“၀” ဒေသထုတ် မြင်းခေါင်းတံဆိပ်သစ် စိတ်ကြွဆေးပြား လေးသန်းကျော် ဖမ်းဆီးရမိသည်ဟု ထိုင်းအာဏာပိုင်များ ထုတ်ပြန်မှု “၀” အဖွဲ့ ငြင်းဆို

“၀” ဒေသထုတ် မြင်းခေါင်းတံဆိပ်သစ် စိတ်ကြွဆေးပြား လေးသန်းကျော် ဖမ်းဆီးရမိသည်ဟု ထိုင်းအာဏာပိုင်များ ထုတ်ပြန်မှု “၀” အဖွဲ့ ငြင်းဆို
 ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးဝါးများကို တွေ့ရစဉ်
ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးဝါးများကို တွေ့ရစဉ်
Published 18 February 2020
လွင်မျိုးသူ

“၀” ဒေသထုတ် မြင်းခေါင်းတံဆိပ်သစ် စိတ်ကြွဆေးပြား လေးသန်းကျော်ကို ဖမ်းဆီးရမိသည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်မှုအပေါ် “၀” အဖွဲ့က ငြင်းဆိုသည်။

“၀” ဒေသထုတ် မြင်းခေါင်းတံဆိပ်သစ် စိတ်ကြွဆေးပြား လေးသန်းကျော် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိခဲ့သည်ဟု ထိုင်းရတ်သတင်းဌာနက ဖော်ပြခဲ့သည်ကို ကိုးကားပြီး ထိုင်းအခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Social Action For Children and Women (SAW) ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းသို့ ဖော်ပြခြင်းမှာ အထောက်အထားမရှိဘဲ ဖော်ပြခြင်းသာဖြစ်ပြီး သက်သေအထောက်အထားပြနိုင်ပါက ဖမ်းဆီးအရေးယူရန် အသင့်ဟု “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သတင်းပြန်ကြားရေးတာဝန်ရှိသူ ဦးညီရမ်းက ပြောကြားသည်။

“ဘာမှ အထောက်အထားမရှိဘူး။ ဘာမှအခြေအမြစ်မရှိဘူး။ သက်သေအထောက်အထားပြနိုင်ရင် ကျွန်တော်တို့က ဖမ်းဆီးအရေးယူဖို့အဆင်သင့်ပဲ” ဟု “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သတင်းပြန်ကြားရေးတာဝန်ရှိသူ ဦးညီရမ်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဖေဖော်ဝါရီ ၁၇ ရက်က ထိုင်းနိုင်ငံ နကော်ဖနုံခရိုင် အမှတ် (၄) စစ်ဒေသအထူးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့သည့် ဘတ်ငွေ သန်းပေါင်း ၅၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၀၈၀၀၀၀ မှာ၂၀၂၀ ပြည့် နှစ်စပိုင်းတွင် ပထမဆုံးဖမ်းဆီးနိုင်ခဲ့သည့် “၀” လက်နက်ကိုင်နယ်မြေထွက် ၉၉၉ မြင်းဦးခေါင်းသင်္ကေတ တံဆိပ်သစ် အမျိုးအစားများဖြစ်ကြောင်း ထိုင်းရတ်သတင်းဌာနတွင် ဖော်ပြထားသည်ဟု SAW က ရေးသားထားသည်။

ဒေသခံကျေးရွာရှိ လူများ၏ သတင်းပေးမှုကြောင့် စိတ်ကြွဆေးပြားများ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီးကို လမ်းပေါ်တွင် ပိတ်ဆို့ဖမ်းဆီးပြီး ၁၉ နှစ်နှင့် ၁၆ နှစ်အရွယ်လူငယ်နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းသတင်းဌာနအရ သိရသည်။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်၊ ချင်းမိုင်ဒေသများတွင် မူးယစ်ဆေးဝါးများကို အရှိန်မြှင့်ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုများ ရှိနေသဖြင့် မူးယစ်မှောင်ခိုဂိုဏ်းများမှာ ရွှေတြိဂံဒေသ မဲခေါင်းမြစ်ကြောင်းအတိုင်း လာအိုနိုင်ငံအတွင်း လှေများအသုံးပြုပြီး ထိုင်နိုင်ငံသို့ ပြန်ပို့မှုများရှိကြောင်း SAW အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။                              

 

 

Most Read

Most Recent