ရခိုင်ပြည်နယ်တွင် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုများမှ ရှောင်ရှားနိုင်ရေး နှစ်ဖက်စလုံးက ပစ်ခတ်တိုက်ခိုက်မှု အမြန်ဆုံးရပ်စဲပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော် တောင်းဆို

ရခိုင်ပြည်နယ်တွင် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုများမှ ရှောင်ရှားနိုင်ရေး နှစ်ဖက်စလုံးက ပစ်ခတ်တိုက်ခိုက်မှု အမြန်ဆုံးရပ်စဲပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော် တောင်းဆို
Published 15 February 2020
ဉာဏ်လင်းထွန်း

အပြစ်မဲ့ပြည်သူများ ထိခိုက်မှုများမှ ရှောင်ရှားနိုင်ရေးအတွက် နှစ်ဖက်စလုံးက ပစ်ခတ်တိုက်ခိုက်မှု အမြန်ဆုံးရပ်စဲပေးရန်နှင့် အရေးပါသော သတင်းများရယူနိုင်ရေးအတွက် တားမြစ်ထားသည့် အင်တာနက် ဖြတ်တောက်မှုကို ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၊ ရန်ကုန်စောင့်ကြည့်အဖွဲ့၊ မျိုးဆက်လှိုင်း၊ ပေါင်းကူး၊ Rumna Rights Defenders and Promoters ၊ ညီမျှခြင်းမြန်မာအဖွဲ့ အပါအဝင် အရပ်ဘက် အဖွဲ့အစည်း ၁၁၁ ဖွဲ့က ကြေညာချက်အား စုပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကလေးများနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက် နံနက်က ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာရှိ မူလတန်းလွန် ကျောင်းအတွင်းသို့ ကျရောက်သည့်လက်နက်ကြီး ကျည်ကြောင့် ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

စာသင်ကျောင်းပေါ် လက်နက်ကြီး ကျည်ထိမှန်မှုနှင့် စပ်လျဉ်း၍ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများက ငြင်းဆန်လျက်ရှိသော်လည်း အပြစ်မဲ့အရပ်သားများအပေါ် ကျူးလွန်ခြင်းဖြစ်သည့်အတွက် ကျူးလွန်သူများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၁၁ ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်မတိုင်မီ နာရီအနည်းငယ်တွင် တပ်မတော်နှင့် အဖွဲ့တို့ အုတ်တောင်ကျေးရွာနှင့် ခမွေချောင်းကျေးရွာကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းပေါ်သို့ ကျရောက်သည့် လက်နက်ကြီးကျည်နှင့် စပ်လျဉ်း၍ AA အဖွဲ့၏ ပစ်ခတ်မှုဟု တပ်မတော်က သတင်းထုတ်ပြန်သကဲ့သို့ AA အဖွဲ့ကလည်း တပ်မတော်ပစ်ခတ်မှု ဖြစ်နိုင်သည်ဆိုကာ အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

လက်နက်ကိုင်တိုက်ပွဲများအတွင်း စာသင်ကျောင်းများ၊ ဆေးရုံများ၊ ကမ္ဘာ့အမွေအနှစ် အဆောက်အအုံများနှင့် အပြစ်မဲ့ပြည်သူများအား ထိခိုက်စေခြင်း၊ ပစ်မှတ်ထားခြင်းများကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြင်းထန်စွာ တားမြစ်ထားသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါလုပ်ရပ်များမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်းလည်း နိုင်ငံတကာဥပဒေများတွင် ပြဋ္ဌာန်းထားကြောင်းနှင့် ကမ္ဘာပေါ်ရှိ မည်သည့်လူ့အသိုင်းအဝိုင်းကမှ လက်မခံနိုင်သည့် အပြုအမူဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့ အပြစ်မဲ့ပြည်သူများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများအတွက် မိသားစုဝင်များကို ပြန်လည်တောင်းပန်ရန်၊ ပြန်လည်ကုစားပေးရန်နှင့် တရားမျှတမှုများ ဆောင်ကြဉ်းပေးရန် တည်ဆဲအစိုးရနှင့် သက်ဆိုင်ရာလက်နက်ကိုင် တပ်ဖွဲ့အသီးသီးကို အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းသည်။

အနာဂတ်တွင် ယခုကဲ့သို့ ဖြစ်ရပ်ဆိုးများ ထပ်မံမဖြစ်ပွားစေရေးအတွက် လက်နက်ကိုင်အဖွဲ့အသီးသီးအနေဖြင့် ပြုပြင်ပြောင်းလဲရန်လိုအပ်ပြီး ကျူးလွန်သူများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူရန်လည်း အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က တောင်းဆိုသည်။

စာသင်ကျောင်းပေါ်သို့ လက်နက်ကြီး ကျည်ကျရောက်သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဒန်ချက်က တိုက်ပွဲများ ရပ်ဆိုင်းရန်နှင့် ပြည်သူကို အစွမ်းကုန် အကာအကွယ်ပေးရန် တိုက်တွန်းကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ပဋိပက္ခကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများအတွက် စိတ်မကောင်းကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ် ၁၀ မြို့နယ်တွင် စစ်ဘေးရှောင် တစ်သိန်းနီးပါးရှိနေကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ မူလတန်းကျောင်းအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၃ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာတွင် ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီတွင် အုပ်တောင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်တွင် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA အဖွဲ့သည် ခမီးချောင်းကျေးရွာ၏ တောင်ဘက်မီတာ ၁၂၀၀ ခန့်အကွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသော AA အဖွဲ့ကို တပ်မတော်စစ်ကြောင်းက လိုက်လံတိုက်ခိုက်ခဲ့ရာ AA အဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ AA အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခမီးချောင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင်ကျောင်းရှေ့တွင် ဆော့ကစားနေသည့့် ကျောင်းသား ၁၄ ဦးနှင့် ကျောင်းသူခြောက်ဦးတို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို နယ်မြေခံတပ်ရှိ တပ်တွင်းဆေးခန်း၌ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ငါးဦးကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

 

 

Most Read

Most Recent