အာရှရန်ကုန်ဘဏ်၏ မ,တည်ငွေရင်းတိုးမြှင့်ရန် အဆိုပြုငွေများနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးသည့် အထောက်အထားများအရ ဘဏ်ရှယ်ယာအရောင်းအဝယ်ပြုလုပ်စဉ်က ပေးချေသည့်ငွေများမှာ အခွန်ဆောင်ပြီး တရားဝင်ရငွေဟု ယူဆမရသည့် အထောက်အထားများ ပါဝင်သည့်အတွက် ဘဏ်လိုင်စင်ရုပ်သိမ်းပြီး ဖျက်သိမ်းရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

အာရှရန်ကုန်ဘဏ်၏ မ,တည်ငွေရင်းတိုးမြှင့်ရန် အဆိုပြုငွေများနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးသည့် အထောက်အထားများအရ ဘဏ်ရှယ်ယာအရောင်းအဝယ်ပြုလုပ်စဉ်က ပေးချေသည့်ငွေများမှာ အခွန်ဆောင်ပြီး တရားဝင်ရငွေဟု ယူဆမရသည့် အထောက်အထားများ ပါဝင်သည့်အတွက် ဘဏ်လိုင်စင်ရုပ်သိမ်းပြီး ဖျက်သိမ်းရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 22 March 2020
ဖြိုးဝေ

အာရှရန်ကုန်ဘဏ်၏ မ,တည်ငွေရင်း တိုးမြှင့်ရန် အဆိုပြုငွေအပေါ် စစ်ဆေးရာ အဆိုပါငွေမှာ အခွန်ထမ်းဆောင်ပြီး တရားဝင်ရငွေဖြစ်ကြောင်း အထောက်အထားမရှိသည့်အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးသည့် အထောက်အထားများတွင် ဘဏ်ရှယ်ယာ အရောင်းအဝယ်ပြုလုပ်စဉ်က ပေးချေသည့်ငွေများမှာ အခွန်ဆောင်ထားပြီး တရားဝင်ရငွေဟု ယူဆ၍မရသည့် အထောက်အထားများ ပါဝင်သည့်အတွက် ဘဏ်လိုင်စင်ရုပ်သိမ်းပြီး ဖျက်သိမ်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။

မတ် ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အာရှရန်ကုန်ဘဏ်လီမိတက်အား မတ် ၁၆ ရက်တွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းနှင့် ဦးဘိုဘိုငယ်တို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြရာ၌ ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၇ ခုနှစ်မှာ ရှယ်ယာအရောင်းအဝယ်နဲ့ အရှုပ်အရှင်း တိုင်ကြားချက်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အကြောင်းကြားစာတွေကို စတင်ရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အာရှရန်ကုန်ဘဏ်ဟာ မ,တည်ငွေရင်းကို ပြည့်ဝစွာ မထည့်သွင်းခဲ့တဲ့ အနေအထားတွေ ရှိခဲ့ပါတယ်။ ဘဏ်က မ,တည်ရင်းနှီးငွေပမာဏ တိုးမြှင့်ထည့်သွင်းဖို့ အဆိုပြုမှု ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်ရှိခဲ့ပါတယ်။ ဒီငွေဟာ တရားဝင်ရရှိတဲ့ငွေ ဟုတ် မဟုတ် အခွန်ထမ်းဆောင်ပြီးတဲ့ ငွေ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးမှုတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို စုံစမ်းစစ်ဆေးတဲ့အခါမှာ ဘဏ်ကထည့်သွင်းဖို့ အဆိုပြုတဲ့ငွေဟာ အခွန်ထမ်းဆောင်ပြီးတဲ့ တရားဝင်ရငွေဖြစ်ကြောင်း အထောက်အထားတွေ မရရှိခဲ့ပါဘူး။ အဲဒီအပြင် အခုနှစ်အစပိုင်းမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ပေးပို့တဲ့ သူတို့စစ်ဆေးထားတဲ့ အထောက်အထားတွေထဲမှာ ဘဏ်ရဲ့ရှယ်ယာတွေကို ရှယ်ယာအရောင်းအဝယ် ပြုလုပ်ခဲ့စဉ်က ပေးချေခဲ့တဲ့ငွေတွေမှာ အခွန်ဆောင်ပြီး တရားဝင် ဝင်ငွေတွေလို့ ယူဆမရကြောင်း အထောက်အထားတွေ ပါဝင်ခဲ့ပါတယ်။ ဒီလိုပေါ်ပေါက်ချက်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ ဥပဒေသဘောထားကို မေးမြန်းရယူပြီး နိုင်ငံတော်သမ္မတရုံးရဲ့ လမ်းညွှန်ချက်နဲ့အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနှစ်တွေအတွင်းမှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွေမှာလည်း စစ်ဆေးတွေ့ရှိချက်တွေကို အကြိမ်ကြိမ်တင်ပြပြီး နောက်ဆုံး မတ် ၁၆ ရက်မှာကျင်းပတဲ့ ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှာ အပြီးသတ်ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ ဥပဒေပုဒ်မ ၁၅ အရ လိုင်စင်ရုပ်သိမ်းဖို့ အခြေအနေတွေ ပေါ်ပေါက်လာရင် ပုဒ်မ ၁၆ အရ ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီလအတွင်းမှာမှ ခိုင်မာတဲ့ အထောက်အထားတွေ ရရှိခဲ့တဲ့အတွက်ကြောင့် အခုမတ်လအတွင်းမှာ ဆုံးဖြတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးဘိုဘိုငယ်က ပြောကြားသည်။

ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေသတ်မှတ်ချက်အရ အနည်းဆုံး မ,တည် ရင်းနှီးငွေကျပ်ဘီလျံ ၂၀ ရှိရန် လိုအပ်ပြီး အဆိုပါဝင်ငွေများမှာ တရားဝင် ဝင်ငွေရပေါက်ရလမ်း (Source of Fund) မှ ရရှိသည့် ငွေဖြစ်ကြောင်း ခိုင်မာသည့်အထောက်အထား ပြသနိုင်ရန်နှင့် အဆိုပါငွေများမှာ အခွန်ထမ်းဆောင်ပြီးသည့် ငွေဖြစ်ရန် လိုအပ်သည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အဆိုပါနှစ်ချက်ကို အဓိကထားစစ်ဆေးပြီးမှ ရှင်းလင်းသည့်ငွေများကိုသာ မ,တည် ရင်းနှီးငွေအဖြစ် ထည့်သွင်းခွင့်ပြုခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ရခြင်းမှာ ဘဏ်စနစ်၊ ငွေကြေးစနစ်သည် တစ်ဘဏ်နှင့် တစ်ဘဏ် နိုင်ငံတကာနယ်နိမိတ်များကို ဖြတ်ကျော်ပေးချေ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံဘဏ်စနစ်အနေဖြင့် နိုင်ငံတကာဘဏ်စနစ်များနည်းတူ တရားမဝင်ငွေများ မိမိဘဏ်အတွင်းသို့ ဝင်မလာအောင် ကာကွယ်တားဆီးရန် လိုအပ်သည်ဟု ဦးဘိုဘိုငယ်က ဆိုသည်။

“ အဲဒီလိုမလုပ်နိုင်ခဲ့ဘူးဆိုရင် နိုင်ငံတကာဘဏ်တွေအနေနဲ့ မြန်မာပြည်ကဘဏ်တွေအပေါ် ယုံကြည်မှုလျော့ကျပြီး အဆက်အသွယ်လုပ်ကြဖို့ တွန့်ဆုတ်လာနိုင်ပါတယ်။ အဲဒီအခါ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်တဲ့နေရာ အဟန့်အတားဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန် ဝန်ဆောင်ခစတဲ့ ပေးချေမှုတွေမှာ အခက်အခဲတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒီအခါမှာ တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးကိုထိခိုက်ပြီး လူတစ်ဦးချင်းစီရဲ့ဝင်ငွေနဲ့ နေထိုင်မှုအဆင့်အတန်းကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံတကာဗဟိုဘဏ်တွေနည်းတူ ငွေအရင်းအမြစ်နဲ့ အခွန်ကင်းရှင်းမှု ရှိ မရှိ ဆိုတာကို အလေးထား စိစစ်နေရတာဖြစ်ပါတယ်” ဟု ဦးဘိုဘိုငယ်က ဆိုသည်။

အာရှရန်ကုန်ဘဏ်ကို လိုင်စင်ရုပ်သိမ်းပြီးနောက်တွင် ဗဟိုဘဏ်အနေဖြင့် အဓိကဦးစားပေးဆောင်ရွက်သည့် အချက်အဖြစ် ဘဏ်တွင် ငွေအပ်နှံထားသူများ ငွေထုတ်ယူလိုပါက ချောချောမွေ့မွေ့ထုတ်ယူနိုင်စေရန် စီစဉ်ခြင်းဖြစ်ပြီး အာရှရန်ကုန်ဘဏ်တွင် အပ်နှံထားသည့်ငွေများ၊ အာရှရန်ကုန်ဘဏ်က အခြားဘဏ်များတွင် အပ်နှံထားသည့်ငွေများနှင့် အဆိုပါဘဏ်၏ ဘဏ်ခွဲ အသီးသီးတွင်ရှိသည့် ငွေများကို စနစ်တကျ ထိန်းသိမ်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၉၇၊ ပုဒ်မခွဲ (က) အရ အုပ်ချုပ်သူခန့်ထားပြီး စီမံခန့်ခွဲနေသည်။

“ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ် လုပ်ငန်းကြီးကြပ် စစ်ဆေးရေးဌာနနဲ့ မြန်မာ့စီးပွားရေးဘဏ်က အရာထမ်းတွေနဲ့ ဝန်ထမ်းတွေကလည်း တွဲဖက်တာဝန်ထမ်းဆောင်လျက် ရှိပါတယ်။ အာရှရန်ကုန်ဘဏ်ရဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခန့်ထားတဲ့ အုပ်ချုပ်သူရဲ့လက်အောက်မှာ လက်ရှိလစာနဲ့ လစာနှုန်းထားအတိုင်း ဆက်လက်ခန့်ထားဆဲ ဖြစ်ပါတယ်။ ဒီဘဏ်ရဲ့ ရပိုင်ခွင့်နဲ့ပေးဖို့ တာဝန်ရှိတာတွေကို စနစ်တကျ စာရင်းရှင်းလင်းဖျက်သိမ်းဖို့ နောက်တစ်ဆင့်မှာ လိုအပ်မှာဖြစ်ပါတယ်။ ဒီအခါမှာ တရားလွှတ်တော်ချုပ်ကို လျှောက်ထားပြီး ပြည်သူ့စာရင်းကိုင်လက်မှတ်ရ စာရင်းရှင်းလင်းရေး အရာရှိတစ်ဦးကို ခန့်ထားပြီးချိန်အထိ ဗဟိုဘဏ်မှ အုပ်ချုပ်သူက တာဝန်ယူ အုပ်ချုပ်သွားမှာဖြစ်ပါတယ်” ဟု  ဦးဘိုဘိုငယ်က ဆိုသည်။

အာရှရန်ကုန်ဘဏ်၏ ငွေအပ်နှံသူ အရေအတွက်နှင့် တစ်ဦးချင်း အပ်နှံငွေပမာဏ ကြီးကြီးမားမားမရှိသဖြင့် ငွေအပ်နှံသူများ ငွေထုတ်ယူလိုပါက ထုတ်ပေးနိုင်ရန်လည်း အာရှရန်ကုန်ဘဏ်လက်ဝယ်ရှိ ငွေသား၊ အာရှရန်ကုန်ဘဏ်မှ ဗဟိုဘဏ်တွင် ထားသည့်အပ်နှံငွေ၊ အာရှရန်ကုန်ဘဏ်က တခြားဘဏ်များတွင် ထားသည့် အပ်နှံငွေများနှင့် ထုတ်ပေးရန် လုံလောက်မှုရှိရုံသာမက ပိုလျှံမှုရှိနေသည်ဟု ဦးဘိုဘိုငယ်က ဆိုသည်။

“ ဒီဘဏ်ကို လိုင်စင်ရုပ်သိမ်းရခြင်းဟာ ငွေရေးကြေးရေး အခက်အခဲကြုံတွေ့ရတဲ့ အခြေအနေကြောင့် မဟုတ်ပါဘူး။ အဓိကအားဖြင့် ဒီလို အခွန်ကင်းရှင်းမှု မရှိတဲ့ငွေတွေနဲ့ ရင်းနှီးထားခြင်းဟာ မြန်မာပြည်ဘဏ် စနစ်တစ်ခုလုံးရဲ့ ပုံရိပ်၊ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ လက်ရှိမှာ ငွေထုတ်ယူမှု ပုံမှန်အနေအထားရှိပြီး အနည်းငယ်စီသာ လာရောက်ထုတ်ယူမှု ရှိပါတယ်။ လက်ရှိထုတ်ယူသူတွေ ငွေထုတ်ဖို့ အခက်အခဲရှိတယ်ဆိုတဲ့အချက် မတွေ့ရပါဘူး” ဟု ဦးဘိုဘိုငယ်က ဆိုသည်။

ထို့ပြင် အာရှရန်ကုန်ဘဏ်လီမိတက်ကို ဖျက်သိမ်းခဲ့သည့်အတွက် ဘဏ္ဍာရေးလောကတွင် ရိုက်ခတ်မှု ရှိ မရှိနှင့် ရိုက်ခတ်မှု ရှိလာနိုင်ပါသလားဟု နိုင်ငံပိုင်သတင်းစာက မေးမြန်းရာ ဦးဘိုဘိုငယ်က “ အာရှရန်ကုန်ဘဏ်မှာ ငွေအပ်နှံသူနည်းပါးခြင်း၊ ချေးငွေ ထုတ်ချေးမှုမှာလည်း နည်းပါးပြီး စုစုပေါင်း ရရန်ပိုင်ခွင့်နဲ့ တိုင်းတာရင် ပမာဏသေးငယ်သော ဘဏ်အမျိုးးအစားမှာ ပါဝင်ပြီးတော့ လူသိနည်းတဲ့ဘဏ် ဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည် ဘဏ်လုပ်ငန်းစနစ်အနေနဲ့ အတွေ့အကြုံများလာတဲ့အတွက် ရိုက်ခတ်မှု မရှိသလောက်ဖြစ်တာကို တွေ့ရှိရပါတယ်” ဟု ဆိုသည်။

ထို့ပြင် အာရှရန်ကုန်ဘဏ်ကို စတင်တည်ထောင်ခဲ့ချိန်တွင် မြန်မာနိုင်ငံသားအမည်ခံများနှင့် ထူထောင်ခဲ့သည်ဆိုသည့် အထောက်အထားများ တွေ့ရှိခဲ့ရသည့်အတွက်  ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်ရန် သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဦးဘိုဘိုငယ်က ဆက်လက်ပြောကြားသည်။

“ အာရှရန်ကုန်ဘဏ်ကို ၁၉၉၄ ခုနှစ် မတ် ၁၇ ရက်မှာ ဘဏ်လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ လိုင်စင်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ရရှိတဲ့အထောက်အထားတွေအရ ဘဏ်ကို စတင်တည်ထောင်ခဲ့ချိန်မှာ မြန်မာနိုင်ငံသား အမည်ခံတွေနဲ့ ထူထောင်ခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း တွေ့ရှိရတဲ့အတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအပြင် တခြားတည်ဆဲဥပဒေတွေနဲ့လည်း ငြိစွန်းနေပါတယ်။ ဒါတွေကတော့ ဥပဒေကြောင်းအရ လိုအပ်သလို ဆက်လက်လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ရုံးချုပ်နဲ့ ဘဏ်ခွဲ ၁၂ ခု နဲ့သာ လုပ်ငန်းဆောင်ရွက်နေခဲ့ပါတယ်” ဟု ဦးဘိုဘိုငယ်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent