Parasite ဇာတ်ကား အော်စကာဆုများရရှိအပြီး မြောက်အမေရိက လက်မှတ်ဝင်ငွေစာရင်းတွင် အဆင့်မြင့်တက်

Parasite ဇာတ်ကား အော်စကာဆုများရရှိအပြီး မြောက်အမေရိက လက်မှတ်ဝင်ငွေစာရင်းတွင် အဆင့်မြင့်တက်
Photo: AFP
Photo: AFP
Published 12 February 2020

တောင်ကိုရီးယားဇာတ်ကား Parasite သည် အော်စကာဆုပေးပွဲတွင် အဓိကဆုများ ဆွတ်ခူးခဲ့ပြီးနောက် မြောက်အမေရိက လက်မှတ်ဝင်ငွေ ရရှိမှုစာရင်းတွင် အဆင့် ၄ အထိ မြင့်တက်ခဲ့ကြောင်း အချက်အလက်များ ထုတ်ပြန်သည့်အဖွဲ့က ဖော်ပြခဲ့သည်။

လတ်တလောအထိ Parasite ဇာတ်ကားသည် မြောက်အမေရိက၌ လက်မှတ်ဝင်ငွေ ဒေါ်လာ ၃၆ သန်း ရရှိထားသည်ဟု သိရပြီး ထိုဇာတ်ကားအား ဖြန့်ချိမည့် မြောက်အမေရိကရုပ်ရှင်ဖြန့်ချိသူ Neon က လတ်တလောတွင် ရုပ်ရှင်ရုံ ၁၀၆၀ ခန့်၌ ပြသနေရာမှ သီတင်းပတ်ကုန်တွင် ရုံ ၂၀၀၀ ခန့်အထိ တိုးချဲ့ပြသရန် စီစဉ်နေသောကြောင့် လက်မှတ်ဝင်ငွေသည် ဒေါ်လာသန်း ၅၀ အထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

လက်မှတ်ဝင်ငွေများအား လေ့လာပြုစုသော Box Office Mojo ၏ဖော်ပြမှုအရ Parasite ဇာတ်ကားသည် လက်မှတ်ဝင်ငွေ ရရှိမှုတွင် ဖေဖော်ဝါရီ ၉ ၌ အဆင့် ၁၂ တွင်သာ ရှိခဲ့ရာမှ အမေရိကန်စံတော်ချိန် ဖေဖော်ဝါရီ ၁၀ မှစ၍ ဝင်ငွေရရှိမှုတွင် စတုတ္ထမြောက် အကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၉ တွင် လော့စ်အိန်ဂျလိစ်၌ ကျင်းပခဲ့သော (၉၂) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် Parasite ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုတို့အား ဆွတ်ခူးခဲ့ပြီးနောက် ထိုအချက်အလက်များ ထွက်လာခဲ့သည်။

တောင်ကိုရီးယားတွင် လူတန်းစားကွာဟမှုအကြောင်း သရော်ရိုက်ကူးထားသည့် Parasite ဇာတ်ကားသည် သက်တမ်း ၉၂ နှစ်ရှိ အော်စကာဆုပေးပွဲသမိုင်းတွင် အကောင်းဆုံးဇာတ်ကားဆုနှင့် အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆုနှစ်ခုစလုံး ရရှိခဲ့သော ပထမဆုံးဇာတ်ကားလည်း ဖြစ်လာခဲ့သည်။

ဖေဖော်ဝါရီ ၁၀ တစ်ရက်တည်းတွင်ပင် Parasite ဇာတ်ကားသည် မြောက်အမေရိက၌ လက်မှတ်ဝင်ငွေ ဒေါ်လာ ၅၀၁၂၂၂ အထိ ရရှိခဲ့ရာ ဖေဖော်ဝါရီ ၉ တွင် ရရှိထားသော ဝင်ငွေထက် ၁၅.၆ ရာခိုင်နှုန်းနှင့် ယင်းမတိုင်မီ တစ်ပတ်အလိုက ရရှိခဲ့သော လက်မှတ်ဝင်ငွေထက် ၂၁၃.၃ ရာခိုင်နှုန်း ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်ဟု Mojo က ထုတ်ပြန်ခဲ့သည်။

မြောက်အမေရိကတွင် ပြီးခဲ့သောနှစ် အောက်တိုဘာ၌ ဖြန့်ချိခဲ့သည့် Parasite ဇာတ်ကားသည် ၂၀၁၉ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် ရွှေအုန်းပင်ဆုရရှိခဲ့ပြီး မြောက်အမေရိက၌ လူကြည့်အများဆုံး ဇာတ်ကား ၁၀ ကားစာရင်းတွင်မူ မပါဝင်ခဲ့ပေ။ သို့သော် ထိုဇာတ်ကားသည် အော်စကာဆု ရရှိနိုင်ခြေရှိမှုနှင့်အတူ အောင်မြင်မှုများ အစပျိုးနိုင်ခဲ့သည်။

 

Most Read

Most Recent