ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးသည် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရန်မလိုဟု ALP သဝဏ်လွှာ၌ ဖော်ပြခဲ့

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးသည် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရန်မလိုဟု ALP သဝဏ်လွှာ၌ ဖော်ပြခဲ့
Published 9 February 2020

ဦးသိန်းစိန် အစိုးရလက်ထက်တွင် စတင်ခဲ့သော ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးသည် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရန်မလိုဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖေဝါရီ ၇ ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့က ထိုင်း- မြန်မာနယ်စပ်ရှိ လွယ်တိုင်းလျဲန်းဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ပေးပို့ခဲ့သည့် ALP ၏ သဝဏ်လွှာတွင် ထိုသို့ထည့်သွင်းရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်။

“ သမ္မတဦးသိန်းစိန်လက်ထက်မှ စတင်ခဲ့သည့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးသည် လက်နက်ကိုင်လမ်းစဉ်ကိုလည်း စွန့်ရန်မလို၊ မိမိတို့လက်နက်ကို မိမိတို့လက်ထဲတွင် ကိုင်ထားပြီး ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အတူ တည်ဆောက်သွားရန်အတွက် NCA စာချုပ်ကို ကျွန်တော်တို့ EAO များအနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပါကြောင်း” ဟု ALP ၏ သဝဏ်လွှာတွင် ပါရှိသည်။

NCA စာချုပ်တွင် ပြဋ္ဌာန်းထားသော အချက်အလက် အကြောင်းအရာ၊ ပုဒ်မတချို့သည် အချင်းချင်း အဓိပ္ပာယ်ဖွင့်ဆိုချက် နားလည်မှု ကွဲလွဲနိုင်ပြီး ထိုသို့ကွဲလွဲနေသည့်အပေါ်တွင် စိန်ခေါ်မှုများလည်း ရှိနိုင်ကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည့်အပေါ် နီးစပ်သော နားလည်မှု ရရှိနိုင်သည်ကို တွေ့မြင်ရကြောင်း ALP ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် လက်ရှိကာလတွင် RCSS သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ဦးဆောင်မှု နေရာသို့ ရောက်ရှိနေသဖြင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိကဝတ်ကို အခြေခံပြီး ပင်လုံစာချုပ် ချုပ်ဆိုခဲ့သကဲ့သို့ သဘောသက်ရောက်သော လုပ်ဆောင်မှုမျိုး လုပ်ဆောင်နိုင်ပါစေကြောင်းလည်း ALP က ဆန္ဒပြုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင်တောင်းဆိုမှု၊ တိုက်ပွဲဆင်နွှဲ တောင်းဆိုမှုများကို စွန့်လွှတ်၍ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေသော ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းများဖြင့်သာ ငြိမ်းချမ်းရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ  ၇ ရက်တွင် ပြောကြားထားသည်။

ထို့ပြင် လက်နက်ကိုင်၍ တောင်းဆိုခြင်းသည် ဒီမိုကရေစီနှင့် မကိုက်ညီဘဲ တိုင်းရင်းသားများ လိုလားနေကြသည့် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီကို အပြည့်အဝရရှိမည် မဟုတ်သကဲ့သို့ လက်နက်ကိုင်၍ တောင်းဆိုမှုများ ပြုလုပ်ခြင်းကို ကမ္ဘာကလည်း လက်သင့်ခံမည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က RCSS သို့ ပေးပို့ခဲ့သည့် ၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

 

Most Read

Most Recent