ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်ဖက်နှင့် တစ်ဖက် အခွင့်အရေးမယူဘဲ NCA စာချုပ်ပါ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အကောင်အထည်ဖော်ကြရန် အစိုးရကိုယ်စားလှယ် တိုက်တွန်း

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်ဖက်နှင့် တစ်ဖက် အခွင့်အရေးမယူဘဲ NCA စာချုပ်ပါ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အကောင်အထည်ဖော်ကြရန် အစိုးရကိုယ်စားလှယ် တိုက်တွန်း
ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NCA) ရုံးတွင် ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းနိုင်စိုး)
ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NCA) ရုံးတွင် ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းနိုင်စိုး)
Published 17 February 2020
 မင်းနိုင်စိုး

ရေရှည်တည်တံခိုင်မြဲဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်ဖက်နှင့် တစ်ဖက်အခွင့်အရေးမယူဘဲ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ကြရန် အစိုးရကိုယ်စားလှယ်ဖြစ်သူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင် ဖေဖော်ဝါရီ ၁၆ ရက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ရေးတို့အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး အဖွင့်အမှာစကားပြောကြားရာတွင် NRPC ဒုတိယ ဥက္ကဋ္ဌပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ထိုသို့ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေဟာ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ထူထောင်ထားနိုင်ခဲ့ကြပြီးပဲ ဖြစ်ပါတယ်။ ဘယ်လိုဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမလဲဆိုတဲ့ ဒီကတိကဝတ်တွေကို NCA စာချုပ်မှာချုပ်ဆိုထားပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်ရေးရဖို့အတွက် တစ်ဖက်နဲ့တစ်ဖက် အခွင့်အရေးမယူဘဲ NCA စာချုပ်ပါ ဆောင်ရွက်ရမယ့်လုပ်ငန်း ဆောင်တာတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

NCA စာချုပ်တွင်နိုင်ငံရေးဆိုင်ရာ အချက် ၃၅ ချက်၊ စစ်ဘက်ဆိုင်ရာ အချက် ၅၅ ချက်နှင့် လူမှုစီးပွားဘဝဆိုင်ရာ အချက် ၂၉ ချက်ပါဝင်ပြီး စစ်ဘက်ဆိုင်ရာအချက်များတွင် အဓိကအားဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် မည်သို့ဆောင်ရွက်ကြမည်ကို ကတိကဝတ်ပြု သဘောတူထားခြင်းဖြစ်သည်ဟု ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားသည်။

“ကျွန်တော်တို့တွေ NCA စာချုပ်မှာ ကတိကဝတ်ပြုသဘော တူညီကြပြီးဖြစ်တဲ့အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေးတွေကျင်းပကာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေသလိုပဲတစ်ဖက်မှာလည်း နှစ်ဖက်လေးစားလိုက်နာရမယ့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် Military Code of Conduct (CoC) ပါ အချက်အလက်တွေကိုလည်း လိုက်နာဆောင်ရွက်ကြဖို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် အကောင်အထည်ဖော်ကြဖို့ နှစ်ဖက်တပ်တွေအကြား ယုံကြည်မှုနဲ့ တည်ငြိမ်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးတည်ဆောက်သွားကြဖို့ လိုအပ်တာကိုလည်း အလေးအနက် ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားသည်။

သို့သော်လည်း သဘောတူညီထားရုံဖြင့် မပြီးဘဲလက်တွေ့ မည်သို့အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုသည်ကို ညှိနှိုင်း၍ ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

NCA စာချုပ် အခန်း (၃) ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ အကောင်အထည်ဖော်ရာတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ခိုင်မာသည့် ယန္တရားတစ်ခု တည်ဆောက်ပြီး အဆိုပါယန္တရားမှ ထွက်ရှိလာသော သဘောတူညီချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ရမည်ဟုလည်း ယခုအစည်းအဝေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖွဲ့စည်းပေးထားသည့် အပစ်အခတ်ရပ်စဲရေး ခိုင်မာရေး ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ပဒိုစောဆဲလ်ဂေက ပြောကြားသည်။

ထိုသို့ သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် NCA အခန်း (၄) ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးကို ထိရောက်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ NCA စာချုပ် အခန်း (၃)၊ (၄) ပါ အကြောင်းအရာများ ဆောင်ရွက်နေစဉ်အတွင်း အဖွဲ့အစည်းအသီးသီးအကြား ပြုလုပ်ခဲ့ကြသည့်ပဏာမ သဘောတူညီချက်များနှင့် NCA စာချုပ်၏ နောက်ဆက်တွဲ ဆုံးဖြတ်ချက်များကိုလည်း ထည့်သွင်းဆွေးနွေးရမည်ဟု ပဒိုစောဆဲလ်ဂေက ပြောကြားခဲ့သည်။                                             

 

Most Read

Most Recent