ကော့သောင်းရှိ ရေလုပ်သားများနှင့် ရေလုပ်ငန်းတွင် ကြုံတွေ့နေရသည့် ရေခဲနှင့် ငါးဖမ်းကိရိယာ အခက်အခဲများကို နိုင်ငံတော်က ကူညီဆောင်ရွက်ပေးမှုမရှိဘဲ အခွန်အခရရှိရေးကိုသာ လုပ်ဆောင်နေကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
ကော့သောင်းခရိုင် အတွင်းရှိ ငါးဖမ်းလှေ၊ ငါးသယ်လှေများတွင် အသုံးပြုရသည့် ရေခဲများ၊ ငါးဖမ်းကိရိယာများမှာ တစ်ဖက် ထိုင်းနိုင်ငံမှ ဝယ်ယူအသုံးပြုနေရပြီး ထိုင်းနိုင်ငံသို့ သွားရောက်ကာ သယ်ယူနေရကြောင်း သိရသည်။ ကော့သောင်းမြို့တွင် ရေခဲစက်နှစ်ခုသာရှိပြီး ရေခဲမလုံလောက်ခြင်း၊ ငါးဖမ်းကိရိယာများမှာ တစ်ဘက်ထိုင်းနိုင်ငံတွင်သာ ဝယ်ယူနိုင်ခြင်းတို့မှာ အခက်အခဲတစ်ခု ဖြစ်နေသည့်အတွက် အစိုးရသို့ တင်ပြထားသော်လည်း ယနေ့အထိ ကူညီဆောင်ရွက်ပေးမှုမရှိ ဖြစ်နေကြောင်း သိရသည်။
“အဓိက လိုအပ်တာက ရေခဲနဲ့ လုပ်ငန်းသုံးပစ္စည်းဖြစ်တယ်။ အစိုးရအဖွဲ့လုပ်ပေးနိုင်မယ့် အချက်အလက်တွေ ဖြေလျော့ပေးနိုင်မယ့် မူဝါဒတွေ၊ နယ်စပ်နဲ့ဆိုင်တဲ့ ကိစ္စတွေ အားလုံးကို ကျွန်တော်တို့ အကြံဉာဏ်ပေးပါတယ်။ ဘယ်လိုမျိုးလုပ်သင့်ပါတယ်ဆိုပြီး ပြောပြခဲ့တယ်။ ကျွန်တော်တို့ဆီမှာ ရေခဲစက်တွေ ကိုယ်ပိုင်မီးစက်နဲ့ လုပ်ရတယ်။ ရေခဲမလုံလောက်ဘူး။ ကျန်တဲ့ တခြားနည်းပညာဆိုင်ရာ ငါးဖမ်းကိရိယာတွေနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိပါတယ်။ ဒါကြောင့် လက်ရှိဖြစ်နေတဲ့ အခက်အခဲအပေါ်မှာ ဘယ်လိုမျိုး ဆောင်ရွက်ပေးမလဲ၊ ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိသလားဆိုပြီး တင်ပြခဲ့တယ်။ စာအမှတ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ကို ရောက်သွားတယ်။ Close Season နဲ့ Close Area ပဲပြန်ဖွင့်သွားတယ်။ အဲဒီအချိန်အထိ Reply မရှိခဲ့ဘူး။ ဘာကြောင့်၊ ဘာအတွက်၊ ဘယ်နေရာမှာတော့ မလုပ်ပေးနိုင်ဘူး၊ ဘယ်နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ပေးမယ်၊ ဘယ်လိုများ ဆွေးနွေးပြီး ဘယ်လိုလုပ်ကြရင် အဆင်ပြေနိုင်မလဲ၊ ဘယ်လိုအနေထားနဲ့ သွားလို့ရတယ်၊ ဘယ်လိုကူညီထားပြီးပြီလဲ ဆိုတာကို ပြန်အကြောင်း မကြားလာဘူး။ အကူအညီ မပေးနိုင်ဘူး။ ဒါကနိုင်ငံတော်မူဝါဒဖြစ်တယ်။ နှစ်နိုင်ငံအနေထားက ဘယ်လိုရှိတယ်ဆိုပြီး နိုင်ငံရေးဆိုင်ရာ အကြောင်းပြန်ချက်လည်း မပြန်လာခဲ့ဘူး။ ဟိုဘက်နိုင်ငံကိုသွားဖို့ အစိုးရက သင့်တော်တဲ့ ဖြေလျှော့မှုတွေ မပေးဘူး။ ညှိနှိုင်းမှုတွေ မလုပ်ပေးတော့ သင့်ရာနည်းနဲ့ပဲ သွားနေရတယ်။ နောက်ပိုင်း ဘာဖြစ်လာနိုင်သလဲဆိုတော့ ကျွန်တော်တို့မှာ ရေခဲကိုတောင် အခွန်ဆောင်ရမယ့်ဘဝကို ရောက်နေပြီ။ ရေလုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေကို အခွန်မရရှိဘူး၊ အခွန်အခ မလုံလောက်ဘူး၊ အခွန်ပေးတာနည်းတယ်၊ စည်းကမ်းမဲ့တယ်၊ လွတ်မြောက်နယ်မြေ ဖြစ်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုတာပဲ တွေ့ရတယ်” ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောကြားသည်။
ပြီးခဲ့သည့်နှစ် ငါးဖမ်းရာသီပိတ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ မတိုင်မီ ၅ လပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ငါးဖမ်းလှေ အစင်းရေ ၄၀ ဖမ်းဆီးခြင်းခံရသည့် ဖြစ်စဉ်ရှိခဲ့ပြီး ၇ လပိုင်းတွင် ရေခဲအခက်အခဲနှင့် ငါးဖမ်းလုပ်ငန်းသုံးပစ္စည်း ဝယ်ယူမှု အခက်အခဲများကို ခရိုင်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တိုင်းအစိုးရအဖွဲ့သို့ တင်ပြဖူးသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“နိုင်ငံတော်အစိုးရက ဘယ်ရေလုပ်သား၊ ရေလုပ်ငန်းရှင်ကိုမှ ဘယ်လိုအခန်းကဏ္ဍကနေပြီး ကူညီမယ်ဆိုတာ မရှိဘူး။ ရေလုပ်သား အတွက်လား၊ ရေလုပ်ငန်းရှင် အတွက်လား၊ လှေကိုယ်ထည်အတွက်လား၊ လုပ်ငန်းသုံး ပစ္စည်းတွေ အတွက်လားဆိုပြီး ဘယ်လောက်ထောက်ပံ့မလဲဆိုတဲ့ အချက်က ဘာတစ်ခွန်းမှ ထွက်မလာဘူး။ ဥပမာ-လယ်သမားတွေလယ် လုပ်ဖို့အတွက် လယ်ယာချေးငွေတွေပေးတယ်။ စိုက်ဘဏ်ကနေပေးတယ်။ ရေလုပ်သားတွေ ရေလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ဖို့အတွက် မွေးမြူရေးဘဏ်က သို့မဟုတ် ရေလုပ်ငန်း ဘဏ်တွေ၊ အစိုးရဘတ်ဂျက်တွေကနေ ဘယ်တစ်ပြားမှ မထွက်လာခဲ့ဘူး” ဟု ဦးမင်းလွင်က ပြောကြားသည်။
ငါးဖမ်းလှေများတွင် လိုအပ်သည့် ရေခဲများနှင့် ငါးဖမ်းကိရိယာများ ဝယ်ယူရန် ချက်ပွိုင့်ပြပြီး ထိုင်းနိုင်ငံသို့ သွားရောက်ရကြောင်း မြန်မာနိုင်ငံသို့ ပြန်လာပါကလည်း ချက်ပွိုင့်တွင် အစစ်ဆေးခံရကြောင်း၊ အဆိုပါ ပစ္စည်းများ မရှိပါက လုပ်ငန်းလည်ပတ်ရန် မဖြစ်နိုင်သည့်အတွက် အခက်အခဲများကို တင်ပြခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် အစိုးရအနေဖြင့် အခွန်အခများ ရရှိရေးကိုသာ စွပ်စွဲပြောဆိုနေပြီး အခက်အခဲများကို ဖြေရှင်းပေးရန် လုပ်ဆောင်ပေးခြင်းမရှိ ဖြစ်နေကြောင်း ကော့သောင်းမြို့မှ ရေလုပ်ငန်းရှင်များက ပြောကြားသည်။















