မန္တလေးတိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာနှင့်ပတ်သက်၍ မန္တလေးမြို့တော်ဝန်က ဖေဖော်ဝါရီ ၁၈ ရက်တွင် လွှတ်တော်၌ ပြန်လည်ဖြေကြားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်မညီသော ကျပ် ၂၃ ဘီလျံကျော် မြေငှားဂရန်ထုတ်ပေးမှု အပါအဝင် မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ပြီးပြတ်အောင်ဆောင်ရွက်ခြင်း မရှိသေးသည့်လုပ်ငန်းများအပေါ် မြို့ခံများ စိတ်ဝင်စားမှုရှိနေ

မန္တလေးတိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာနှင့်ပတ်သက်၍ မန္တလေးမြို့တော်ဝန်က ဖေဖော်ဝါရီ ၁၈ ရက်တွင် လွှတ်တော်၌ ပြန်လည်ဖြေကြားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်မညီသော ကျပ် ၂၃ ဘီလျံကျော် မြေငှားဂရန်ထုတ်ပေးမှု အပါအဝင် မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ပြီးပြတ်အောင်ဆောင်ရွက်ခြင်း မရှိသေးသည့်လုပ်ငန်းများအပေါ် မြို့ခံများ စိတ်ဝင်စားမှုရှိနေ
Published 17 February 2020
မင်းသန့်

မန္တလေးတိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာနှင့်ပတ်သက်၍ သတင်းမှားများ ပျံ့နှံ့နေဟုဆိုကာ မန္တလေးမြို့တော်ဝန်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဖြေကြားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်မညီသော ကျပ် ၂၃ ဘီလျံကျော် မြေငှားဂရန်ထုတ်ပေးမှု အပါအဝင် မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ပြီးပြတ်အောင်ဆောင်ရွက်ခြင်း မရှိသေးသည့် လုပ်ငန်းများအပေါ် မြို့ခံများ စိတ်ဝင်စားမှုရှိနေကြောင်း သိိရသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ဘဏ္ဍာငွေအရ အသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို မန္တလေးတိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်အေးဆွေက ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပသော ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်ပြသွားခဲ့ခြင်းဖြစ်ပြီး ငွေ ကျပ်၂၃ ဘီလျံကျော် တန်သည့် မြေ ၉ ဒသမ ၆၅ ဧကကို ဆောက်လုပ်ရေးကုမ္ပဏီထံ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီက မြေငှားဂရန် ထုတ်ပေးထားခြင်းမှာ လုပ်ထုံးလုပ်နည်းနှင့်မညီကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် ယခင်စစ်ဆေးချက် အစီရင်ခံစာအပေါ် ပြီးပြတ်အောင်ဆောင်ရွက်နိုင်မှု မရှိသေးသည့် လုပ်ငန်းငါးခုရှိကြောင်းလည်း ထောက်ပြထားကြောင်း တွေ့ရှိရသည်။

တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာတွင် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပြီးပြတ်အောင် ဆောင်ရွက်နိုင်မှုမရှိသေးသော လုပ်ငန်းများမှာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ပယ်ဖျက်ခဲ့သည့် ဧရိယာ ၂၃ ဒသမ ၇၁၅၇ ဧရိယာရှိ မြေကွက် ၂၂ ကွက်နှင့် မြို့တော်စည်ပင်မြေယာ စီမံခန့်ခွဲမှုကော်မတီက ချထားပေးခဲ့သော ဧရိယာ ၄၇ ဒသမ ၄၇၁၉ ဧကရှိ မြေကွက် ၁၁၂ ကွက်ကို မြေနေရာချထားခြင်းမှ ပယ်ဖျက်ခဲ့ခြင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ မြေဖိုးပေးသွင်းငွေများ ပြန်အမ်းရန် လိုအပ်ခြင်း၊ E-Government  အခြေခံလုပ်ငန်းများအတွက် Software များဝယ်ယူပြီး System တည်ဆောက်ခြင်းလုပ်ငန်းများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ လုပ်ငန်းလေးခု ကျပ်သန်း ၁၀၇ ဒသမ ၇၅၀၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် လုပ်ငန်းလေးခု ကျပ်သန်း ၄၂ ဒသမ ၀၁၈ နှင့် ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) လုပ်ငန်းနှစ်ခု ကျပ်သန်း ၅၅ ဒသမ ၀၀၀ စုစုပေါင်း လုပ်ငန်း ၁၀ ခုအတွက် ကျပ်သန်း ၂၀၄ ဒသမ ၇၆၈ သန်း သုံးစွဲထားပြီး ယင်းလုပ်ငန်းများသည် နှစ်နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း လုပ်ငန်းပြီးစီးမှုမရှိသေးခြင်းကြောင့် ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှုမရှိကြောင်း စသည်ဖြင့် ပါဝင်ကြောင်း တွေ့ရှိရသည်။

ထို့ပြင် စည်ပင်သာယာရေးမှ အကျိုးတူလုပ်ငန်းအဖြစ် အဆောက်အအုံနှင့် ကုန်ရုံဌာနသည် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်း တည်ဆောက်ရေးသဘောတူ စာချုပ်အား ၂၀၁၆ ခုနှစ် မတ် ၂၂ ရက်တွင် ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များအပေါ် ဆောင်ရွက်မှုမရှိသေးမီ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ကုမ္ပဏီဥက္ကဋ္ဌ အပါအဝင် လူလေးဦး၏အမည်ဖြင့် မြေ ၉ ဒသမ ၆၅ ဧက (ကာလတန်ဖိုး ကျပ် ၂၃ ဒသမ ၁၆၀ ဘီလျံ) ကို မြေငှားဂရန် ထုတ်ပေးထားခြင်းမှာ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိခြင်းကြောင့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု၏ ပြီးစီးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်အား ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း ဖော်ပြပါရှိခဲ့သည်။

ယင်းသို့ စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ပါဝင်သည့် မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ဘဏ္ဍာရေးစည်းမျဉ်း မကျမှု၊ လုပ်ထုံးလုပ်နည်းမကျမှု၊ အလွဲသုံးမှုများ ဖြစ်ပေါ်ခြင်း၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်းများကြောင့် ငွေကြေးသုံးစွဲမှု အဟောသိကံဖြစ်နေခြင်းများအပေါ် တာဝန်ယူမှုတာဝန်ခံမှုများဖြင့် ကြီးကြပ်ဆောင်ရွက်မှုပြုလုပ်ရန်  စစ်ဆေးတွေ့ရှိ သုံးသပ်ချက်များအပေါ် မန္တလေးစည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “မန္တလေးတိုင်းလွှတ်တော်မှာ တင်ပြသွားတဲ့ စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြန်လည်ဖြေရှင်းမှာပါ။ မြို့တော်သူ မြို့တော်သားတွေအနေနဲ့ အရပ်သားအစိုးရနဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီအပေါ်မှာ အထင်မမှားအောင် စာရင်းစစ်ချုပ်ရဲ့ ထောက်ပြမှုတွေကို တစ်ချက်ချင်း တိတိကျကျ ပြတ်ပြတ်သားသား ပြန်လည်ဖြေကြားမှာပါ။ လွှတ်တော်ကိုလည်း Live ထုတ်လွှင့်ပေးဖို့ ပန်ကြားထားပါတယ်” ဟု ရေးသားခဲ့ခြင်းကြောင့် မြို့ခံများအနေဖြင့် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

 

 

Most Read

Most Recent