ဟိုချီမင်းစီးတီးနှင့်ပွဲတွင် အမှတ်ပြည့်ရယူနိုင်ရန် ကြိုးစားသွားမည်ဟု ဦးတင်မောင်ထွန်း ပြောကြား

ဟိုချီမင်းစီးတီးနှင့်ပွဲတွင် အမှတ်ပြည့်ရယူနိုင်ရန် ကြိုးစားသွားမည်ဟု ဦးတင်မောင်ထွန်း ပြောကြား
Photos : Yangon United
Photos : Yangon United
Published 11 February 2020

 

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်ပွားခဲ့သော ကိုရိုနာဗိုင်း ရပ်စ်ပိုးကြောင့် ပွဲစဉ်ပြောင်းလဲကျင်းပမည့် ရန်ကုန်ယူနိုက်တက် နှင့် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်းတို့၏ AFP Cup အုပ်စုအဖွင့်ပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ (၁၀)ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပခဲ့ရာ အိမ်ကွင်းတွင် ဗီယက်နမ်ကလပ်အား အနိုင်ယူကာ အမှတ်ပြည့်ရယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်ကို မူလက ဗီယက်နမ်ကလပ် ဟိုချီမင်းအသင်း၏အိမ်ကွင်းတွင်ကစားရမည်ဖြစ်သော်လည်း တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော ဝူဟန်ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် အခြေအနေကြောင့် ရန်ကုန်ယူနိုက်တက်အသင်း၏အိမ်ကွင်း၌ကစားရန် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ 

'' ဒီအဆင့်ကိုရောက်လာပြီဆိုကတည်းက အသင်းအားလုံးက အကောင်းဆုံးပုံစံရှိကြပါတယ်။ သေချာတာကတော့ မနက်ဖြန်ကစားမယ့်ပွဲမှာ ကျွန်တော်တို့အသင်း ခက်ခက်ခဲခဲ ကစားရပါလိမ့်မယ်။ ပြည်တွင်းပွဲကလည်း ကစားရတာ ရက်ကပ်နေတဲ့အတွက် ပွဲပန်းမှုဒဏ်ကိုတော့ ခံစားရမှာပါပဲ။ ဘာပဲဖြစ်ဖြစ် အဖွင့်ပွဲစဉ်လည်းဖြစ်သလို၊ အိမ်ကွင်းမှာကစားရမယ့် ပွဲစဉ်လည်းဖြစ်တာကြောင့် ရလဒ်ကောင်းဖို့ ကြိုးစားသွားမှာပါ''ဟု ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။ 

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟိုချီမင်းစီးတီးအသင်းတို့သည် ၂၀၂၀ AFC Cup အုပ်စု (F) တွင် ကျရောက်လျက်ရှိပြီး ရန်ကုန်အသင်းအနေဖြင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်နိုင်ရေးအတွက် အဓိကကျော်ဖြတ်ရမည့်ပြိုင်ဘက်မှာ ဟိုချီ မင်းစီးတီးအသင်းဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ရန်ကုန်ယူ နိုက်တက်အသင်းသည် ၂၀၂၀ ဘောလုံးရာသီတွင် သုဝဏ္ဏကွင်း ၌ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားရမည့်ပွဲစဉ်လည်းဖြစ်သည်။ 

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟိုချီမင်းစီးတီးအသင်းတို့၏ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၁)ရက်နေ့ ညနေ (၃း၃၀)နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ 

 

 

Most Read

Most Recent