မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်သို့ တိုင်ကြားမှုများလာပြီး လုပ်ငန်းများ မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်သို့ တိုင်ကြားမှုများလာပြီး လုပ်ငန်းများ မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 12 February 2020

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်သို့ တိုင်ကြားမှုများလာပြီး လုပ်ငန်းများ မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ပြုလုပ်သော မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်ခဲ့ပြီး ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေနှင့် ယှဉ်ပြိုင်မှုကော်မရှင်အကြောင်းကို ပိုမိုသိရှိလာကြပြီး စုံစမ်းမေးမြန်းမှုများ၊ လာရောက်ဆွေးနွေးတင်ပြမှုများ၊ တိုင်ကြားမှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရှိရကြောင်း၊ ကော်မရှင်အနေဖြင့် ကဏ္ဍအလိုက် ထိန်းကျောင်း အကောင်အထည်ဖော်နေသည့် အစိုးရအဖွဲ့အစည်းများ (Sector Regulators) နှင့် ညှိနှိုင်းဆောင်ရွက်ရန် အလေးအနက်ထား စီမံရမည်ဖြစ်ကြောင်း၊ ကော်မရှင်၏ စီမံရေးရာကိစ္စရပ်များ၊ တိုင်ကြားမှုများအပေါ် ဖြေရှင်းပေးမှုများ၊ အသိပညာပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ဖို့လိုအပ်သကဲ့သို့ ကော်မရှင်၏လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်ပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးအတွက် အစီအမံများကိုလည်း ညှိနှိုင်းချမှတ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ သက်တမ်းမှာလည်း တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်း၊ ယင်းကာလအတွင်း ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် လေ့လာသင်ယူခဲ့ရမှုများ၊ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှ ရှေ့ဆက်ဆောင်ရွက်ရန် အစီအစဉ်များကို ပိုမိုသိရှိလာကြကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

အစည်းအဝေးတွင် ကော်မရှင်ရုံးက လက်ခံရရှိထားသော တိုင်ကြားမှုများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent