သရုပ်ဆောင် Beauty Blogger နေခြည်ဦးနှင့်တွေ့ဆုံခြင်း

သရုပ်ဆောင် Beauty Blogger နေခြည်ဦးနှင့်တွေ့ဆုံခြင်း
Published 18 February 2020
လင်းလင်းခိုင်

 

Beauty Blogger တစ်ဦးအဖြစ် ပရိသတ်များ စတင်သိရှိစေခဲ့ပြီးနောက် အချိန်တိုအတွင်းမှာပင် ပရိသတ်စိတ်ဝင်စားချစ်ခင်မှုကိုရရှိခဲ့သူမှာ နေခြည်ဦးပင် ဖြစ်သည်။ သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားများရိုက်ကူးရာတွင်လည်း ပရိသတ်အားပေးမှုနှင့်စိတ်ဝင်စားမှုကို ဇာတ်ကားတိုင်း၌ အရယူနိုင်ခဲ့သူဖြစ်သည်။ မကြာမီက ကျရောက်ခဲ့သည့်မွေးနေ့တွင်လည်း အလှူဒါနများစွာဖြင့်ဖြတ်သန်းခဲ့ပြီး နောက်မေးရိုးဆိုင်ရာ အကြီးစားခွဲစိတ်မှုနှင့် ရင်သားခွဲစိတ်မှုတို့အားပွင့်လင်းစွာ အသိပေးခဲ့သည့်အပြင် ခွဲစိတ်ပြုပြင်မှုခံယူသည့် ဗီဒီယိုဖိုင်နှင့်တကွအချက်အလက်များစွာကိုလည်း Youtube Channel မှတစ်ဆင့် လွှင့်တင်ပေးခဲ့သူ ဖြစ်သည်။ မတူကွဲပြားသည့် အကြောင်းအရာမျိုးစုံဖြင့် စိတ်ဝင်စားစရာဖြစ်စေသူ၊ လူမှုကွန်ရက်စာမျက်နှာထက်တွင် မကြာခဏလှုပ်ခတ်စေလေ့ရှိသူ သရုပ်ဆောင် Beauty blogger နေခြည်ဦးနှင့်တွေ့ဆုံ၍ ခွဲစိတ်ပြုပြင်မှုအတွေ့အကြုံများ၊ ဆက်လက်လုပ်ဆောင်မည့်အနုပညာလှုပ်ရှားမှုများကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ နေခြည်ပရိသတ်တွေနဲ့မတွေ့ဖြစ်တာကြာပြီနော်။ အခုခွဲစိတ်ပြီးမှ ပထမဆုံးပွဲပြန် တက်ဖြစ်တဲ့ ခံစားချက်လေးပြောပြပါဦး။

ဖြေ။ အရမ်းစိတ်လှုပ်ရှားပါတယ်။ ဒီပွဲက အနုပညာရှင်တွေ အများကြီးပါသလို ပရိသတ်တွေလည်းအများကြီးလာအားပေးကြတယ်။ အထူးသဖြင့် နေခြည်ရဲ့ Chillies တွေအများကြီးပါတဲ့အတွက် ပိုပြီးပျော်လည်းပျော်တယ်။ စိတ်လည်းလှုပ်ရှားပါတယ်။ ခွဲစိတ်မှုတွေလုပ်ဖို့ ပြင်ဆင်နေကတည်းက အလုပ်များနေတဲ့အတွက် နေခြည်ရဲ့ပရိသတ်တွေနဲ့ မတွေ့ရတာလည်း အရမ်း ကြာသွားပြီဆိုတော့ ဒီနေ့ပွဲလေးမှာတွေ့ရလို့ပျော်ပါတယ်။ ခွဲစိတ်ထားတဲ့ အရှိန်ကတော့ မေးရိုးတွေဆိုရင်နည်းနည်းယောင်နေတုန်းပဲ။ စကားပြောရတာသိပ်ပုံမှန်မဖြစ်သေးဘူး။ မျက်နှာအနေအထားကလည်း Final result တော့ မရောက်သေးဘူးပေါ့။

မေး။ ဒီနေ့ပွဲမှာ Ex boyfriend  ဖြစ်တဲ့ အောင်ရဲလင်းနဲ့ဆုံတဲ့အခါ ပုံမှန်ပဲစကားတွေ ပြောနေတာတွေ့ရတယ်နော်။

ဖြေ။ အေးဆေးပါပဲ။ မဆုံတာလည်းကြာတော့ သူ့သူငယ်ချင်းတွေထဲမှာလည်း နေခြည်နဲ့ခင်တဲ့သူတွေရှိတော့ မေးဖြစ်စကားပြောဖြစ်တာပါ။ အပြင် မှာ သီးခြားမတွေ့မဆုံဖြစ်တာတော့တော်တော်လေးကြာပြီ။ အခုတွေ့ဆုံတော့လည်း အေးဆေးပါပဲ။

မေး။ နှစ်ယောက်တွဲပြီး ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းခဲ့ရင်ရော လက်ခံဖြစ်မလား။

ဖြေ။ အဲဒီလိုကမ်းလှမ်းထားတာတော့ မရှိသေးပါဘူး။ နေခြည်အနေနဲ့ ရုပ်ရှင်စရိုက်ဖြစ်ကတည်းက ဇာတ်လမ်းကိုပဲ အဓိကကြည့်ဖြစ်တယ်။ ဇာတ်လမ်း အကြောင်းအရာနဲ့ကာရိုက်တာကိုပဲ ဦးစားပေးတာဖြစ်တဲ့အတွက် ဘယ်သရုပ်ဆောင်တွေနဲ့ တွဲရိုက်ချင်တယ်၊ မရိုက်ချင်ဘူးဆိုတာတွေတစ်ခါမှ မရွေးချယ်ခဲ့ဖူးပါဘူး။

မေး။ ခွဲစိတ်ဖြစ်တဲ့ခံစားချက်ဆိုရင်ရော။

ဖြေ။ နေခြည် အခုလိုမေးရိုးချိုးတာနဲ့ ရင်ဘတ်ခွဲစိတ်တာက မခွဲစိတ်ခင်မှာတော့ လုပ်ပြီးသွားရင်လှသွားမယ်၊ မိုက်သွားမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့လုပ်ခဲ့တာပေါ့။ တကယ်ခွဲ စိတ်တဲ့အချိန်မှာ တော်တော်မလွယ်ပါဘူး။ အထူးသဖြင့် ရင်ဘတ်ခွဲစိတ်တဲ့အချိန်မှာ အရမ်းနာပါတယ်။ ဘဝမှာလုပ်ခဲ့ဖူးတဲ့ ခွဲစိတ်မှုတွေ၊ ဆေးကုသခံယူမှုတွေအားလုံးထဲမှာ အနာဆုံးပါပဲ။ ခန္ဓာကိုယ်မှာက သူတို့လက်ခံနိုင်တဲ့အရာ၊ လက်မခံနိုင်တဲ့အရာဆိုတာ ရှိပါတယ်။ ရင်ဘတ်ခွဲစိတ်တဲ့အချိန်မှာလည်း ဆီလီကွန်ထည့်တဲ့အချိန်မှာ ခန္ဓာကိုယ်က တုံ့ပြန်မှုကိုခံရ တဲ့အချိန်မှာ တော်တော်ကိုခံရပါတယ်။ အရမ်းကိုနာတာမျိုးပါ။ နေ့တိုင်းနီးပါးကို မျက်ရည်ကျရတယ်။ မေးရိုးခွဲစိတ်မှုမှာလည်း သူ့နာကျင်မှုနဲ့သူရှိတာပါပဲ။ ဟိုနေ့ကဆိုလည်း မခိုင်ကြီး (ထွန်းအိန္ဒြာဗိုလ်) ခွဲစိတ်ပြုပြင်မှုနဲ့ပတ်သက်ပြီး ဗီဒီယိုလေးတင်ထားတာ ကြည့်လိုက်ရတယ်။ သူ့ခွဲစိတ်မှုအတွက် မေ့ဆေးက လေးနာရီစာပေးထားတယ်။ သူပြန်မနိုးလာတော့ဘဲ သေသွားခဲ့ရင်ဆိုတဲ့အတွေးနဲ့ တရားမှတ်တယ်ပေါ့နော်။ နေခြည်ခွဲစိတ်မှုက ရှစ်နာရီစာမေ့ဆေးပေးတာပါ။ အဲဒီဗီဒီယိုဖိုင်လေးကြည့်မိတဲ့ အချိန်မှာတော်တော်လေးလန့်သွားမိတယ်။ ဟုတ်သားပဲ ဒီလိုခွဲစိတ်နေရင်း သေသွားနိုင်တာပဲဆိုတဲ့ အတွေးမျိုးဝင်လာမိပါတယ်။ လုပ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ လုပ်လို့မရဘဲ နည်းနည်းတော့ သတိထားရမယ်ဆိုတဲ့ အသိလေးဝင်လာတာပေါ့။

မေး။ ခွဲစိတ်အပြီးရလဒ်အပေါ် ဘယ်လောက်အထိယုံကြည်မှုရှိလဲ။

ဖြေ။ အခုလိုခ ဲွစိတ်ပြုပြင်မှုတွေလုပ်တယ်ဆိုတာက လှချင်လို့ပါပဲ။ ဒါတွေလုပ်ပြီး သွားရင်ပိုမိုက်သွားမယ်ပေါ့။ beauty blogger တစ်ယောက်အနေနဲ့လှချင်တယ်။ လုပ်မယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းလုပ်ပြီးသွားတဲ့အခါမှာ နည်းနည်းရှက်တယ်ဆိုတဲ့စိတ်မျိုးတော့ဝင်လာတယ်။ အထူးသဖြင့်တော့ ကိုယ့်ကိုကြည့်တဲ့အကြည့်တွေက အတုတွေထည့်ထားတဲ့ မိန်းကလေးပါဆိုပြီး ကြည့်မှာလား၊ ဘယ်လိုစိတ်မျိုးနဲ့ ကိုယ့်ကိုကြည့်မှာလဲ၊ ကိုယ့်ကိုမကောင်းတဲ့ မိန်းကလေးတစ်ယောက်လို များ တွေးမှာလားစသဖြင့် negative thinking တွေလည်းဝင်လာပါတယ်။ ဒါကြောင့်ခွဲစိတ်မှုလုပ်မယ်ဆိုရင် လှသွားမယ်ဆိုတဲ့အတွေးအပြင် နောက်ဆက်တွဲ ခံစားမှုတွေ၊ ပတ်ဝန်းကျင်ကအတွေးအမြင်တွေလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုတာတော့ တွေးမိပါတယ်။

မေး။ ဒါဆိုခွဲစိတ်ပြုပြင်မှုတွေကို နောင်တရတဲ့သဘောမျိုးလား။

ဖြေ။ အဲဒီလိုတော့မဟုတ်ပါဘူး။ ထပ်ပြီးလည်းလုပ်ဦးမှာပါပဲ။ နေခြည် plastic surgery လုပ်ရတာ အရမ်းသဘောကျတယ်။ ကိုယ့်ကိုယ်ကိုယ် update လုပ်နေတယ်လို့  ခံစားမိပါတယ်။ နေခြည်ရဲ့ surgery လုပ်တဲ့ဗီဒီယိုဖိုင် part 1ကိုလည်း Youtube မှာတင်ပေးထားတယ်။

မေး။ မကြာခင်ထုတ်လွှင့်တော့မယ့် အိပ်မက်တွေမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲနဲ့ပတ်သက်လို့ လည်းပြောပေးပါဦး။

ဖြေ။ အဲဒီဇာတ်လမ်းတွဲလေးမှာ နေခြည်တို့အားလုံးကြိုးစားထားပါတယ်။ လူငယ်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ပရိသတ်တွေကြိုက်ကြမယ့်ဇာတ်ကား လေးလည်းဖြစ်မှာပါ။ ဇာတ်လမ်းတွဲကရိုက်နေတုန်းက မုဒ်ကိုတစ်ချိန်လုံး ထည့်ထားပြီး သရုပ်ဆောင်ခဲ့တာပေါ့နော်။ ငိုရတဲ့ scene တွေဆိုလည်း အချိန်တွေအကြာကြီး ငိုရတယ်။ ရိုက်ပြီးသွားပေမယ့် မျက်ရည်ကျနေတာတွေလည်းရှိတယ်။ တချို့ scene တွေဆိုလည်း ရီဟာဇယ်လုပ်နေတယ်ထင်ပေမယ့် ရိုက်လိုက်တာမျိုးရှိတယ်။ အခုအဝင်းနဲ့ နမ်းတဲ့အခန်းက တကယ်နမ်းတာလားဆိုပြီး မေးကြတဲ့ပရိသတ်တွေကို ပြောချင်တာက စောင့်ကြည့်ပါဦးလို့ ပြောချင်ပါတယ်။                                           

 

 

Most Read

Most Recent