သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး မကြာမီသွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာအချို့ လက်မှတ်ရေးထိုးမည်

သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး မကြာမီသွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာအချို့ လက်မှတ်ရေးထိုးမည်
Published 19 February 2020
ဉာဏ်လင်းထွန်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာခရီးစဉ်အဖြစ် အိန္ဒိယသမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း သွားရောက်ရန်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ သွားရောက်မည့် သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံကြား နိုင်ငံတော်အဆင့် ပထမဆုံးအကြိမ် ခရီးစဉ်လည်းဖြစ်သည်။

“ခရီးစဉ်အတွင်းမှာ (အိန္ဒိယ) သမ္မတကြီးရယ်၊ ဝန်ကြီးချုပ်ရယ်နဲ့ တွေ့ဖို့ရှိပါတယ်။ စာချုပ်ထိုးဖို့လည်း ရှိပါတယ်။ ပြင်ဆင်ထားပါတယ်။ သိတဲ့အတိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုက ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုဆိုတော့ စာချုပ်စာတမ်းတွေ နှစ်ဖက်ညှိနှိုင်းတာ ရှိပါတယ်။ ထိုးဖို့ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောကြားသည်။

မည်သည့်ကဏ္ဍများအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးမည်ကိုတော့ ၎င်းက ပြောကြားခြင်းမရှိဘဲ သမ္မတ ဦးဝင်းမြင့် ခရီးစဉ်ထွက်ခွာချိန်တွင် တရားဝင် ထုတ်ပြန်မည်ဟုသာ ပြောကြားသည်။

သမ္မတဦးဝင်းမြင့်သည့် ၂၀၁၉ ခုနှစ် မေလကုန်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့သော်လည်း နှစ်နိုင်ငံ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အနေဖြင့် သွားရောက်ခဲ့ခြင်းမဟုတ်ပေ။

သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ မည်သည့်နေ့ရက်တွင် သွားရောက်မည်ကို သမ္မတရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိသလို နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူကလည်း ဖြေကြားရန် ငြင်းဆန်သည်။

အိန္ဒိယနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကို ဗင့်ဒ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ   မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

 

 

Most Read

Most Recent