနှစ်အတွင်း ဇာတ်အဖွဲ့များအနေဖြင့် သီတင်းကျွတ်လမှ တပို့တွဲလ အထိသာ ကလိုက်ရကြောင်း၊ တပေါင်းလဆန်းအချိန် တွင် စာမေးပွဲများရှိနေသည့်အတွက် ကခွင့်မရလိုက်ကြောင်း၊ စာမေးပွဲများ ပြီးသွားပြီးနောက် ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပွဲလမ်းသဘင်များ ပိတ်ထားလိုက်သည့်အတွက် ဇာတ်ဆရာ (ဇာတ်တည်ထောင်သူ) များ ဒုက္ခဖြစ်သလို၊ သဘင်လုပ်သားများလည်း အကုန်ဒုက္ခရောက်ကြရကြောင်း ဇာတ်လျးမန် (မွန် ဇာတ်ပွဲ) တည်ထောင်သူ ဦးမင်းနိုင်ထွန်းက ပြောကြားသည်။ 

“ ကျွန်တော်တို့အလုပ်က လက်ခုပ်ပြည့် မှ လက်ကြားယို ဆိုသလို ဇာတ်ဆရာပိုက်ဆံမရတော့ ဇာတ်သဘင်လုပ်သားတွေကို ပိုက်ဆံမရှင်းနိုင်ဘူး။ အကုန်အခက်အခဲတွေနဲ့ ပေါ့။ အခု ကျွန်တော့်ဆီကို လာကြတာပေါ့။ တစ်သိန်းပေးပါဦး၊ ငါးသောင်းပေးပါဦးနဲ့ လူအများနဲ့ကျတော့ ကျွန်တော်လည်း ထုတ်ပေးလို့ မနိုင်တော့ဘူး။ တချို့တွေကလည်း ဆိုင်ကယ်လေးရှိတော့ Taxi လေးဆွဲစားပေါ့။ တချို ့မိသားစုတွေနဲ ့ဘာမှမရှိတော့ ဇာတ်ဆရာကိုပဲ အားကိုးကြတာပေါ့။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့လည်း ဘယ်လိုမှ ကူညီမနိုင်တော့ဘူးဖြစ်နေပါတယ် ’’ ဟု ဦးမင်းနိုင်ထွန်းက ပြောကြားသည်။

“ ကျွန်တော်တို့ အလုပ်က ကဆုန်လကွယ်မှာ ဇာတ်ခေါင်းပြုတ်ပေါ့။ ဇာတ်ခေါင်းပြုတ်ပြီး ၀ါဆိုလ တစ်လတည်းနားရပါတယ်။ ၀ါခေါင်လမှာဆိုရင် ဇာတ်ပြန်တိုက်ရပြန်ပြီ။ အဲဒီကာလရောက်ရင် လူ ၃၀၊ ၄၀ လောက် ကိုပြန်တင်ကျွေးရပြီ။ ဆိုတော့ အခုလည်း ဇာတ်တိုက်ချိန်ရလား၊ မရလားလည်းမသိရသေးဘူး။ တော်သလင်း၊ သီတင်းကျွတ်လောက်မှ ပြန်ဖွင့်ပေးမယ်ဆိုရင်လည်း ဇာတ်တိုက်မယ့်အချိန်နဲ့ ပွဲပြန်ထွက်မယ့်အချိန်နဲ့လုနေရဦးမယ်။ အဲဒါတွေထားဦး။ လာမယ့် မိုးတွင်းမှာ သဘင်လုပ်သား ၄၀ စာ၊ မိသားစုနဲ့ ဆိုရင် လူအယောက် ၂၀၀ ကျော်ဟာ ဇာတ်ဆရာတစ်ယောက်တည်းကို မှီခိုပြီးစားနေရတဲ့ ပုံစံဖြစ်နေတော့ ကျွန်တော်တို့လည်း မထောက်ပံ့ပေးနိုင်တော့ သူတို့တွေလည်းအများကြီး ဒုက္ခဖြစ်ကြမှာပါ” ဟု ဦးမင်းနိုင်ထွန်း က ပြောကြားသည်။

လတ်တလောတွင် မွန်ပြည်နယ်သဘင် အစည်းအရုံးရှိ စာချုပ်ဝင်သဘင်လုပ်သားများအား တစ်ဦးလျှင် ဆန် နှစ်ပြည်၊ ဆီ တစ်ဗူးနှုန်းဖြင့် ပထမအကြိမ် ကူညီဝေငှပေးထားကြောင်း၊ ဒုတိယအကြိမ်အနေဖြင့် မြန်မာ နိုင်ငံသဘင်အစည်းအရုံး (ဗဟို) ၏ လမ်းညွန်မှုဖြင့် သဘင်လုပ်သားအား တစ်ဦးလျှင် ဆန်ငါးပြည်နှုန်း ထပ်မံထောက်ပံ့ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးနေကြောင်းနှင့် CB ဘဏ်မှလည်း သဘင်လုပ်သားများအတွက် တစ်ဦးလျှင် ဆန်သုံးပြည်နှင့်အတူ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည်ဖြင့် လှူဒါန်းပေးရန်ရှိကြောင်း မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးစိုးသီဟက ပြောကြားသည်။

“ အခုလတ်တလောမှာ ဇာတ်တည်ထောင်သူရော၊ ဇာတ်လုပ်သားတွေအားလုံး ဘယ်သူမှအဆင်မပြေကြဘူး။ အခက်အခဲတွေ မျိုးစုံရင်ဆိုင်နေကြရတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ပွဲက ပြခွင့်မရဘူးဆိုတာလည်း ကြိုတင်မသိကြရ ဘူး။ ရုတ်တရက်ကြီး ပွဲကနေရင်းနဲ့ကို ပွဲတွေ ရပ်လိုက်ရတော့ ဇာတ်ဆရာတွေရော၊ အလုပ်သမားတွေပါ ဒုက္ခရောက်ကြရပါတယ်။ သူတို့မှာ စုထားဆောင်းထားတာတွေလည်းမရှိဘူး။ တကယ်တမ်း တန်ခူးလမှာကမယ့် ပွဲတွေကမှ ပိုက်ဆံပိုရကြပါတယ်။ အဲ့ဒီမတိုင်ခင် စာမေးပွဲတွေနဲ ့ပွဲပါမစ်က ရတစ်ချက်၊ မရတစ်ချက် ဖြစ်နေတော့ မကလိုက်ရဘူး။ တကယ်တမ်းပွဲ ကရမယ့်လမှာမှ ရပ်လိုက်ရတော့ ဇာတ်ဆရာရော၊ အလုပ်သမားတွေပါ အဆင်မပြေမှုတွေဖြစ်နေပါတယ်။ နောက်ထပ် ပွဲနားရမယ့် ကာလတွေတိုးမြှင့်မယ်ဆိုရင်တော့ ဇာတ်ဆရာတွေရော၊ အလုပ်သမားတွေပါ အဆင်မပြေမှုတွေ ပိုပြီးဖြစ်လာနိုင်ပါတယ် ’’ ဟု ဦးစိုးသီဟက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ တန်ခူးလတစ်လတည်းကို ကျပ်သိန်း ၅၀၀ နဲ့ သိန်း ၆၀၀ နီးပါးဝင်ငွေရှိပါတယ်။ ကျန်တဲ့လတွေမှာလည်း ဝင်ငွေက ကျပ်သိန်း ၂၀၀၊ ၃၀၀ အဲ့ဒီလို ရှိပါတယ်။ တန်ခူးလသင်္ကြန်အပြီးမှာဆိုရင် ပွဲစျေးအများဆုံးရတဲ့ကာလဖြစ်ပါတယ်။ အဲဒီအချိန်မှာမှ ပွဲတွေရပ်လိုက်ရတော့ ဇာတ်တစ်ဇာတ်ကို အနိမ့်ဆုံးကျပ်သိန်း ၅ဝဝနဲ့ ၆၀၀ ကြား နစ်နာမှုတွေရှိခဲ့ကြပါတယ် ’’ ဟု ပြောကြားသည်။

အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ်မှ သဘင်လုပ်သားတစ်ယောက်လျှင် ကျပ် ၁၀ သိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးနိုင်ရေး နေပြည်တော်အစည်အဝေး၌ တင်ပြထားသည်ဟု သိရှိရကြောင်း၊ မည်သည့်နှုန်းဖြင့် ကူညီပေးမည်ကို သေသေချာချာ မသိရသေးကြောင်း ဦစိုးသီဟက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်အတွင်း ဇာတ်အဖွဲ့ပေါင်း ၄၁ ဇာတ်၊ ဆိုင်းအဖွဲ့ ၂၆ ဖွဲ့ ရှိပြီး သဘင်လုပ်သား ၂၄၇၂ ဦးရှိကြောင်း သိရသည်ပြီး ဧပြီ ၂၄ ရက် သဘင်လုပ်သားတစ်ဦးလျှင် ဆန်ငါးပြည် ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ သိရသည်။

 

 

Most Read

Most Recent