ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများက ပြည်ထောင်စုကောင်းကျိုးကို ဦးထိပ်ထားကြိုးပမ်းမည်ဆိုပါက ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ရရှိနိုင်မည်ဖြစ်ကြောင်း RCSS အတွင်းရေးမှူး (၂) ပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများက ပြည်ထောင်စုကောင်းကျိုးကို ဦးထိပ်ထားကြိုးပမ်းမည်ဆိုပါက ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ရရှိနိုင်မည်ဖြစ်ကြောင်း RCSS အတွင်းရေးမှူး (၂) ပြောကြား
NCA-SEAO ၏ ဆဋ္ဌမအကြိမ်မြောက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းအစည်းအဝေး ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်နေစဉ်
NCA-SEAO ၏ ဆဋ္ဌမအကြိမ်မြောက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းအစည်းအဝေး ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်နေစဉ်
Published 15 February 2020
မင်းနိုင်စိုး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများက ပြည်ထောင်စုကောင်းကျိုးကို ဦးထိပ်ထား ကြိုးပမ်းမည်ဆိုပါက ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-SEAO) ၏ ဆဋ္ဌမအကြိမ်မြောက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး အဖွင့်နှုတ်ခွန်းဆက် အမှာစကားတွင် NCA- SEAO အစုအဖွဲ့၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဝန်းအဝိုင််းမှာ ပါဝင်ပတ်သက်ဆက်နွှယ်သူများ၊ အဖွဲ့အစည်းများအားလုံးက ပြည်ထောင်စုကောင်းကျိုးအတွက် ဦးထိပ်ထားပြီး လက်တွဲညီညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြမယ်ဆိုရင် မိမိတို့အားလုံးလိုလားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို မုချရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တွင်း အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များက ရန်ကုန်မြို့တွင် တွေ့ဆုံ၍ ရှစ်ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

NCA-SEAO အစုအဖွဲ့၏ ယခုအစည်းအဝေးတွင် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက် အစည်းအဝေးမှ နှစ်ဘက်ဆွေးနွေးတင်ပြချက်များ၊ အဆိုပြုချက်များအား ပြန်လည်သုံးသပ် ဆွေးနွေးကြမည်ဖြစ်ပြီး နှစ်ဖက်အဆိုပြုချက်များနှင့် ပတ်သက်၍ မည်သို့ ပေါင်းစပ်မည်၊ တူညီမှုများနှင့် မတူညီမှုများကို မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသွားရန် လိုအပ်သည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေး ကျင်းပမည်ဆိုပါက ကြားအဆင့်တွင် လုပ်ထုံးလုပ်နည်းအရ လိုအပ်သော အစည်းအဝေးများ မဖြစ်မနေ ကျင်းပရမည်ဖြစ်ရာ အဆိုပါအစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပတော့မယ်ဆိုရင် ကြားအဆင့်ဆင့်မှာ လုပ်ထုံးလုပ်နည်းအရ လိုအပ်တဲ့အစည်းအဝေးတွေကို မဖြစ်မနေကျင်းပရမှာဖြစ်လို့ UPDJC အစည်းအဝေး၊ UPDJC အတွင်းရေးမှူးအစည်းအဝေး၊ လုပ်ငန်းကော်မတီအစည်းအဝေး (WC) ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ND) တွေ၊ JMC အစည်းအဝေး၊ JICM အစည်းအဝေးတွေ ဆက်တိုက်ကျင်းပသွားရမှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးတွေအတွက် ပြင်ဆင်မှုတွေကိုလည်း ကြိုတင်ဆောင်ရွက် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း အချိန်ဇယားနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေနိုင်မည့် အစည်းအဝေးကျင်းပရေးဆိုင်ရာ အစီအစဉ်များကို ယခုအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လိုအပ်သော ပြင်ဆင်မှုများနှင့် ရန်ပုံငွေ ကြိုတင်ရှာဖွေခြင်းများ ဆောင်ရွက်ထားရန် ၎င်းက ပြောကြားသည်။

ထို့ပြင် မကြာမီကာလအတွင်း ကျင်းပမည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအစည်းအဝေးသို့ NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်တက်ရောက်နိုင်ရေးကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

Most Read

Most Recent